ကြင်ရာရှာပေးတဲ့တရုတ်မိခင်တွေနောက်ကွယ်ကမဟာမိတ် ဘယ်သူလဲ

    • ရေးသားသူ, ဖန်းဝမ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ စင်ကာပူ

ချန်း တစ်ယောက် ကြင်ရာဖက်တွေနဲ့တွေ့ပြီး စကားပြောကြည့်တာ အကြိမ် ၂၀ ကျော်ရှိသွားပါပြီ။ အဲဒီလို လူချင်းတွေ့စကားပြောဖို့ ချိန်းပေးတာတွေကိုတော့ သူ့မိခင်က စီစဥ်ခဲ့တာဖြစ်ပါတယ်။

ဒီလိုချိန်းဆိုစကားပြောခဲ့ရသူတွေထဲမှာ တချို့နဲ့ဆိုရင် အတော်လေး အဆင်မပြေဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ ကလေးမလိုချင်ဘူးဆိုတဲ့သူ့ဆန္ဒကို သူနဲ့တွေ့ဆုံစကားပြောခဲ့ကြသူတွေက လက်မခံကြတဲ့ပုံပေါ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

‘‘ကလေးယူတယ်ဆိုတာ သိပ်ကို ပင်ပန်းလှတယ်။ ဒါကြောင့် မယူချင်တာ’’လို့ အသက် ၂၀ ကျော်အရွယ်ရောက်နေတဲ့ ချန်က ပြောပါတယ်။

‘‘ဒါပေမဲ့ ကလေးမယူချင်တဲ့အမျိုးသားတစ်ယောက်ကို ရှာတွေ့ဖို့ဆိုတာတော့ဖြစ်နိုင်သေးပါတယ်။ ယောက်ျားတစ်ယောက်ကို ကလေးမယူဘူးလို့ပြောလိုက်ပြန်တော့လည်း ... သူ့စိတ်ကို သတ်သလိုဖြစ်သွားပြန်တာပေါ့’’ လို့ နောက်ဆုံးနာမည်ကိုပဲ ဖော်ပြလိုတဲ့ချန်းက ပြောပါတယ်။

ချိန်းဆိုစကားပြောဆိုကြည့်တာတွေ တစ်သီကြီးလုပ်ခဲ့ပေမဲ့ အိမ်ထောင်ပြုဖို့ ဖိအားကတော့ လျော့မသွားခဲ့ပါဘူး။ ဘယ်လောက်ဖိအားတွေရှိနေပြီလဲဆိုရင် သူ့ခန္ဓာကိုယ်ကြီး ‘‘ပေါက်ထွက်’’တော့ မတတ်ဖြစ်လာတယ်လို့ သူမက ပြောပါတယ်။

သူ့ကို အိမ်ထောင်ပြု၊ ကလးတွေယူစေချင်တာ ချန်းရဲ့ မိဘတွေချည်းပဲတော့မဟုတ်ပါဘူး။ အိမ်ထောင်ပြုနှုန်းနဲ့ ကလေးယူနှုန်း ထိုးကျနေတာကြောင့် ဒီအခြေအနေ ဆက်မရှိအောင် သန်းနဲ့ချီတဲ့လူငယ် အမျိုးသမီးတွေကိုရော၊ အမျိုးသားတွေကိုပါ အိမ်ထောင်ပြု၊ ကလေးယူကြဖို့ တရုတ်ကွန်မြူနစ်ပါတီက အားပေးနေပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကဆိုရင် တရုတ်ပြည်ရဲ့လူဦးရေဟာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီး ကလေးဖြစ်ထွန်းနှုန်းဟာလည်း စံချိန်တင်ကျဆင်းခဲ့ပါတယ်။ လက်ထပ်မှတ်ပုံတင်ကြတဲ့အရေအတွက်ကလည်း ၁၉၈၆ ခုနှစ်ကတည်းကဆိုရင် ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီး မှတ်ပုံတင်ကြသူအရေအတွက် ၆.၈၃ သန်း နီးပါးပဲ ရှိခဲ့ပါတယ်။

စီးပွားရေးတိုးတက်မှုနှေးကွေးလာတာနဲ့ အလုပ်လက်မဲ့နှုန်းမြင့်တက်လာတာတွေကြောင့် တရုတ်လူငယ်တွေဟာ မိဘက စတင်ကြောင်းလမ်းပေးတဲ့ ကြင်ရာရွေးချယ်ရေး လမ်းဟောင်းကြီးကနေ ခွဲထွက်လို့ ခပ်လှမ်းလှမ်းလျှောက်လှမ်းလာနေကြပါတယ်။ ရလဒ်ကတော့ ကွန်မြူနစ်ပါတီအတွက် ခေါင်းခဲစရာဖြစ်လာပြီး နိုင်ငံ့ခေါင်းဆောင် ရှီကျင့်ဖျင်တိုက်တွန်းထားတဲ့ ‘‘နိုင်ငံတော်အားသစ်လောင်းမှု’’ ကနေလည်း အလှမ်းဝေးလာနေပါတယ်။

‘‘နာကျင်ရတာတွေကို သူတို့မသိနိုင်ဘူးလေ’’

ဒီစိုးရိမ်စရာအခြေအနေဟာ သမ္မတ ရှီကျင့်ဖျင်တစ်ယောက် မိန့်ခွန်းထဲ ထည့်ပြောရတဲ့အထိဖြစ်လာပါတယ်။ မကြာသေးခင်တုန်းပြောတဲ့ သူ့မိန့်ခွန်းထဲမှာ ‘‘လက်ထပ်ထိမ်းမြားတာနဲ့ ရင်သွေးရယူတဲ့ယဥ်ကျေးမှုအသစ်ကို မွေးမြူဖို့ လိုအပ်တယ်’’ လို့သူကပြောပါတယ်။

ဒါ့အပြင်လက်ထပ်ထိမ်းမြား၊ ကလေးယူပြီး မိသားစုထူထောင်တာနဲ့ပတ်သက်ပြီး လူငယ်တွေရဲအမြင်ကို ပုံဖော်ဖို့ ‘‘လမ်းညွှန်ပေးမှုခိုင်မာအောင်’’ လုပ်ဖို့ကိုလည်း သူကပြောပါတယ်။

ဒါတွေကို တရုတ်အရာရှိတွေ မကြိုးပမ်းနေတာတော့ မဟုတ်ပြန်ပါဘူး။

နိုင်ငံတဝန်းမှာ ဗျူရိုကရက်တွေက လူငယ်တွေလက်ထပ်လာဖို့၊ မောင်နှံတွေမြဲဖို့နဲ့ ကလေးယူကြဖို့ မက်လုံးပေးပြီး အားထုတ်နေပါတယ်။

အခုနှစ်အစောပိုင်းတုန်းကဆိုရင် တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းပြည်နယ်ထဲက မြို့ငယ်လေးတစ်မြို့မှာ မင်္ဂလာမောင်နှံတွေမှာ သတို့သမီးဟာ အသက် ၂၅ နှစ် ဒါမှမဟုတ် ၂၅ နှစ်အောက်ဆိုရင် ‘‘ဆုတော်ငွေ’’ တရုတ်ယွမ် ၁,၀၀၀ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဒေသန္တရအစိုးရရဲ့ အခုကြေညာချက်နဲ့ပတ်သက်ပြီး ဘဝနဲ့ချီတဲ့ဆုံးဖြတ်ချက်အပေါ်မှာ ဒီလိုနည်းပါးတဲ့ငွေကြေးကို ထည့်တွက်ကြပါ့မလားဆိုတဲ့ မေးခွန်းတွေနဲ့ ဒေသခံတွေက စိတ်ဆိုးဒေါသဖြစ်ခဲ့ကြပါတယ်။

တရုတ်နိုင်ငံရဲ့တခြားနေရာမှာတော့ မောင်နှံတွေအနေနဲ့ ရက်ပေါင်း ၃၀ ကြာ ‘‘ခေါင်းအေးအေးထား’’ပြီးမှ လမ်းခွဲတာ ဒါမှမဟုတ် ကွာရှင်းကြတာလုပ်ဖို့ အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

ဒီလို ရက် ၃၀ ကာလအပိုင်းအခြားသတ်မှတ်ပေးလိုက်တာဟာ လူတစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ရွေးချယ်မှုတွေကို ဘယ်လောက်အထိသက်ရောက်နိုင်မလဲ၊ အိမ်တွင်းအကြမ်းဖက်မှုရင်ဆိုင်နေရတဲ့အမျိုးသမီးတွေအပေါ် ဘယ်လောက် ထိခိုက်မလဲဆိုတဲ့စိုးရိမ်ချက်တွေရှိလာစေပြန်ပါတယ်။

ကျေးလက်ဒေသမှာတော့ တစ်ကိုယ်တည်း လူပျိုကြီးတွေဟာ သတို့သမီးကိုရှာဖို့ ခက်ခဲလာတာကြောင့် အမျိုးသမီးတွေအနေနဲ့ မင်္ဂလာစျေးနှုန်းကို မြင့်မြင့်မားမားတောင်းဆိုတာတွေမလုပ်ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်တဲ့အထိဖြစ်နေပါတယ်။

တခြား ‘‘မက်လုံးတွေ’’လိုပဲ ဒါကလည်း အလုပ်မဖြစ်ဘူးလို့ စီးပွားရေးပညာရှင် လီ ကျင်းခွေးက ပြောပါတယ်။

အမျိုးသားတွေဟာ မင်္ဂလာကြေး မပေးရတာတောင် သတို့သမီးကိုတောင်းရမ်းနိုင်ဖို့ တခြားရုပ်ဝတ္ထုပိုင်းကို သူ့ထက်ငါ ယှဥ်ကြရပြန်ပါတယ်။ ‘‘အိမ်တွေ၊ ကားတွေ ဒါမှမဟုတ် အမြင်ပိုကောင်းတာတွေလို တခြားကိစ္စတွေမှာ ယှဥ်ကြရပြန်တယ်လေ’’

တရုတ်ခေါင်းဆောင်ပိုင်းမှာ အမျိုးသားတွေချည်းပဲ များနေတာကလည်း လူငယ်တွေ အထူးသဖြင့် အမျိုးသမီးတွေ အိမ်ထောင်မပြု ကလေးမမွေးကြတဲ့ရွေးချယ်မှုတွေကို ဘာကြောင့်လုပ်လာကြလဲဆိုတာကို နားလည်နိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

တရုတ်နိုင်ငံမှာ ဆုံးဖြတ်ပိုင်ခွင့်အရှိဆုံးအဖွဲ့ဖြစ်တဲ့ ကွန်မြူနစ်ပါတီအဖွဲ့ဝင် ၇ ဦးပါ ပေါ်လစ်ဗျုရို အမြဲတမ်းကော်မတီဆိုရင် အမျိုးသားတွေနဲ့ချည်း ဖွဲ့စည်းခဲ့တာ ဆယ်စုနှစ်တွေနဲ့ချီနေပြီဖြစ်ပါတယ်။

အဲဒီကော်မတီအောက်က ခုံ ၂၀ နဲ့ ဖွဲ့စည်းထားတဲ့ ခေါင်းဆောင်ပိုင်းဆိုရင်လည်း အမျိုးသားတွေနဲ့ချည်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၂၀ အတွင်း ပြီးခဲ့တဲ့အောက်တိုဘာလကမှ အမျိုးသမီးအဖွဲ့ဝင်တစ်ဦး ရှားရှားပါးပါး ပါဝင်လာပါတယ်။ အခုတော့ အမျိုးသားတွေချည်းပြန်ဖြစ်သွားပါပြီ။

အဲဒီပေါ်လစ်ဗျူရိုဝင်အမျိုးသားတွေနဲ့ သူတို့အောက်က အမျိုးသားတွေဟာ လက်လှမ်းမီဖို့ ခက်ခဲတဲ့သူတွေ၊ ခေါင်းတစ်လုံးပိုနေသူ တွေလို့တောင် ထင်မြင်ခံနေရပြီး အွန်လိုင်းမှာလည်း လှောင်ပြောင်သရော်ခံရတာမျိုးရှိပါတယ်။

‘‘အစိုးရအဖွဲ့ထဲမှာရှိတဲ့အရာရှိတွေအားလုံးဟာ ဇနီးသည်ကိုယ်စီနဲ့လေ’’ လို့ မစ္စတာ လီက ပြောပါတယ်။ ‘’နာကျင်ရတဲ့အခြေအနေကို သူတို့မသိကြဘူး’’

‘‘တကယ်ဆို အချစ်ပဲလိုတယ်’’ မဟုတ်တော့ပေ

တရုတ်က အပျို၊ လူပျိုဦးရေဟာ စုလျားရစ်ပတ်ဖို့ခက်တဲ့ မြို့ပြကအမျိုးသမီးတွေနဲ့ ကျေးလက်က အမျိုးသားတွေဆိုပြီး အုပ်စုနှစ်စုခွဲရမယ့်အခြေအနေလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

ကျေးလက်အမျိုးသားတွေဟာ သတို့သမီးလောင်း မင်္ဂလာကြေးမြင့်တာနဲ့ မိသားစုကို ထောက်ပံ့ပေးနိုင်တဲ့ ခိုင်မာတဲ့အလုပ်အကိုင်ရှိရမှာမျိုးလို အနာဂတ်ဘဝ ကုံလုံမှုဆိုင်ရာမျှော်မှန်းချက်လှိုင်းလုံးတွေကြားမှာ ကူးခတ်နေရသူတွေပါ။

အပြန်အလှန်အနေနဲ့ ဒီအခြေအနေဟာ မြို့ပြက အမျိုးသမီးတွေအတွက်တော့ တုံးခုလှမ်းရတဲ့ပန်းအဖြစ် သူတို့ကိုယ်သူတို့ ထင်မြင်လာကြစေတဲ့အင်အားဖြစ်လာပါတယ်။

‘‘တရုတ်နှစ်သစ်ကူးအတွက် အိမ်ပြန်တဲ့အခါမှာ တရုတ်ရဲ့ကျေးလက်အမျိုးသမီးလက်ထပ်စျေးကွက်ထဲရောက်နေတဲ့ အမျိုးသမီးတစ်ဦးဖြစ်လာတယ်ဆိုတဲ့ သိပ်ကောင်းတဲ့ခံစားချက်မျိုး ခံစားလာရတယ်’’ လို့ ရှန်ဟိုင်းမှာ နေထိုင် အလုပ်လုပ်နေတဲ့အသက် ၂၈ နှစ် ကတ်သီတိုင်ယန်က ပြောပါတယ်။

အမျိုးသမီးတွေ အသက် ၂၂ နှစ်အရွယ်ရောက်တာနဲ့ လက်ထပ်လေ့ရှိတဲ့ နိုင်ငံမြောက်ပိုင်းက ဟန်ဟွေးပြည်နယ်မှာ ‘‘နည်းနည်းအသက်ကြီးနေပြီ’’ လို့ တွေးကြမှာကိုတော့ စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။ ဒါဟာ အမှန်တရားရဲ့ဆန့်ကျင်ဘက်ဆိုတာကို သူသိခဲ့ပါတယ်။

‘‘ကျွန်မဘက်က ဘာမှပေးဖို့မလိုပေမဲ့ ကိုယ်လက်ထပ်မယ့်အမျိုးသားကတော့ အိမ်တစ်လုံး၊ ကားတစ်စီးနဲ့ စေ့စပ်အခမ်းအနားအပြင် မင်္ဂလာကြေးလည်းပေးဖို့လိုမယ်။ လက်ထပ်စျေးကွက်မှာ ကျွန်မက ထိပ်ရောက်နေသူလို့ ခံစားမိတယ်’’

တဖက်မှာလည်း မြို့ပြအမျိုးသမီးတစ်ဦးကတော့ လက်ထပ်ထိမ်းမြားမှုအပေါ် သူတို့မြင်တဲ့အမြင်နဲ့ လူမှုအသိုင်းအဝိုင်းကမြင်တဲ့အမြင်ကြားက ကွာဟချက်များနေတာကပဲ သူ့ စိတ်ဒုက္ခဖြစ်ရတဲ့အကြောင်း ပြောပါတယ်။

‘‘ကိုယ့်ကိုယ်တွင်းကလာတဲ့သောကမဟုတ်ဘူး’’ လို့ ချန်းက ပြောပြီး ‘‘အပြင်ကလာတဲ့စိတ်သောက’’ လို့ သူက ပြောပါတယ်။

ဘဝဆိုတာစိန်ခေါ်မှု ၊ အချစ်ဆိုတာ ဇိမ်ခံပစ္စည်းရယ်လို့ မှတ်ယူခဲ့ကြတဲ့ သူ့မိဘတွေ လက်ထက်တုန်းကနဲ့မတူတာက အခုခေတ်မှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော ရွေးချယ်စရာတွေ ပေါများလာပြီလို့ သူက ပြောပါတယ်။

‘‘ကျွန်မတို့ အခုစိတ်ကူးက ကလေးမယူရဘူးဆိုရင် အဆင်ပြေတယ်။ အဲဒါကိုပြီးအောင်လုပ်ရမယ့် အလုပ်မျိုးလည်း မဟုတ်တော့ဘူးလေ’’

အမျိုးသမီးတွေဟာ သူတို့ပတ်ဝန်းကျင်က ကမ္ဘာကြီးအခြေအနေ၊ အမျိုးသမီးတွေအပေါ် အာရုံစိုက်နေတဲ့အစိုးရဘက်က လုပ်ဆောင်နေတာတွေနဲ့ ကြင်ရာဖက်လို အမျိုးသားတွေရဲ့ တာဝန်ဝတ္တရားတွေကို ခြုံငုံကြည့်ရှုမှုတွေ ကိုလည်း အခုတော့ မျက်ခြေမပြတ်ကြတော့ပါဘူး။

မင်္ဂလာဆောင်တဲ့အခါရလာမယ့်အရာတွေနဲ့ မျှော်လင့်ထားတဲ့အခြေအနေ မညီမျှနိုင်တာကလည်း မိဘတွေဖြစ်လာဖို့ဆိုတဲ့စိတ်ကူးယဥ်တာမျိုးကနေ ဒီအမျိုးသမီးတွေကို ဝေးအောင်တွန်းပို့နေပါတယ်။

ချန်းကတော့ သူကလေးမလိုချင်တဲ့အကြောင်းရင်းခံဟာ မိဘဖြစ်လာတော့မယ့် သူ့သူငယ်ချင်းကို မြင်နေရာကနေ စတင်တာလို့ ဆိုပါတယ်။

‘‘သူ့ ဒုတိယမြောက်ကလေးဆို အရမ်းကဲတယ်။ သူ့အိမ်သွားလည်ရင် အဲဒီကလေး ဆော့တာက အိမ်ပြိုမတက် မျက်နှာကြက်ပြိုကျမတတ်ပဲ’’

တရုတ်ပြည်မှာတော့ ‘‘ကိုယ့်ခင်ပွန်းသည်၊ ဇနီးသည်ဆုံးသွားလို့ ကလေးတွေကို တစ်ကိုယ်တည်းပြုစုပျိုးထောင်ရတာမျိုး’’ ဆိုတဲ့စကားဟာ လူငယ်မိခင်တွေကြားမှာ ပုံမှန်သုံးနေကျစကားစုလိုဖြစ်လာနေပါတယ်။ အဓိပ္ပါယ်ကတော့ ခင်ပွန်းဖြစ်သူတွေဟာ အိမ်အလုပ်တွေ မလုပ်လာကြတာ ဒါမှမဟုတ် အမေ၊အဖေ တာဝန်ကို ခွဲမယူကြတော့တာလို့ ဆိုလိုရာလည်းရောက်ပါတယ်။

‘‘ကျွန်မသိတဲ့အိမ်ထောင်ရှင်အမျိုးသားတွေရဲ့အတွေးအခေါ်က အိမ်အတွက် သူတို့ ပိုက်ဆံရှာဖွေပေးရင် တာဝန်ကျေပြီဆိုပြီး တွေးနေတာမျိုး’’ လို့ အသက် ၃၃ နှစ်အရွယ် အချက်အလက်သိပ္ပံပညာရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

‘‘အမေတွေကတော့ ကိုယ့်ရင်သွေးနဲ့ ရင်အုပ်မကွာ မနေနိုင်တာကို အပြစ်လို့ ခံစားမိကြတယ်။ အပြင်သွားလို့ နောက်ကျတာတောင် မသင့်တော်တာလို့တွေးကြတာမျိုးလေ။ အဖေတွေမှာကြတော့ အဲဒီလိုအတွေးမျိုး မရှိဘူး’’

ဒါပေမဲ့ ကွန်မြူနစ်ပါတီကတော့ လူတန်းစားမညီမျှမှုနဲ့ လက်ထပ်တဲ့အခါ သတို့သား‌လောင်းနဲ့ သတို့သမီးလောင်းတို့ကြားက မျှော်လင့်ချက်တွေပြောင်းလာတာတွေဟာ နိုင်ငံထဲ လက်ထပ်နှုန်းနဲ့ ကလေးမွေးဖွားနှုန်းပြန်မြင့်လာဖို့ လုပ်ရမယ့်စိန်ခေါ်ချက်တွေထဲက အချို့ဖြစ်တယ်ဆိုတာကို မြင်ပုံမရသေးပါဘူး။

တဖက်မှာလည်း တရုတ်လူငယ်တွေဟာ အရာရှိတွေက မက်လုံးပေးတိုင်းပါမယ့်သူတွေ မဟုတ်ကြဘူးဆိုတဲ့အချက်ကလည်း မြင်သာလာနေပါတယ်။

ဒီလူငယ်တွေကြုံနေရတဲ့ လူမှုရေးရာဖိအားတွေကို စကားပြောကြည့်တဲ့အခါမှာတော့ ကိုဗစ်ကပ်ဘေးကာလ ရှန်ဟိုင်းမြို့မှာလုပ်ခဲ့တဲ့ အငြင်းပွားဖွယ်ရာ လော့ဒေါင်းအတွင်း လူသိများခဲ့တဲ့ကြွေးကြော်သံကို ပြန်ပြောင်းကြွေးကြော်ကြပါတယ်။

တင်းကျပ်တဲ့ကိုဗစ်စည်းကမ်းတွေကို ဆန့်ကျင်ဖို့ လူငယ်အမျိုးသားတစ်ဦး အသုံးပြုခဲ့တဲ့စကားလုံးတွေဖြစ်ပါတယ်။

အဲဒါကတော့ ‘‘ကျွန်တော်တို့ဟာ နောက်ဆုံးမျိုးဆက်ဖြစ်တယ်’’ ဆိုတာပါ။