ကျားဖြန့်နှိမ်နင်းရင်း ဒေါ်လာသန်း ၁၄,၀၀၀ တန် Bitcoin တွေကို သိမ်းယူ

    • ရေးသားသူ, လော်ရန် တာနာ
    • ရေးသားသူ, အော်စမွန် ချီယာ

အမေရိကန်အစိုးရဟာ ဒေါ်လာ သန်းပေါင်း ၁၄,၀၀၀ တန် ဒစ်ဂျစ်တယ်ငွေကြေး ဘစ်ကွိုင်တွေကို သိမ်းဆည်းလိုက်ပြီး ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်း ပရင့်စ် လုပ်ငန်းစုကို တည်ထောင်သူကိုလည်း ကျားဖြန့်လုပ်ငန်းတွေပါဝင်တဲ့ ဒစ်ဂျစ်တယ်ငွေကြေးလိမ်လည်မှုကြီးမှာ ပါဝင်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ဗြိတိန်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နိုင်ငံသား ခံယူထားတဲ့ ချန်ကျီကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တရားရုံးမှာ အောက်တိုဘာလ ၁၄ ရက်တုန်းက တရားစွဲလိုက်တာဖြစ်ပြီး ငွေကြေးခဝါချမှုနဲ့ အွန်လိုင်းကနေ လိမ်လည်မှုမှာ ပေါင်းကြံပါဝင်မှုစွပ်စွဲချက်နဲ့ တရားစွဲတာဖြစ်ပါတယ်။

ဗြိတိန်နဲ့ အမေရိကန် နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်ချက်အနေနဲ့ မစ္စတာချမ်ရဲ့စီးပွားရေးလုပ်ငန်းတွေလည်း အရေးယူ ပိတ်ဆို့ခံလိုက်ရပါတယ်။ ဗြိတိန်အစိုးရကတော့ လန်ဒန်မှာ မစ္စတာချန် ပိုင်ဆိုင်တဲ့အိမ်ခြံမြေ ၁၉ ခုပါဝင်တဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ရယူလွှဲပြောင်းရောင်းချ မရအောင် ပိတ်ဆို့လိုက်တယ်လို့ ကြေညာပါတယ်။ အပိတ်ခံလိုက်ရတဲ့ အိမ်ခြံမြေတွေထဲမှာ ဒေါ်လာ ၁၃၃ သန်းတန် အိမ်ခြံမြေတစ်ခုလည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး ဘီဘီစီက ပရင့်စ် လုပ်ငန်းစုထံ ဆက်သွယ်ပြီး မှတ်ချက် တောင်းထားပါတယ်။

အမေရိကန် အစိုးရ ရှေ့နေတွေကတော့ ဒါဟာ သမိုင်းမှာ အကြီးမားဆုံး ဘဏ္ဍာရေး နှိမ်နင်း သိမ်းဆည်းမှုဖြစ်ပြီး သမိုင်းမှာ ဘစ်ကွိုင်ကို အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်တယ်လို့ ပြောပါတယ်။ ဘစ်ကွိုင်ပေါင်း ၁၂၇,၇၂၁ ကို အမေရိကန်အစိုးရက သိမ်းလိုက်တယ်လို့ နားလည်ရပါတယ်။

လက်ရှိမှာ လွတ်မြောက်နေဆဲဖြစ်တဲ့ မစ္စတာ ချန်ကတော့ ပရင့်စ် အုပ်စုလို့ခေါ်တဲ့ နိုင်ငံပေါင်းစုံမှာစီးပွားရေးလုပ်တဲ့ ကုမ္ပဏီ နာမည်ခံအောက်ကနေ ''ပြန့်ကျဲနေတဲ့ဆိုက်ဘာလိမ်လည်မှုအင်ပါယာကြီး''ကို နောက်ကွယ်မှာ အဓိကကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရသူလို့ အမေရိကန်တရားရေး ဌာနက ပြောပါတယ်။

ဒီလုပ်ငန်းစုဟာ ကမ္ဘောဒီးယားအခြေစိုက်ပါတယ်။ သူတို့ရဲ့အင်တာနက် စာမျက်နှာမှာ လုပ်ငန်းစုရဲ့ စီးပွားရေးလုပ်ငန်းတွေထဲ အိမ်ခြံမြေဆောက်လုပ်ရေး၊ ဘဏ္ဍာရေးနဲ့ စားသုံးသူဝန်ဆောင်မှု လုပ်ငန်းတွေ ပါဝင်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ အမေရိကန် တရားရေးဌာနကတေ့ာ ဒီလုပ်ငန်းစုဟာ အာရှမှာ အကြီးမားဆုံး နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ လုပ်နေကြတဲ့အဖွဲ့တွေထဲက တစ်ခုဖြစ်တယ်လို့ သူက ပြောပါတယ်။

လိမ်လည်မယ့်လူတွေကို အွန်လိုင်းကနေ ဆက်သွယ် အမြတ်ငွေတွေရမယ်လို့ သွေးဆောင် လှည့်ဖြား သိမ်းသွင်းပြီး ဒစ်ဂျစ်တယ်ငွေကြေးလွှဲပြောင်းဖို့ အယုံသွင်း လိမ်လည်ယူခဲ့တာလို့ အမေရိကန်တရားရေးဌာနက ဆိုပါတယ်။

အမေရိကန်အစိုးရရှေ့နေတွေကတော့ မစ္စတာ ချန်ရဲ့ ညွှန်ကြားမှုအောက်မှာ ကုမ္ပဏီဟာကမ္ဘောဒီးယားနိုင်ငံတဝန်းမှာ ကျားဖြန့်ဝင်း ၁၀ ခုထက်မနည်းကို တည်ဆောက်လည်ပတ်နေတယ်လို့ တရားရုံးတင်တဲ့စာရွက်တွေမှာ ဖော်ပြထားတာကို တွေ့ခဲ့ရပါတယ်။

လိမ်လည်ခံရမယ့်သူတွေ များသထက်များအောင် အဲဒီခြံဝင်းတွေကို ပုံဖော် စီမံပေးမှုနဲ့ မစ္စတာချန်ကို စွပ်စွဲခံထားရတယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။

သူ့ရဲ့ကြံရာပါတွေဟာ ဖုန်းခေါ်ဆိုမှုကနေတဆင့် ကျားဖြန့်လုပ် လိမ်လည်ဖို့ မိုဘိုင်းဖုန်း သန်းချီကို ဝယ်ခဲ့ပြီး ဖုန်းတိုက်ကြီးတွေ လုပ်ခဲ့တယ်လို့ အောက်တိုဘာ ၈ ရက် ရက်စွဲနဲ့ တရားရုံး စာရွက် စာတမ်းတွေမှာဖော်ပြပါတယ်။

အဲဒီလို အလားတူ အဆောက်အဦ ၂ ခုမှာဆိုရင် လိမ်လည်မှုလုပ်ဖို့ လူမှုကွန်ရက်အကောင့် ၇၆,၀၀၀ နီးပါးကို ထိန်းချုပ်ထားတဲ့ တယ်လီဖုန်း ၁၂၅၀ လုံးရှိတယ်လို့လည်း စာရွက် စာတမ်းတွေမှာ ဖော်ပြပါတယ်။

အစိုးရရှေ့နေတွေကတော့ ပရင့်စ် လုပ်ငန်းစု စာရွက်စာတမ်းတွေမှာတော့ လိမ်လည်မယ့်ပစ်မှတ်ကို ချဉ်းကပ်ဖို့ဆိုရင် ယုတ္တိပိုရှိအောင် သိပ်လှလွန်းတဲ့အမျိုးသမီးတွေရဲ့ဓာတ်ပုံကို အကောင့်တု ပရိုဖိုင်မှာ မသုံးဖို့ လိမ်မယ့်ဝန်ထမ်းတွေကို အကြံပြုထားတဲ့နည်းလမ်းပါ စာရွက်စာတမ်းတွေပါ ပါဝင်တယ်လို့ ပြောပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယရှေ့နေချုပ် ဂျွန် အေ အိုင်ဆန်ဘာ့ ကတော့ ပရင့်စ် လုပ်ငန်းစုကို ''လူတွေထိခိုက်နာကျင်ခံစားရမှုအပေါ် ရာဇဝတ်လုပ်ငန်းစု'' တစ်ခုလို့ ပုံဖော်ပြောပါတယ်။

အလုပ်သမားတွေကို မှောင်ခိုကူးသလို အဲဒီလူတွေဟာလည်း ထောင်လို ဝင်းတွေထဲမှာ နေရာ အွန်လိုင်းကနေ ကျားဖြန့်လိမ်လည်ဖို့ ဖိအားပေးခံရ၊ ကမ္ဘာတလွှားက ထောင်နဲ့ချီတဲ့ပစ်မှတ်တွေကို ပစ်မှတ်ထားတာတွေလုပ်တယ်လို့လည်း သူက ပြောပါတယ်။

မစ္စတာချန်နဲ့ သူ့ကြံရာပါတွေဟာ ရာဇဝတ်မကင်းရာ မကင်းကြောင်းကနေ ရတာတွေကို ဇိမ်ခံ ခရီးသွားတာနဲ့ ဖျော်ဖြေရေးမှာ အသုံးပြုတယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာနက စွပ်စွဲပါတယ်။

အဖိုးတန် နာရီတွေ၊ ကိုယ်ပိုင်လေယာဉ်တွေနဲ့ ပီကာဆို ပန်းချီကားတစ်ချပ်လို ရှားပါး အနုပညာလက်ရာတွေကိုလည်း ဝယ်ယူခဲ့တယ်လို့ တရားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပြစ်မှု ထင်ရှားတယ်ဆိုရင်တော့ မစ္စတာ ချန်ဟာ အများဆုံး ထောင်ဒဏ် အနှစ် ၄၀ အထိ ချမှတ်ခံရနိုင်ခြေရှိပါတယ်။

ဗြိတိန်မှာတော့ မစ္စတာ ချန်နဲ့ ကြံရာပါတွေဟာ ဗြိတိန် ဗာဂျင် အိုင်းလန်းမှာ လုပ်ငန်းတွေကို ခွဲထားပြီး ဗြိတိန်အိမ်ခြံမြေလောကမှာလည်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပါတယ်။ သူ့ပိုင်ဆိုင်မှု ကွန်ရက်ထဲမှာ လန်ဒန်မြို့လယ်က ပေါင် သန်း ၁၀၀ တန် ရုံးအဆောက်အဦ၊ မြောက်လန်ဒန်က ပေါင် ၁၂ သန်းတန် အိမ်ကြီးနဲ့ မြို့ထဲက တိုက်ခန်း ၁၇ ခန်းပါဝင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အခုတော့ သူ့ကို ဗြိတိန်က အမေရိကန်အာဏာပိုင်တွေနဲ့အတူ ဒဏ်ခတ် ပိတ်ဆို့မှု ပြုလုပ်လိုက်ပြီဖြစ်တာကြောင့် သူဟာ ဗြိတိန်ဘဏ္ဍာရေးစနစ်ထဲကနေ ဖယ်ကျဉ်ခံလိုက်ရပြီလို့လည်း ဆိုလိုရာရောက်ပါတယ်။

ပရင့်စ် လုပ်ငန်းစုဟာ အမေရိကန်မှာလည်း ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရပြီး ရာဇဝတ်အဖွဲ့အဖြစ် တံဆိပ်တပ်ခံထားရပါတယ်။

သူတို့ဟာ ''လူတွေရဲ့ဘဝကို ချနင်းလို့ရတဲ့ငွေတွေနဲ့ လန်ဒန်မှာ အိမ်တွေ လာဝယ်နေကြတယ်'' လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး အိဗက် ကူးပါးက ပြောပါတယ်။

ကူးပါးကတော့ ''ဒီကွန်ရက်ကြောင့်ဖြစ်လာတဲ့ နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှု တိုးလာတာကို တိုက်ဖျက်ဖို့ ကျွန်မတို့ရဲ့ အမေရိကန် မဟာမိတ်တွေနဲ့အတူ ခိုင်မာတဲ့လုပ်ဆောင်ချက်ကို လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။ လူ့အခွင့်အရေး မြှင့်တင်ဖို့၊ ဗြိတိန်နိုင်ငံသားတွေကို ကာကွယ်ဖို့နဲ့ ငွေမည်းတွေ ကျွန်မတို့ လမ်းတွေပေါ်ကနေ ပျောက်ဖို့ လုပ်ဆောင်တာဖြစ်ပါတယ်''

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးရုံးကတော့ မစ္စတာ ချန်နဲ့ ပရင့်စ်လုပ်ငန်းစုဟာ ကျားဖြန့်စင်တာတွေအဖြစ်အသုံးပြုမယ့် ခြံဝင်းတွေနဲ့ ကာစီနိုတွေကို တည်ဆောက်ပြီး ရတဲ့ပိုင်ဆိုင်မှုတွေကို ခဝါချ နေတယ်လို့ ပြောပါတယ်။

စွပ်စွဲခံရတဲ့ ကျားဖြန့်လုပ်ငန်းနဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်း ၄ ခုဟာ ပရင့်စ် လုပ်ငန်းစု၊ ကျင်ဘေး လုပ်ငန်းစု၊ ရွှေကံကောင်းကမ္ဘာ့အပန်းဖြေစရာကုမ္ပဏီ နဲ့ ဘိုင်ရက်ငွေကြေးလဲလှယ်လုပ်ငန်းတို့ ဖြစ်တယ်လို့ နိုင်ငံခြားရေးရုံးက ပြောပါတယ်။

အဲဒီထဲက ၂ ခုနှစ်တဲ့ ကျင်ဘေးလုပ်ငန်းစုနဲ့ ရွှေကံကောင်းကမ္ဘာ့အပန်းဖြေစရာကုမ္ပဏီတို့ဟာ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က အခုနှစ် အစောပိုင်းတုန်းက ထုတ်ပြန်တဲ့ ကမ္ဘောဒီးယား ကျားဖြန့်ဝင်းတွေမှာ ဖိနှိပ်စေခိုင်းမှုနဲ့ နှိပ်စက်မှုတွေအကြောင်း အစီရင်ခံစာမှာ ဖော်ပြခံရပါတယ်။

ကျားဖြန့်လိမ်လည်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူတွေဟာ တရားဝင် အလုပ်ရမယ်ဆိုပြီး လူစုခံရပြီးတဲ့နောက်မှာ ခြိမ်းခြောက်မှုအောက် ဖိအားပေး လိမ်လည်ဖို့ အလုပ်စေခိုင်းခံရတဲ့ နိုင်ငံခြားသားတွေ ပါဝင်တယ်လို့ ဗြိတိန်နိုင်ငံခြားရေးရုံးက ပြောပါတယ်။

အဲဒီလိမ်လည်သူတွေဟာ လိမ်မယ့်သူနဲ့ ချစ်ရေးချစ်ရာယောင်ဆောင်ပြီး ငွေတွေလွှဲလာအောင် လှည့်ဖြားတာတွေကို စက်ရုံ အလုပ်ရုံလိုပုံစံမျိုးနဲ့ ဗြိတိန်နိုင်ငံထဲမှာတောင် လုပ်နေကြတယ်လို့ နိုင်ငံခြားရေးရုံးက ပြောပါတယ်။

လိမ်လည်မှုဖြေရှင်းဆိုင်ရာ ဗြိတိန်ဝန်ကြီး လော့ ဟန်ဆန်ကတော့ ''လိမ်မယ့်သူတွေဟာ လူတွေ စုထားတဲ့ငွေကြေးတွေကို လှည့်ဖြားယူပြီး လူတွေဘဝ ပျက်စီးအောင်လုပ်နေပါတယ်။ ကျွန်တော်တို့ ဒါကို လုံးဝ သည်းမခံပါဘူး''