ဇမ်ဘီယာမှာ အွန်လိုင်းပေါ်ကနေ ငွေလိမ်တဲ့ တရုတ်ဂိုဏ်းကို ထောင်ဒဏ်နှစ်ရှည်ချ

    • ရေးသားသူ, နာတာရှာ ဘွတ်တီ နှင့် ဝစ်ကလစ်ဖ် မူရီယာ
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန

ဇမ်ဘီယာနိုင်ငံမှာ ဆိုင်ဘာ ရာဇဝတ်မှုတွေအတွက် တရုတ်နိုင်ငံသား ၂၂ ဦးနဲ့ ကင်မရွန်း နိုင်ငံသား တစ်ဦးကို ထောင်ဒဏ်နှစ်ရှည် ချမှတ်လိုက်ပါတယ်။

သောကြာနေ့က လူဆာကာ တရားရုံးမှာ အဲဒီအုပ်စုထဲက တစ်ဦးတည်းသော အမျိုးသမီး တရားခံ ဂူ တီယန်ဂျီအောင်းကို ထောင်ဒဏ် ၇ နှစ် ချမှတ်ကြောင်း ကြေညာခဲ့စဉ်မှာ “အဖေ၊ အဖေ” လို့ တ ပြီး အော်ဟစ် ငိုကြွေးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

နောက်ကွယ်ကနေ ကြိုးကိုင်စီစဉ်သူ လီ ရှန်လင်း အပါအဝင် အဲဒီအုပ်စုထဲက တချို့ကတော့ ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်ခံခဲ့ရပါတယ်။

အဲဒီအုပ်စုဝင်တွေကို ဒဏ်ကြေး ဒေါ်လာ ၁၅၀၀နဲ့ ၃၀၀၀ ကြား အသီးသီး ချမှတ်ခဲ့ပါတယ်။

အွန်လိုင်းကနေ သူတို့ရဲ့ လိမ်ညာခံခဲ့ရသူတွေထဲမှာ စင်္ကာပူ၊ ပီရူးနဲ့ ယူအေအီးနိုင်ငံက လူတွေအထိ ပါဝင်တယ်လို့ ဇမ်ဘီယာ အာဏာပိုင်တွေက ပြောပါတယ်။

သီတင်းပတ်ပေါင်းများစွာ ကြားနာစစ်ဆေးခဲ့အပြီးမှာ အဲဒီလူတွေက ကွန်ပျူတာပေါ်ကနေ မဟုတ်မမှန် ဖော်ပြခဲ့မှု၊ အထောက်အထား လိမ်ညာဖော်ပြခဲ့မှု၊ တရားမဝင် ကွန်ရက် ဒါမှမဟုတ် ဝန်ဆောင်မှု လုပ်ကိုင်ခဲ့မှု စတဲ့ ရာဇဝတ်စွဲချက် ၃ ခုကို ကျူးလွန်ခဲ့မိကြောင်း ဝန်ခံလျှောက်လဲခဲ့ကြပါတယ်။

“နက်နဲရှုပ်ထွေးတဲ့ အင်တာနက် လိမ်လည်မှုအဖွဲ့တဖွဲ့”အဖြစ် အာဏာပိုင်တွေက ပြောဆိုနေတဲ့ လူ ၇၇ ဦးပါ ပိုကြီးမားတဲ့ အုပ်စုတစ်ခုကို ဧပြီလတုန်းက ဖမ်းဆီးမိခဲ့ပြီး အဲဒီအုပ်စုထဲမှာ သောကြာနေ့တုန်းက ထောင်ဒဏ် ချမှတ်ခံခဲ့ရသူ ၂၂ ဦးလည်း ပါဝင်ပါတယ်။

ကမ္ဘာတဝန်း နိုင်ငံတွေက လူတွေကို ပစ်မှတ်ထားနေတဲ့ အင်တာနက် လိမ်လည်မှုတွေ ဇမ်ဘီယာနိုင်ငံမှာ ထိတ်လန့်စရာကောင်းလောက်အောင် တိုးလာခဲ့အပြီး လူဆာကာမြို့တော်က တရုတ်ကုမ္ပဏီတစ်ခုကို ဇမ်ဘီယာ ရဲတွေက ဝင်ရောက်စီးနင်း ရှာဖွေစစ်ဆေးခဲ့ပါတယ်။

တခြား တိုင်းပြည်တွေအထိ ငွေကြေးခဝါချမှုတွေလုပ်ရာကနေ မိုဘိုင်းဖုန်းတွေနဲ့ ဘဏ်စာရင်းတွေက ငွေတွေ ဆုံးခဲ့ကြတဲ့ ဇမ်ဘီယာနိုင်ငံသားတွေ တနေ့တခြား ပိုများလာခဲ့တယ်လို့ မူးယစ််ဆေးဝါး တိုက်ဖျက်ရေး ကော်မရှင် (DEC) က ဧပြီလက ပြောပါတယ်။

အင်တာနက်နဲ့ အွန်လိုင်းပေါ်ကနေ လိမ်လည်မှုတွေ အပါအဝင် လိမ်လည်မှု လုပ်ရပ်တွေလုပ်ဖို့ ကောလ် စင်တာဝန်ထမ်းတွေအဖြစ် အလုပ်ခန့်ခံထားရသူတွေဆိုတဲ့ ဇမ်ဘီယာလူငယ် အတော်များများကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ DEC ကော်မရှင်က ပြောပါတယ်။

သောကြာနေ့က လူဆာကာမြို့တော် တရားရုံးမှာ ပြစ်မှုထင်ရှားခဲ့သူ ၂၂ ဦးဟာ ရဲတွေ အဓိက စီးနင်းရှာဖွေခဲ့တဲ့ Golden Top Support Services တရုတ်ကုမ္ပဏီမှာ ရာထူးအဆင့်အမျိုးမျိုးနဲ့ အလုပ်လုပ်ခဲ့သူတွေ ဖြစ်ပါတယ်။

လူဆာကာမြို့တော်ရဲ့ စျေးကြီးတဲ့ ဆင်ခြေဖုန်းရပ်ကွက် ရိုမာမှာ တည်ရှိတဲ့ အဲဒီကုမ္ပဏီကတော့ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တစ်စုံတရာ တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဇမ်ဘီယာ နိုင်ငံသားတွေကို ဧပြီလတုန်းက စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးနေမှုမှာ ကူညီနိုင်အောင် သူတို့ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ ဇမ်ဘီယာနိုင်ငံသားတွေဟာ မသိနားမလည်တဲ့ မိုဘိုင်းဖုန်း သုံးသူတွေကို WhatsApp၊ တယ်လီဂရမ်၊ ချက်ရွမ်းတို့လို ပလက်ဖောင်းအမျိုးမျိုးကနေ အယုံသွင်း စကားပြောပြီး လိမ်ညာလှည့်ဖျားတဲ့ အလုပ်မျိုးတွေ လုပ်ခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သိမ်းဆည်းမိတဲ့ ပစ္စည်းတွေထဲမှာ ဖုန်းခေါ်သူတွေ ဘယ်ကနေ ဖုန်းခေါ်တာလဲဆိုတာကို မသိအောင် ဖုံးကွယ်ပေးတဲ့ စက်ပစ္စည်းမျိုးတွေနဲ့ ဖုန်းဆင်းမ်ကတ် ထောင်ပေါင်းများစွာ ပါဝင်တယ်လို့ သိရပါတယ်။

စီးနင်းရှာဖွေစဉ်အတွင်း ဆင်းမ်ကတ် စက်ပုံး ၁၁ ပုံး တွေ့ရှိခဲ့ပါတယ်။ အဲဒီစက်ပုံးတွေဟာ ဖုန်းကွန်ရက်အစစ်အမှန်တွေကနေတဆင့် ဖုန်းခေါ်ဆိုနိုင်အောင် လုပ်ထားတဲ့ စက်ပစ္စည်းတွေ ဖြစ်ပါတယ်။

ဇမ်ဘီယာနိုင်ငံကရော၊ နိုင်ငံခြားမှာပါ သုံးနိုင်တဲ့ ဆင်းမ်ကတ် တစ်သောင်း သုံးထောင်ကျော်ကိုလည်း သိမ်းဆည်းမိခဲ့ပြီး ဒါဟာ ဒီစစ်ဆင်လှုပ်ရှားမှုရဲ့ ထိရောက်မှုအတိုင်းအတာကို ထင်ဟပ်ပြနေတယ်လို့ DEC က ပြောပါတယ်။

စီးနင်း ရှာဖွေမှုအတွင်း လက်နက် နှစ်ခုနဲ့ ကျည် ၇၈ တောင့်ကို သိမ်းဆည်းမိခဲ့သလို ဒီလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ တရုတ်လူမျိုးတစ်ဦးပိုင် မော်တော်ယာဉ် နှစ်စင်းကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။