ရန်ကုန် ဘတ်စ်ကားအချို့ပေါ်မှာ အုပ်စုလိုက် လုယက်မှုတွေဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ရန်ကုန်မြို့က ဘတ်စ်ကားအချို့ပေါ်မှာ နေ့ခင်းပိုင်းအချိန် အုပ်စုလိုက် ဓားထောက်ပြီး လုယက်မှုတွေ အခုရက်ပိုင်း ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တွေ့ကြုံရသူတွေက ဘီဘီစီကို ပြောပါတယ်။
မနေ့က နိုဝင်ဘာ ၅ရက် တစ်ရက်တည်းမှာတင်ပဲ YBS 22 နဲ့ YBS 94 ပေါ်မှာ အုပ်စုလိုက် ဓားထောက်ပြီးလုတာနဲ့ ရိုက်နှက်လုယက်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တွေကြုံရသူတွေက ပြောကြပါတယ်။
YBS 22 ယာဥ်လိုင်းဟာ လှိုင်သာယာ အနောက်ပိုင်းတက္ကသိုလ်ကနေ ရန်ကုန်မြို့လယ် အနီးက သခင်မြပန်းခြံနဲ့ ပြေးဆွဲတဲ့ ယာဥ်လိုင်းဖြစ်ပြီးတော့ နေ့လယ်ပိုင်း ရန်ကုန်မြို့ထဲကနေ အင်းစိန်ဘက်ကို မောင်းလာတဲ့ ကားပေါ်မှာ လူ အုပ်စုလိုက်တက်လာပြီး ခရီးသည်တွေဆီက လုယက်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
YBS 94 ကတော့ ရန်ကုန်မြို့ထောက်ကြံ့လှော်ကား ဘက်က ကွန်ပျူတာ တက္ကသိုလ်နဲ့ ရန်ကုန်ဘူတာကြီး ပြေးဆွဲနေတဲ့လိုင်းဖြစ်ပြီးတော့ ကားပေါ်မှာ ခါးပိုက်နှိုက်တာကို မြင်တဲ့ခရီးသည်တစ်ဦးက ဖုန်းနဲ့ ဓာတ်ပုံရိုက်တာကို ဝိုင်းပြီးတော့ အုပ်စုလိုက်ရိုက်နှက်ခဲ့ကြတာ ဖြစ်တယ်လို့ ကိုယ်တွေ့ကြုံသူတွေက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
နိုဝင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့နယ် ဗဟိုလမ်းပေါ်မှာ မောင်းနှင်တဲ့ YBS 22 ပေါ်မှာ လုယက်ခဲ့သူတွေဟာ အမျိုးသား ၆ဦးဖြစ်တယ်လို့ ဆိုပါတယ်။
ခရီးသည်တချို့ကို ဓားနဲ့ထောက်ပြီး ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို ယူဆောင်သွားတယ်လို့ လည်း ဆိုပါတယ်။
YBS 94 ကား ပေါ်က ဖြစ်စဉ်ကတော့ မတ်တပ်ရပ်ပြီး စီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖုန်းကို ခါးပိုက်နှိုက်နေတာကနေ စတယ်လို့ ဆိုပါတယ်။
ဒီခါးပိုက်နှိုက်တာကို တွေ့ရှိခဲ့တဲ့ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးက ဓာတ်ပုံရိုက်တာကြောင့်ဆိုပြီး ခါးပိုက်နှိုက်သူရော ကားပေါ်လိုက်ပါလာတဲ့ အမျိုးသားတချို့ကပါ ရုတ်တရက် တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြတာလို့ ပြောပါတယ်။
ဒီ ဘတ်စ်ကားတွေပေါ်က လုယက်မှုနဲ့ ရိုက်နှက်မှုတွေဟာ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်နဲ့ လှိုင်မြို့နယ်တိုကို့ ဖြတ်သန်းမောင်းနှင်နေတဲ့ ဘတ်စ်ကားတွေ ပေါ်မှာဖြစ်ပွားခဲ့တယ်လို့ ကိုယ်တွေ့ကြုံသူတွေ ကပြောပါတယ်။
YBS 94 ကားပေါ်မှာ ခရီးသည် ခါးပိုက်နှိုက်ခံရပြီး လုယက်ခံရတာနဲ့ ပတ်သက်လို့ ဒီယာဥ်လိုင်းကို တာဝန်ယူပြေးဆွဲနေတဲ့ ကုမ္ပဏီဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ မဖြေကြားနိုင်ဘူးလို့ တုံပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဒါ့အပြင် ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း လူသတ်ပြီး အနုကြမ်းစီးတာတွေ၊ အသက်အန္တရာယ် ခြိမ်းခြောက်ပြီး လုယက်တဲ့ ဖြစ်စဉ်တွေလည်း ခပ်စိပ်စိပ် ဖြစ်လာပါတယ်။
ဆင်ခြေဖုံးမြို့နယ်တွေသာမက ရန်ကုန်မြို့လယ်ခေါင် အထိ ဖြစ်လာတဲ့ ဒီမှုခင်းတွေကို ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့အပေါ် မေးခွန်းထုတ်တာတွေ ရှိလာပါတယ်။
လူတွေကြားမှာလည်း မလုံခြုံမှုကြောင့် စိုးရိမ်ကြတာတွေ ရှိနေပါတယ်။
အခုလို နေ့လယ်ပိုင်း ဘတ်စ် ကားပေါ်မှာ အုပ်စုလိုက် ဓားထောက်လုယက်တာတွေ ရိုက်နှက်တာတွေရှိတဲ့အတွက် မလုံခြုံမှုကို ခံစားနေရတယ်လို့ ခရီးသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရန်ကုန်မြို့က လူအများစု နေ့စဉ်အသုံးပြုတဲ့ YBS ဘတ်စ်ကားတွေပေါ်က ခါးပိုက်နှိုက်မှုတွေဟာ ရိုက်နှက်လုယက်မှုတွေအထိ ခပ်စိပ်စိပ်ဖြစ်လာသလိုပဲ ယာဥ်လိုင်းအများစုကလည်း ယာဥ်စည်းကမ်းတွေ မလိုက်နာကြတော့လို့ ယာဥ်တိုက်မှုတွေ ဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့ခံ ခရီးသည်တွေက ပြောပါတယ်။။
အခုလို ခရီးသည်တွေမလုံခြုံမှုအပြင် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်ဘတ်စ်ကားတွေပေါ်မှာ ယာဉ်အကူ စပယ်ယာတွေ ပြန်ရောက်လာတာ၊ တစ်စီးနဲ့တစ်စီး အပြိုင်မောင်းတာအပါအဝင် ယာဉ်စည်းကမ်းဖောက်ဖျက်တာတွေ များလာတယ်လို့ ထောက်ပြကြပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး မြို့ပြ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC) ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဒီကိစ္စတွေကို စုံစမ်းမေးမြန်းမှုတွေလုပ်နေပြီး အရေးယူမှုတွေလုပ်သွားမယ်လို့ ဘီဘီစီကို ပြောပါတယ်။
ရန်ကုန်မြို့ဟာ နိုင်ငံတစ်၀န်းက ရွှေ့ပြောင်းလုပ်သားတွေ အများဆုံး လာရောက်အလုပ်လုပ်ကြတဲ့စီးပွားရေး မြို့တော်ဖြစ်ပြီး အခြေခံလူတန်းစားတွေ အားလုံးဟာ YBS ကို အဓိကထား အသုံးပြုကြတာပါ။
နေ့စဉ် YBS ဘတ်စ်ကားစီးတဲ့ ခရီးသည် အနည်းဆုံး ၈သိန်းနဲ့ ၁၀သိန်းကြားမှာ ရှိပြီး ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ အစီးရေ ၃၀၀၀ ကျော်နဲ့ ပြေးဆွဲနေတာဖြစ်တယ်လို့ သိရပါတယ်။








