တရုတ်ယဥ်ကျေးမှုတော်လှန်ရေးရဲ့ မှတ်တမ်းတင် ဓာတ်ပုံဆရာ

လီကျန်ရှန်းက တရုတ်ယဥ်ကျေးမှုတော်လှန်ရေးကာလတုန်းက ဖြစ်ပျက်ခဲ့တာတွေကို အသက်အန္တရာယ်ကြား စွန့်စားပြီး ကင်မရာနဲ့ မှတ်တမ်းတင်ခဲ့သူ တစ်ယောက်ပါ။

၂၀ရာစုရဲ့ အရှုပ်ထွေးဆုံး ပဋိပက္ခတစ်ခုထဲမှာ ပါဝင်တဲ့ ယဥ်ကျေးမှုတော်လှန်ရေးကာလအတွင်း လူတွေ၊ နေရာတွေကို ရှားရှားပါးပါး မှတ်တမ်းတင်ခွင့်ရခဲ့တာက အစိုးရသတင်းစာတစောင်မှာ ဓာတ်ပုံဆရာအဖြစ် သူ အလုပ်လုပ်နေလို့ပါ။

သူရိုက်ခဲ့တဲ့ ဓာတ်ပုံသောင်းနဲ့ချီတဲ့အထဲက တချို့ကို ပုံနှိပ်ဖော်ပြခဲ့ပေမဲ့ တချို့ပုံတွေကိုတော့ အ‌ရေးယူ အပြစ်ပေးခံရမှာကြောက်ပြီး သူ့အိမ်ကြမ်းခင်းအောက်မှာ ဖွက်ထားခဲ့ပါတယ်။

တစ်နေ့ကျရင် ဖွက်ထားတဲ့ဓာတ်ပုံတွေကို ကမ္ဘာသိအောင် ဘယ်လိုပြရမလဲဆိုတဲ့ နည်းလမ်းကိုလည်း အဲ့ဒီတုန်းက သူမသိခဲ့ပါဘူး။

အခုတော့ အသက်၇၉နှစ် အရွယ်မှာ လီကျန်ရှန်း ဦးနှောက်သွေးယိုစီးတဲ့ရောဂါနဲ့ ဒီသီတင်းပတ် အစောပိုင်းက အမေရိကန်မှာ သေဆုံးသွားပြီဆိုတဲ့အကြောင်း သူ့ထုတ်ဝေသူ ဟောင်ကောင် တက္ကသိုလ်ပုံနှိပ်တိုက်က ပြောခဲ့ပါတယ်။

"ကျွန်တော်ဘဝတစ်ခုလုံးမှာ မြင်ခဲ့ကြုံခဲ့ရတာတွေကို သက်သေခံအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ပါ တယ်။ အခုတော့ ကျွန်တော်က သမိုင်းထဲကနေ ကျန်ရစ်ခဲ့တော့မယ့်လူပါ " လို့ သူမသေခင်က ပြောခဲ့တာကို သူ့ထုတ်ဝေသူက မှတ်တမ်းတင်ထားပါတယ်။

အနီရောင် သတင်းစစ်သည်တော်

တရုတ်ပြည် လျောင်နင်းနယ်က ဆင်းရဲသားမိဘကနေ ၁၉၄၀ ပြည့်နှစ်မှာ သူ့ကိုမွေးဖွားလာခဲ့ပြီး ခက်ခဲတဲ့ အခြေအနေတွေအောက်မှာ ကြီးပြင်းခဲ့ရပါတယ်။

အသက် ၃ နှစ်မှာ သူ့အမေဆုံးသွားလို့ အသက် ၁၀ နှစ်မတိုင်ခင်အထိ သူ့အဖေ့ကို လယ်ထဲမှာ ကူရင်း ကြီးခဲ့ရပါတယ်။ အသက်ကြီးမှ ကျောင်းစတက်ခဲ့ရပေမဲ့ စာတော်လို့ အတန်းထိပ်ဆုံးကို ခဏလေးနဲ့ ရောက်ခဲ့ပါတယ်။

Changchun ချန်ချွန် ရုပ်ရှင်ကျောင်းကို သူတက်ခွင့်ရခဲ့ပါတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ တရုတ်ပြည် အရှေ့မြောက်ပိုင်း Heilongjiang ဟေလုံကျန်း နေ့စဥ်သတင်းစာရဲ့ ဝန်ထမ်းဓာတ်ပုံဆရာ ဖြစ်လာခဲ့ပါတယ်။

အဲ့ဒီသတင်းစာတိုက်မှာ သူအလုပ်လုပ်နေချိန်မှာပဲ တရုတ်သမိုင်းထဲက အဆိုးရွားဆုံး အကြမ်းဖက်မှု ကာလကြီးတစ်ခုနဲ့ သူကြုံခဲ့ရပါတယ်။

ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုံးက သူ့ပြိုင်ဖက်တွေကို ဖယ်ရှားပစ်ဖို့ လှုံ့ဆော်မှုတွေ စလုပ်ခဲ့တဲ့ ၁၉၆၆ မှာ ယဥ်ကျေးမှုတော်လှန်ရေး စဖြစ်ခဲ့ပါတယ်။ ထောင်ပေါင်းများစွာသော တရုတ်လူငယ်တွေကို တရုတ်ယဥ်ကျေးမှု အဟောင်းအနွမ်းလေးခုဖြစ်တဲ့ ဓလေ့ဟောင်း၊အကျင့်ဟောင်း၊ ယဥ်ကျေးမှုဟောင်းနဲ့ အယူအဆဟောင်းတွေကို တိုက်ဖျက်ပစ်ရမယ် ဆိုပြီး မော်စီတုံးက စည်းရုံးလှုံ့ဆော်ခဲ့ပါတယ်။

ကောလိပ်တွေကလည်း ပိတ်ထားတော့ တော်လှန်ရေးအလုပ်ကို ကျောင်းသားတွေ ပိုအာရုံစိုက်ခဲ့ကြပြီး လှုပ်ရှားမှုတွေကလည်း မြန်မြန်ပြန့်လာခဲ့ပါတယ်။

အာဏာပိုင်တွေဘက်က ရပ်တည်ပြီးတော့ သူတို့လှုပ်ရှားမှုကို ဆန့်ကျင်တဲ့အရာ၊ ဆန်ကျင်တဲ့လူ အားလုံးနီးပါးကို စတင်တိုက်ခိုက်ခဲ့ကြပါတယ်။

သားသမီးတွေက သူတို့ မိဘတွေကို ပြန်လှန်ဆန့်ကျင်၊ ကျောင်းသားတွေက သူတို့ဆရာတွေကို ပြန်လှန်ဆန့်ကျင်တာတွေ ဖြစ်ခဲ့ပြီးတော့ ပညာတတ်တွေ အများစုလည်း ပြည်ပကို တိမ်းရှောင် ထွက်သွားကြပါတယ်။

လူ ထောင်ပေါင်းများစွာ ရိုက်သတ်ခံရတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွန်းအားပေး ခံခဲ့ရတာတွေ ကြုံခဲ့ရပါတယ်။

လီရဲ့ အလုပ်သစ်ကနေ သူ့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ဆိုးရွားတဲ့ လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို မှတ်တမ်းတင်နိုင်တဲ့ ထူးခြားတဲ့အခွင့်အရေး သူရခဲ့တာပါ။

ပြီးတော့ သူတို့ရိုက်ချင်တဲ့ ပုံတွေ ရိုက်ခွင့်ရနေတဲ့ Red Guardsလို့ အမည်ရတဲ့ ရန်လိုတဲ့ကျောင်းသား အဖွဲ့တွေကို သူသတိထားမိလိုက်လို့ သူကိုယ်တိုင်လည်း အနီရောင် သတင်းစစ်သည်တော် စာထိုး ထားတဲ့ လက်ပတ်ဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"အဲ့ဒီလက်ပတ်ကြောင့် နှိပ်စက်ညှင်းပန်းခံရတဲ့သူတွေရဲ့ ဓာတ်ပုံတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ရိုက်ခွင့်ရခဲ့တယ်"လို့ ဘီဘီစီနဲ့ အစောပိုင်းက လုပ်ခဲ့တဲ့ သူ့အင်တာဗျုးမှာ ပြောခဲ့ပါတယ်။

"ဆူဆူပူပူ အုံကြွထိန်းမရတဲ့ ခေတ်ကြီးကို မှတ်တမ်းတင် ရမယ်လို့ အသိရခဲ့တယ်။ တော်လှန်ရေးအတွက် လုပ်နေတာလား၊ ကိုယ့်အတွက် လုပ်နေတာလား အနာဂတ်အတွက် လုပ်နေတာ လားဆိုတာကိုတော့ တကယ်မသိခဲ့ပါဘူး"လို့လည်း သူ ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူရိုက်တဲ့ပုံတွေက တချိန်မှာ ပြဿနာရှိလာနိုင်ပြီး သူ့ကိုပါ ပစ်မှတ်ထားလာနိုင်တယ် ဆိုတာကိုတော့ သူသဘောပေါက်ခဲ့ပါတယ်။

အဲ့ဒါကြောင့် ပုံနှစ်သောင်းပတ်ဝန်းကျင်ရှိတဲ့ ဓာတ်ပုံဖလင်တွေကို သူ့အိမ် ကြမ်းခင်းအောက်မှာ ဖွက်ထားခဲ့ပါတယ်။

တန်ပြန်တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ၁၉၆၈ မှာ စွပ်စွဲခံရပြီး အာဏာပိုင်တွေက သူ့အခန်းကို မွှေနှောက်ရှာဖွေတာတွေ လုပ်ခဲ့ကြပေမဲ့ သူဖွက်ထားတဲ့ဖလင်တွေကိုတော့ ရှာမတွေ့သွားကြပါဘူး။

တကယ်လို့ အဲ့ဒါတွေ ရှာတွေ့သွားရင်တော့ လီရဲ့အခြေနေက အများကြီး ဆိုးသွားနိုင်ပါတယ်။ ပြစ်ဒဏ်တွေ အကြီးအကျယ် ကျခံရမှာဖြစ်သလို ဖလင်တွေလည်း ဖျက်ဆီးခံရမှာ သေချာပါတယ်။

"အရဲစွန့် လုပ်ရတာပေါ့ဗျာ။ အဲ့ဒီပုံတွေ ရိုက်ခဲ့တုန်းကတော့ ဒီပုံတွေ ဘယ်လိုအသုံးဝင်မလဲဆိုတာ သေသေချာချာ မသိခဲ့ပါဘူး" လို့ သူက ဝန်ခံခဲ့ပါတယ်။

လီရဲ့ဓာတ်ပုံတွေ ပါမသွားဘဲ လုံခြုံခဲ့ပေမဲ့ သူကတော့ မလုံခြုံခဲ့ပါဘူး။ သူနဲ့ သူ့မိန်းမကို လူသိရှင်ကြား စွပ်စွဲ ရှုတ်ချခံခဲ့ရပြီး အလုပ်ကြမ်းစခန်းကို ၂နှစ် အတင်းအကျပ်ပို့ခံခဲ့ရပါတယ်။

အဲ့ဒီကနေ ပြန်လွတ်ပြီး သူ့အခန်းကို ပြန်ရောက်လာတော့ သူဖွက်ထားတဲ့ဓာတ်ပုံတွေ မပျက်မစီး အရင်အတိုင်းရှိနေတာကို တွေ့ခဲ့ရပါတယ်။

အချိန်တွေကြာလာပြီးတဲ့ နောက်ပိုင်း သူဟာ ဘေဂျင်းတက္ကသိုလ်တခုမှာ ပါမောက္ခ ဖြစ်လာခဲ့ပါတယ်။

ပြီးတော့ တရုတ်ပြည်မှာ သတင်းစာလွတ်လပ်ခွင့် အစလေး မြင်လာရချိန် ၁၉၈၀ ကျော်နှစ်တွေ အတွင်း သူ့ဓာတ်ပုံတွေကို ခင်းကျင်းပြသတဲ့ ပြပွဲ တစ်ခုဘေဂျင်းမှာ လုပ်ခဲ့ပါတယ်။

အဲ့ဒီပွဲက သူ့ဓာတ်ပုံတွေကို Contact Press Images (CPI) က ရောဘတ်ပလိဂ်က တွေ့သွားပြီးတော့ သူ့ပုံတွေနဲ့ စာအုပ်တစ်အုပ်လုပ်ဖို့ နောက်ပိုင်း ဖြစ်လာခဲ့ပါတယ်။

လီကျန်ရှန်းရဲ့ စာအုပ်နာမည်က Red-colour News Soldier အနီရောင် သတင်းစစ်သည်တော်လို့ ခေါ်ပါတယ်။

"သူ့လုပ်ဖော်ကိုင်ဖက် အများစုက နိုင်ငံရေးအရ သူတို့ ဓာတ်ပုံဖလင်တွေကို ဖျက်ဆီးဖို့ ခွင့်ပြုခဲ့ကြတဲ့ အချိန် သူကတော့ သူ့ပုံတွေကို အန္တရာယ်တွေကြား ခေါင်းမာမာနဲ့ သိမ်းထားခဲ့တဲ့အတွက် လီကို အမြဲတမ်းကျေးဇူးတင်နေမှာပါ" လို့ ပလိဂ်က ပြောခဲ့ပါတယ်။

လီက သူ့ဓာတ်ပုံတွေအားလုံးကို အညိုရောင်စာအိတ်လေးတွေနဲ့ထည့် သိမ်းထားခဲ့တာလို့ သူက ထုတ်ပြောခဲ့ပါတယ်။ စာအိတ်တစ်ခုချင်းဆီပေါ်မှာ တရုတ်လက်ရေးလှလှနဲ့ ပုံစာတွေကိုလည်း လီက အနုစိတ် ရေးထားခဲ့တာပါ။

ဘုံရပ်ရွာတွေ၊ စီရင်စုတွေ၊ လူနာမည်တွေ၊ တရားဝင်ရာထူးတွေနဲ့ ပွဲတွေအကြောင်း အသေးစိတ်အတိအကျ သေသေချာချာရေးခဲ့တာဖြစ်ပါတယ်။

သူ့ဓာတ်ပုံတွေကို ဒါဇင်နဲ့ချီတဲ့ တိုင်းပြည်တွေမှာ ခင်းကျင်းပြသ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့ဓာတ်ပုံ အကယ်ဒမီဆုလို့ လူသိကြတဲ့ Lucie Award ဆုကို ၂၀၁၃ မှာ သူရရှိခဲ့ပါတယ်။

ပြီးတော့ သူ့ဓာတ်ပုံတွေကို တရုတ်စာနဲ့ ပုံနှိပ်ပြီး ဟောင်ကောင်မှာ ၂၀၁၈ က ပထမဆုံး ပုံနှိပ်ထုတ် ဝေခဲ့ပါတယ်။

"လီ လုပ်ခဲ့သလိုမျိုး ဘယ်ဓာတ်ပုံဆရာကမှ ယဥ်ကျေးမှုတော်လှန်ရေးကို စေ့စေ့စပ်စပ် ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်ခဲ့ကြပါဘူး" လို့ သူသေပြီးနောက်ပိုင်း Contact Press Images ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

"မခန့်မှန်းနိုင်လောက်တဲ့ ဓာတ်ပုံအမွေအနှစ်တွေ သူထားသွားခဲ့တာပါ။ အဲဒါကြောင့် သူ့ကိုအများ ကြီး သတိရနေကြဦးမှာပါ။"