မထသ ခေတ်ကို ပြန်သွားနေတဲ့ YBS

YBS ကို နေ့စဉ် ခရီးသည် ၁ သန်းအထက် အသုံးပြုနေပါတယ်။
ဓာတ်ပုံ ပုံစာ, YBS ကို နေ့စဉ် ခရီးသည် ၁ သန်းအထက် အသုံးပြုနေပါတယ်။

"ခါးပိုက်နှိုက်ခံရလို့ပါ၊ အကူအညီတောင်းပါတယ်"

"ကားပေါ်ကဆင်းတဲ့သူမရှိရင် မှတ်တိုင်မရပ်ပေးတော့ဘူးလား"

"ကားတစ်စီးနဲ့တစ်စီးကြားတော်တော်ကြာတာပဲ၊ မနက်အလုပ်သွားတဲ့သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်ရှင်"

ဒါဟာ လူမှုကွန်ရက်စာမျက်နှာပေါ်က "YBS စီးသူများ ဆုံစည်းရာ" ဂရုမှာ ပြည်သူတွေကိုယ်တိုင် ရေးသားထား တဲ့ စာသားတွေပါ။

တစ်ချိန်ကနာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးအဖွဲ့ (မထသ) စနစ်ကို အရပ်သားအစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာဖျက်သိမ်းပြီး Yangon Bus Service လို့ခေါ်တဲ့ YBS စနစ်ကို ပြောင်းလဲခဲ့ပါတယ်။

YBS စနစ်ဟာ လက်ကိုင်ဖုန်းတွေမှာရှိတဲ့ Google Map (ဂူးဂဲလ်မြေပုံ) က တစ်ဆင့် ဘတ်စ်ကားမှတ်တိုင်တွေကို ထောက်ကြည့်ရင်တောင် ကားဆိုက်ရောက်မယ့်အချိန်ကို တွေ့မြင်ရတဲ့အထိတိုးတက်မှုရှိခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက တကျော့ပြန်အဆိုးသံသရာထဲကို ပြန်ရောက်စေခဲ့ပါတယ်။

လေးနှစ်တာအတွင်း ရန်ကုန်လူထု အားထားရတဲ့ ဘတ်စ်ကားတွေဟာ ယာဉ်လိုင်းတွေတိုးလာပေမဲ့ ယာဉ်အစီးရေကျဲပါးလာပြီး ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေနဲ့ နေ့စဉ်အသုံးပြုသွားလာနေရတယ်လို့ ခရီးသည်တွေက ဘီဘီစီကို ပြောကြပါတယ်။

"မျက်စိရှေ့ခါးပိုက်နှိုက်နေတာကိုမပြောရဲဘူး" - YBS ခရီးသည်

၂၀၁၇ နှစ်တုန်းက YBS ယာဉ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ နှစ်တုန်းက YBS ယာဉ်မြင်ကွင်း

စစ်အာဏာသိမ်းလေးနှစ်တာအတွင်း YBS ခရီးသည်တွေအတွက် အကြီးဆုံးစိန်ခေါ်ချက်က ခါးပိုက်နှိုက် အန္တရာယ်ပဲ ဖြစ်ပါတယ်။

ဘတ်စ်ကားတွေပေါ် ခါးပိုက်နှိုက်တာတွေကို မျက်မြင်တွေ့သူက ထုတ်ဖော်ပြောကြားရင်တောင် အန္တရာယ်ပြုခံရနိုင်တယ်လို့ ခရီးသည်တွေဆီက သိရပါတယ်။

"မျက်စိရှေ့ခါးပိုက်နှိုက်နေတာကို မပြောရဲဘူး" လို့ ရွှေပေါက်ကံမှာနေထိုင်တဲ့ မဖြူက ပြောပါတယ်။

မဖြူတစ်ယောက် ခါးပိုက်နှိုက်ဖြစ်စဉ်ရဲ့ မျက်မြင်လည်းဖြစ်ခဲ့ဖူးသလို အရစ်ကျငွေပေးချေစနစ် နဲ့ဝယ်ယူထားတဲ့ သူ့ရဲ့ လက်ကိုင်ဖုန်းလည်း ခါးပိုက်နှိုက်ခံရဖူးပါတယ်။

"YBS ၈၉ ပေါ်မှာ အနှိုက်ခံခဲ့ရတာလေ။ ဆူးလေ နဲ့ ဘိုကလေးဈေးကြားမှာတင် အနှိုက်ခံခဲ့ရတယ်" လို့ သူ့ဖြစ်စဉ်အကြောင်း မဖြူက ပြန်ပြောပြပါတယ်။

၂၀၁၇ နှစ်တုန်းက YBS ယာဉ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ နှစ်တုန်းက YBS ယာဉ်မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်တုန်းက ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ဝန်ထမ်းတချို့ကို ခါးပိုက်နှိုက်တွေက အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့တဲ့ဖြစ်စဉ်က သတိပေးခေါင်းလောင်း ထပ်ထိုးလိုက်သလိုပါပဲ။

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဝန်ထမ်းတွေကိုခြိမ်းခြောက်ခဲ့တဲ့ ခါးပိုက်နှိုက်နှစ်ဦးကို ဖမ်းဆီးဖို့ကြိုးစားရာကနေ စစ်ကောင်စီက ခါးပိုက်နှိုက်ရာချီကို ဖမ်းမိခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက်ကနေ ၃၁ ရက်အတွင်း YBS ဘတ်စ်ကားတွေပေါ် ခါးပိုက်နှိုက်သူ အယောက် ၁၂၀ ကို ဖမ်းဆီးရမိခဲ့တယ်လို့ YRTC ရဲ့ အတွင်းရေးမှူး ဦးလျန်ကျင့်မန်က သတင်းဌာနတချို့ကို ဖြေကြားခဲ့တာပါ။

ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီး ၆ ဦး ပါဝင်ပါတယ်။

လှိုင်သာယာမြို့နယ်အနောက်ပိုင်းနဲ့ အင်းစိန်မြို့နယ်မှာ အများဆုံးဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ခါးပိုက်နှိုက်တွေကိုဖော်ထုတ်ဖို့အပါအဝင် ခရီးသည်တွေလုံခြုံရေးအတွက် YBS ဘတ်စ်ကားတွေပေါ်မှာ စောင့်ကြည့်ရေးကင်မရာ စီစီတီဗီတွေပိုမိုတပ်ဆင်ထားပြီလို့ ဆိုပါတယ်။

"တချို့ကားတွေမှာ စီစီတီဗီတွေက တပ်သာတပ်ထားတာ အချက်အလက်ထိန်းသိမ်းပေးတဲ့ပစ္စည်းကိရိယာ (Memory Card) မတပ်ထားဘူး။ ဒီတော့ ဘာမှတ်တမ်းမှ မရနိုင်ဘူး" လို့ မဖြူက ဆိုပါတယ်။

YBS ကို နေ့စဉ်စီးနင်းတဲ့ မဖြူဟာ စစ်အာဏာမသိမ်းခင်က ဒီဘတ်စ်ကားလိုင်းတွေမှာ စီစီတီဗီ တပ်ဆင်ပေးသူ အဖြစ် အလုပ်လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

စီစီတီဗီတွေကို ခရီးသည်တွေက ပြန်လည်တောင်းခံကြည့်ရှုနိုင်ပေမဲ့ ဒီလိုကြည့်ခွင့်ရဖို့အတွက် အချိန်ကြာမြင့်အောင် စောင့်ဆိုင်းရတတ်ပါတယ်။

ဒါကြောင့် သူ့ဖုန်းခါးပိုက်နှိုက်ခံရချိန်မှာ စီစီတီဗီကိုပြန်မကြည့်ခဲ့သလို ရဲစခန်းကိုလည်း တိုင်ကြားတာတွေ မလုပ်တော့ဘူးလို့ မဖြူက ရှင်းပြပါတယ်။

YBS ခရီးသည်တွေဟာ ခါးပိုက်နှိုက်အန္တရာယ်အပြင် ဘတ်စ်ကားအရေအတွက်နည်းပါးလာတာကြောင့် ကားနဲ့ စီးနင်းသူဦးရေ မညီမျှတဲ့ဒဏ်ကိုလည်း ရင်ဆိုင်နေရပါတယ်။

YBS ကားတွေ ဘာလို့နည်းသွားတာလဲ

၂၀၁၇ ခုနှစ် YBS စနစ်ပြောင်းကာစမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ် YBS စနစ်ပြောင်းကာစမြင်ကွင်း

"YBS 36 ဆို ဂိတ်အစကနေစီးတာတောင် တစ်ခါတစ်ခါထွက်ဖို့ကို နာရီဝက်ကျော်ကြာတယ်။ ထွက်တဲ့ကား နည်းတော့ ထွက်မယ့်ကားက ဂိတ်စမှာတင် လူအပြည့်တင်တော့တာလေ" လို့ ဘတ်စ်ကား စီးနင်းရတဲ့ အတွေ့အကြုံကို မဖြူက ပြောပြပါတယ်။

ရွှေပေါက်ကံကနေ ဆူးလေမြို့လယ်ခေါင်အထိ နေ့စဉ်အလုပ်တက်နေရတဲ့ မဖြူရဲ့ တစ်နေ့တာ ၂၄ နာရီ မှာ ၄ နာရီနီးပါးက YBS ယာဉ်တွေပေါ်မှာ အချိန်ကုန်ဆုံးနေပါတယ်။

ယာဉ်အစီးရေနည်းတာ‌ကြောင့် ရုံးတက်ရုံးဆင်းချိန်တွေမှာဆိုရင် လာတဲ့ဘတ်စ်ကားပေါ်ကို ခရီးသည်တွေ စုပြုံတက်ရလေ့ရှိပါတယ်။

ဒီလိုလူအမြောက်အများ တိုးကြိတ်စီးနင်းရတာကြောင့် ရုပ်ပိုင်းရောစိတ်ပိုင်းမှာပါ ပင်ပန်းနွမ်းနယ်တဲ့ဒဏ်တွေ ခံစားရတယ်လို့ YBS ခရီးသည်တွေက ရင်ဖွင့်ကြပါတယ်။

ဇန်နဝါရီလက ရုံးတက်ရက်တစ်ရက်မှာ ဘတ်စ်ကားပေါ်ကအဆင်း မူးမေ့လဲကျတဲ့အထိ ဖြစ်ခဲ့တဲ့နောက် "ဘတ်စ်ကားမစီးနိုင်တော့လို့ ကျွန်မအလုပ်ပါ ထွက်လိုက်ပြီ" လို့ မဖြူက ပြောပါတယ်။

စစ်အာဏာသိမ်းလေးနှစ်တာအတွင်း နယ်စပ်ကုန်သွယ်ရေးရပ်တန့်တာနဲ့ ကားအပိုပစ္စည်းတွေဈေးနှုန်းကြီးမြင့်လာတာက ရန်ကုန်မြို့မှာနေ့စဉ်ပြေးဆွဲပေးနိုင်တဲ့ YBS ဘတ်စ်ကားအရေအတွက် လျော့ကျသွားစေတယ်လို့ YBS ယာဉ်လိုင်းပိုင်ရှင်တွေက ပြောပြကြပါတယ်။

ဒါတွေဟာ YBS ယာဉ်လိုင်းပိုင်ရှင်တွေရဲ့ အခက်အခဲတွေထဲက အရေးတကြီးဖြေရှင်းဖို့လိုအပ်တဲ့ စိန်ခေါ်ချက်တွေ ဖြစ်ပါတယ်။

"၂၀၂၁ ခုနှစ်ကဆိုရင် ကားတာယာအသစ်တစ်လုံးက နှစ်သိန်းခွဲပတ်ချာလည်လောက် ရှိတယ်လေ။ ဒီနေ့က ၈ သိန်းကနေ ၁၀ သိန်းလောက်ဖြစ်နေပြီ" လို့ ကားအပိုပစ္စည်းဈေးတက်လာတာကြောင့် ဝင်ငွေနဲ့ ကားပြင်ဆင်စရိတ် မလုံလောက်တဲ့အခြေအနေဖြစ်လာတဲ့အကြောင်း YBS ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ရှင်းပြပါတယ်။

ကားတစ်စီးကို ပျမ်းမျှပြင်ဆင်စရိတ်က မြန်မာငွေကျပ်သိန်း ၉၀ နဲ့ သိန်း ၁၀၀ ကြားမှာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါအပြင် လိုအပ်တဲ့ ကားအပိုပစ္စည်းတွေကိုလည်း လုံလုံလောက်လောက် ဝယ်ယူလို့မရတဲ့ အခက်အခဲကလည်း ရှိပြန်ပါတယ်။

နိုင်ငံတဝန်းက တိုက်ပွဲတွေကြောင့် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေးရော ထိုင်း - မြန်မာနယ်စပ် ကုန်သွယ်ရေးပါ ရပ်တန့်လုနီးပါးဖြစ်နေတာကလည်း ဈေးကွက်မှာကားအပိုပစ္စည်းရှားပါးစေပါတယ်။

ပြင်ဆင်စရိတ်ကြီးမြင့်တာနဲ့ ကားအပိုပစ္စည်းရှားပါးတာတွေကြောင့် ရန်ကုန်မှာ လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေရဲ့ ကြံ့ခိုင်မှုကို ခရီးသည်တွေက မေးခွန်းထုတ်လာကြပါတယ်။

"ကြံ့ခိုင်မှုကိုပြောရမယ်ဆိုရင် နောက်ကြည့်မှန်က အိမ်မှာသုံးတဲ့မှန် သုံးထားတာ။ လက်ကိုင်တန်းတွေလည်း မရှိတော့ဘူး၊ ဝါးလုံးတန်းတွေနဲ့လေ" လို့ မဖြူက ရယ်ရယ်မောမောနဲ့ ပြောပါတယ်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ကညန) မှာ ဘတ်စ်ကားတွေရဲ့ ကြံ့ခိုင်မှုကို တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးလေ့ရှိပါတယ်။

"စစ်တော့ မအောင်တာတွေများတယ်။ ကြံ့ခိုင်မှုမရှိတော့ အအောင်မပေးဘူး၊ ဒီမှာကလည်း ပစ္စည်း ဝယ်မရတော့ ပြင်မရဘူး။ အဲဒီပြဿနာတွေ တက်နေတယ်" လို့ YBS ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက YBS စီးနင်းသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်တုန်းက YBS စီးနင်းသူတွေ

YBS စနစ်စတင်ပြောင်းလဲချိန် ၂၀၁၇ ခုနှစ်တုန်းကဆိုရင် ဘတ်စ်ကားအစီးရေ ၂,၆၀၀ ကျော်ကိုသာ ကားအသစ်နဲ့ အစားထိုးလဲလှယ်ပေးထားခဲ့ပါတယ်လို့ အာဏာပိုင်တွေက ထုတ်ပြောထားခဲ့ပါတယ်။

အဲဒီအချိန်ကတည်းက လဲလှယ်ဖို့ ကားအရေအတွက်က ၂,၀၀၀ နီးပါး ကျန်နေသေးတာပါ။

လက်ရှိမှာတော့ ယာဉ်လိုင်းတွေမှာရှိတဲ့ ယာဉ်အစီးရေရဲ့ ၅၀ ရာခိုင်နှုန်းနဲ့သာ ပုံမှန်ပြေးဆွဲနေရတယ်လို့ ယာဉ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

၂၀၂၃ ခုနှစ်နောက်ပိုင်း ပြေးဆွဲနိုင်တဲ့ ဘတ်စ်ကားအရေအတွက် လျော့လာတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကနေ ကော်မတီ (YRTC) အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက် ယာဉ်လမ်းကြောင်းတချို့ကို ပြောင်းလဲသတ်မှတ်ကာ YBS ယာဉ်လိုင်းအသစ်တွေ တိုးပေးခဲ့ပါတယ်။

YRTC ရဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ် ထုတ်ပြန်ချက်အရတော့ နေ့စဉ် ယာဉ်အစီးရေ ၃,၅၀၀ ကျော်နဲ့ လည်ပတ်နေပြီး ခရီးသည် ၁ သန်းအထက်အသုံးပြုနေတယ်လို့ သိရပါတယ်။

"ယာဉ်လိုင်းတွေ အရှုံးပေါ်နေပြီ" – YBS ယာဉ်ပိုင်ရှင်

၂၀၂၄ ခုနှစ်မှာ ရန်ကုန်ဘတ်စ်ကားလိုင်းကုမ္ပဏီတွေ အရှုံးပေါ်တယ်လို့ လုပ်ငန်းရှင်တွေက ဘီဘီစီကို ပြောပါတယ်။

"၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်ကတော့ မရှုံးလည်းမရှုံးဘူး။ မြတ်လည်းမမြတ်ဘူး" လို့ YBS ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဘဏ္ဍာရေးအခြေအနေကို နှိုင်းယှဉ် ပြောပြပါတယ်။

YBS စနစ်ပြောင်းလဲပြီးနောက် လုပ်ငန်းအများစုဟာ ဘဏ်ချေးငွေနဲ့လည်ပတ်နေကြပြီး အရင်းကြေ ကာလ ၅ နှစ်အတွက် ပုံမှန်အတိုင်း ဘဏ်တိုးပေးနိုင်တဲ့ အခြေအနေပါ။

"ပုံမှန်အတိုင်း ဘဏ်တိုးပေးနိုင်ပေမဲ့ ၂၀၂၄ ခုနှစ်ထဲမှာတော့ မပေးနိုင်တဲ့လတွေရှိတယ်။ အတိအကျဆို ဖေဖော်ဝါရီနောက်ပိုင်းကတည်းက လတိုင်းဘတ်ဂျက်တွေ ပေါက်နေတာလေ" လို့ သူက ဆက်ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်က YBS ပေါ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ပြည့်နှစ်က YBS ပေါ်မြင်ကွင်း

ဒီလိုဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်ချက်တွေအပြင် YBS ယာဉ်လိုင်းပိုင်ရှင်တွေ နောက်ထပ်ကြုံတွေ့လာရတဲ့ စိန်ခေါ်ချက်က အလုပ်သမားရှားပါးတဲ့ပြဿနာပါ။

မနှစ် ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် လူငယ်တွေ အကြောင်းအမျိုးမျိုးနဲ့ ပြည်တွင်းကိုစွန့်ခွာခဲ့ကြတာက အလုပ်သမားရှားပါးမှုကို ဖြစ်လာစေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါအပြင် ယာဉ်စည်းကမ်းနဲ့အညီမောင်းနှင်တဲ့ ယာဉ်မောင်းတွေရဲ့ အရည်အသွေးကလည်း သက်ရောက်မှု ရှိနေပြန်တာပါ။

လေးနှစ်ကျော်ကာလအတွင်း ယာဉ်မောင်းတွေရဲ့ ယာဉ်စည်းကမ်းလိုက်နာမှုအားနည်းလာတာကိုလည်း ခရီးသည်တွေရဲ့ အပြောအရရော လူမှုကွန်ရက်စာမျက်နှာပေါ်တက်လာတဲ့ ဗီဒီယိုတွေအရပါ တွေ့နိုင် ပါတယ်။

ဖေဖော်ဝါရီတတိယအပတ်ထဲမှာဆိုရင် YBS ယာဉ်မောင်းတစ်ဦးဟာ ခြေထောက်နှစ်ဖက်စလုံးကို ပုလ္လင်ခွေ ထိုင်ကာ စတီယာတိုင်ကို လက်တစ်ဖက်နဲ့ကိုင်ကာ မောင်းနှင်နေတဲ့ ဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့ပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ဇန်နဝါရီကနေ ဇွန်အထိ ၆ လတာအတွင်းမှာ YBS ယာဉ်မောင်းတွေကို ဖမ်းဆီးအရေးယူထားတဲ့ အမှုပေါင်း ၃ သောင်းကျော်ရှိတယ်လို့ YRTC အချက်အလက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ယာဉ်လိုင်းပိုင်ရှင်တွေရဲ့ အပြောအရလည်း ယာဉ်မောင်းတွေကို ဆေးစစ်တဲ့အခါမှာလည်း မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားတာ တွေ့ရှိရပြီး ဆေးကျသူတွေများလာတယ်လို့ သိရပါတယ်။

"ဆေးကျတာကလည်း ၂၀ ရာခိုင်နှုန်းလောက်ရှိတယ်။ မူးယစ်ဆေးသုံးတဲ့သူတွေကို ဖယ်ကိုဖယ်ရမှာဆိုပေမဲ့ အစားထိုးဖို့မရှိဘူး" လို့ YBS ယာဉ်လိုင်းပိုင်ရှင်တစ်ဦး က ပြောပါတယ်။

ဘတ်စ်ကားခ တိုးကောက်တာက အဖြေလား

ဘတ်စ်ကားခတိုးကောက်တာက အဖြေလား

ဓာတ်ပုံ ရင်းမြစ်, Ye Myo Khant, MPA

စိန်ခေါ်ချက်တွေကို အချိန်မီမဖြေရှင်းနိုင်ရင် ၂၀၂၅ ခုနှစ်ထဲမှာ လုပ်ငန်းရပ်သွားမယ့် ဘတ်စ်ကားလိုင်းတွေ ရှိနိုင်တယ်လို့ လုပ်ငန်းရှင်တွေက အခိုင်အမာပြောကြပါတယ်။

ဒါကြောင့် ပြင်ဆင်စရိတ်လျှော့ချနိုင်ဖို့အတွက် ကားအပိုပစ္စည်းတွေ ပိုပြီးဝယ်ယူရ လွယ်ကူအောင် တင်းကျပ်မှုလျော့ပေါ့တာက ဖြေရှင်းနည်းတစ်ခုလို့ သုံးသပ်ကြပါတယ်။

စစ်ကောင်စီဟာ ပြည်ပကနေ သွင်းကုန်လိုင်စင် (ပါမစ်) တွေချပေးတာကို တင်းကျပ်ထားပြီး ပါမစ်မပါတဲ့ ကုန်ပစ္စည်းတွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပါ အရေးယူသွားမယ်လို့ တရားဝင်ထုတ်ပြန်ထားတာပါ။

"Supply (ရောင်းလိုအား) နဲ့ Demand (ဝယ်လိုအား) မမျှဖြစ်နေတာပါ။ ကားပစ္စည်းသွင်းဖို့ ပါမစ်တွေလည်း များများထုတ်ပေးဖို့လိုတယ်" လို့ YBS ယာဉ်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

မထသစနစ်တုန်းက ငွေကိုင် စပယ်ယာတစ်ဦးမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မထသစနစ်တုန်းက ငွေကိုင် စပယ်ယာတစ်ဦးမြင်ကွင်း

နောက်ထပ်ဖြေရှင်းနည်းတစ်ခုအဖြစ် ယာဉ်ပြင်ဆင်စရိတ်နဲ့ ကုန်ဈေးနှုန်းတွေကို ကာမိဖို့အတွက် ယာဉ်စီးခကို ကျပ် ၅၀၀ ဒါမှမဟုတ် ၆၀၀ ပြောင်းလဲကောက်ခံဖို့ အာဏာပိုင်တွေကို YBS ယာဉ်လိုင်း ပိုင်ရှင်တွေက တင်ပြနေကြတာပါ။

"ပုံသေ ၅၀၀ ဒါမှမဟုတ် ခရီးစဉ်ကို ၃၀၀ နှစ်ပိုင်းခွဲတာမျိုး ပြောင်းလဲဖို့ပါ" လို့ အစည်းအ‌ဝေးတွေမှာ တင်ပြကြတဲ့အကြောင်း YBS ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြန်ပြောပြပါတယ်။

ဒါပေမဲ့ YBS ယာဉ်စီးခဟာ နှစ်ဆတိုးထားပြီးဖြစ်ပါတယ်။

အာဏာမသိမ်းခင်က ခရီးစဉ်အစအဆုံးကို မြန်မာငွေကျပ် ၂၀၀ ပဲရှိခဲ့ပေမဲ့ အခုတော့ ငွေကျပ် ၄၀၀ ရှိပါတယ်။

"၅၀၀ တန်ပေးရင် တစ်ရာပြန်မအမ်းတာ၊ တစ်ထောင်တန်ပေးရင် ၅၀၀ ပဲ ပြန်အမ်းကြတယ်" လို့ မဖြူက ပြောပါတယ်။

YBS ခရီးသည်တစ်ဦးဟာ တစ်ရက်ကို ပျှမ်းမျှ ယာဉ်စီးခ ၁၀၀၀ ကျပ် ကုန်ကျနေတာပါ။

ဒီအတွက် တစ်လကုန်ကျစရိတ်ဟာ အခြေခံအလုပ်သမားတစ်ဦး တစ်လဝင်ငွေရဲ့ ဆယ်ပုံမှာ နှစ်ပုံစာလောက် ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ဘက်ကလည်း ယာဉ်စီးခ တိုးမြှင့်ကောက်ခံဖို့တင်ပြတာနဲ့ပတ်သက်လို့ တိကျတဲ့တုံ့ပြန်ချက်မရှိသေးဘူးလို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

အခုလို ခရီးသည်၊ ယာဉ်ပိုင်ရှင်တွေရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအပေါ် ဖြေရှင်းဆောင်ရွက်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ YRTC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလျန်ကျင့်မန်ကို ဘီဘီစီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားပေးတာမရှိပါဘူး။

ဘီဘီစီက စကားပြောခွင့်ရတဲ့ ခရီးသည်တွေကတော့ လေးနှစ်တာအတွင်း အဆိုးသံသရာတကျော့ပြန်လာတဲ့ YBS စနစ်ကို ပြန်လည်ပြုပြင်ဖို့အတွက် မျှော်လင့်နေကြပါတယ်။