ဒုစရိုက်မှုတွေအဖြစ်များလာလို့ ရန်ကုန်မြို့ခံတွေ မလုံခြုံမှုခံစားရ

ရန်ကုန်က ဘတ်စကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေ စိုးမိုးမှုတွေလည်း နေရာစုံမှာ လျော့ရဲလာတဲ့အတွက် ပြည်သူတွေကြားမှာ အန္တရာယ်မျိုးစုံနဲ့ အရင်ကထက် ပိုပြီး ကြုံတွေ့လာကြရပါတယ်။

YBS ကားပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကားမှတ်တိုင် ၃ တိုင်လောက်ပဲ တက်စီးခဲ့ပေမယ့် အချိန် ခဏလေးအတွင်းမှာပဲ လွယ်ထားတဲ့ အိတ်ထဲက ပိုက်ဆံအိတ်နဲ့ တခြား အသေးအဖွဲလေးတွေ ထည့်ထားတဲ့ အိတ်ကို ဓားနဲ့ခွဲပြီး ခါးပိုက်နှိုက်တာခံခဲ့ရတယ်လို့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

"တစ်ခုခုဆိုရင် အော်တာတို့ ပြန်ခံလုပ်တာတို့ ပြန်မလုပ်ရဲတော့ဘဲ ငြိမ်ခံရတော့တဲ့ သဘောဖြစ်နေတယ်။ ရဲတိုင်လို့လည်း မဖြစ်တဲ့ ကာလဆိုတော့လေ။ ကားပေါ်ကဆင်းတော့ ဆင်းဆင်းချင်းပဲ သိလိုက်လို့ ကျွန်မအိတ် အခွဲခံရလို့ လို့ အော်လည်း ဝိုင်းကြည့်ကြတာကလွဲပြီး ဘာမှ မလုပ်ပေးကြဘူး။ "

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်မှာလည်း မိသားစုသုံးယောက်စီးလာတဲ့ ဘက်ထရီ စက်ဘီးကို ကားတစ်စီးက ဝင်တိုက်ပြီး မောင်းပြေးသွားတာကြောင့် စက်ဘီးစီးလာတဲ့ ဇနီးမောင်နှံနှစ်ဦးလုံး သေဆုံးခဲ့ပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ မိသားစုသုံးဦးအတူတူ စက်ဘီးစီးလာကြရာက အဖေနဲ့ အမေ မျက်စိရှေ့တင် ရုတ်တရက်ဆုံးပါးသွားတဲ့ အခါ ဖြစ်သွားမယ့် ကလေးရဲ့ စိတ်ခံစားချက်ကို နားလည်ပေး စာနာပေးဖို့နဲ့ တိုက်သွားတဲ့ ကားမောင်းတဲ့သူကို အမြန်ဆုံး လာရောက် ဝန်ခံဖို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။

တရားဥပဒေစိုးမိုးမှု မရှိတဲ့နောက်မှာတော့နောက်ဆက်တွဲတွေအနေနဲ့ လူတွေ သေဆုံးလောက်တဲ့ အထိ ကားနဲ့တိုက်သွားခဲ့သူကတော့ ကားမောင်းပြေးသွားခဲ့ပြီး ဘယ်သူမှန်း မသိရဘဲ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

ည ၁၀ နာရီကနေ မနက် ၄ နာရီ အထိ ညမထွက်ရ အမိန့်ကို စစ်ကောင်စီက ချမှတ်ထားဆဲဖြစ်တဲ့အတွက် အာဏာမသိမ်းခင်က ၂၄ နာရီလုံးစည်ကားနေပြီး ကားအသွားအလာ မပြတ်တဲ့ နေရာတွေမှာလည်း အခုအာဏာသိမ်းပြီးနောက်ပိုင်းမှာ ည ၈ နာရီ ဝန်းကျင်လောက်ဆိုရင် လမ်းမတွေပေါ်မှာ လူမရှိသလောက် နည်းပါးသွားတာကို တွေ့နိုင်ပါတယ်။

အဲဒါနဲ့ ပတ်သတ်ပြီး ည ၈ နာရီမှာ အိမ်ပြန်ရတဲ့ အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

" ဆိုင်နဲ့ အိမ်နဲ့က တစ်ရပ်ကွက်တည်းပဲဆိုတော့ လမ်းလျှောက်ပြီးပဲ ပြန်ဖြစ်တယ်။ ကားတွေက အဲဒီအချိန်ဆို တအားမောင်းတာ။ လမ်းကူးဖို့ဆို သေချာ ဂရုစိုက်ရတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ခါနီးတုန်းက ဘောနပ်စ်လေးရလာတာ။ မနည်း ဘုရားတ ပြီးအိမ်ပြန်ရတယ်။ လုရင် ယက်ရင် အရင်လို တိုင်လို့တောလို့လည်း ရတော့တာမဟုတ်တော့ ကိုယ့်ဟာကိုယ်ပဲ ကာကွယ်ရတယ်။ အိတ်ထဲ ထောက်စူး ဆောင်ထားဖြစ်တယ်" လို့ သူ့အတွေ့အကြုံကို ပြောပါတယ်။

ညအချိန်တွေ လူအသွားအလာပြတ်တဲ့အချိန်တွေမှာ ဒုစရိုက်မှုတွေ ဖြစ်လာတာရှိသလို အခုနောက်ပိုင်းမှာတော့ မနက်အစောပိုင်းအချိန်၊ နေ့လယ်၊ ညနေ စတဲ့ အချိန်တွေမှာပါ ဒုစရိုက်မှုတွေကို တွေ့လာရပါတယ်။

ရန်ကုန်မြို့က ဘတ်စကား စောင့်နေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က ညပိုင်း ဘတ်စကား စောင့်နေကြသူတွေ

ရွှေဆိုင်တွေမှာ ရွှေ ဝယ်သူဟန်ဆောင်ပြီး ရွှေထည်ပစ္စည်းတွေ ခိုးယူတာတွေ၊ လုယက်တာတွေ၊ ဓားပြတိုက်တာတွေကလည်း နေ့ခင်းအချိန်တွေမှာ ဖြစ်လာနေပါတယ်။

အိမ်တွေကို ဖောက်ထွင်းတာ၊ ပစ္စည်းခိုးယူတာတွေကိုလည်း နေ့ခင်း၊ နေ့လယ်တွေမှာပြုလုပ်လာကြတာ ရှိနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ဆိုင်ကယ် အပ်ထားတဲ့နေရာကနေ ဆိုင်ကယ်ကို ခိုးယူခံရတာမျိုး ပြီးခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တာလည်း ရှိပါတယ်။

ကိုယ်တိုင်ဖြစ်ခဲ့တဲ့ မန္တလေးမြို့က အမျိုးသမီးတစ်ဦးက " ဆိုင်ကယ်ကို ဆိုင်ကယ်အပ်တဲ့နေရာမှာ အပ်ခဲ့တာ။အပ်ပြီး ပြန်သွားယူတော့ မရှိတော့ဘူး။ အခိုးခံလိုက်ရတယ်။ ဒီတိုင်းရပ်ထားတာကို ခိုးခံရတာ မဟုတ်ဘူးနော်။ ဆိုင်ကယ် အပ်ရန်ဆိုတဲ့နေရာမှာ အပ်ခဲ့တာကို အခိုးခံရတာ။ ကိုယ့်လိုပဲ ဆိုင်ကယ်အခိုးခံရသူတွေ အများကြီးပဲ" လို့ သူကြုံခဲ့ရပုံကို ပြန်ပြောပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ YBS တစ်စီးပေါ်ကို ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိတာတွေ ဖြစ်နေတဲ့အပေါ် ရှေ့နေတစ်ဦးက အခုလို ပြောပါတယ်။

" အဓိကကတော့ တာဝန်ရှိတာတော့ ရဲတပ်ဖွဲ့ပေါ့။ ရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးရေးကို လုပ်ရမယ့်အစား နစကနဲ့ ပူးတွဲပြီး နစကကို ဆန့်ကျင်တဲ့သူတွေကို အရေးယူဖို့ပဲ အာရုံစိုက်နေတဲ့အခါကျတော့ တခြားဘက် တကယ်လုပ်ရမယ့်ဘက်မှာ မလုပ်နိုင်တော့ဘူးပေါ့။ "

" နှစ်ပိုင်းရှိတယ်။ ကိုဗစ်ကြောင့် စီးပွားရေးကျပ်တည်းလာတာရယ် အာဏာသိမ်းပြီးနောက် စီးပွားရေးကျပ်တည်းလာရယ် ကြောင့် အမြဲတမ်း ရာဇဝတ်ကောင်ပေါ့။ ခိုးဆိုးလုယက်တာပဲ လုပ်တဲ့သူနဲ့ ခုမှ လွယ်လွယ်နဲ့ ရလာလို့ လက်ရဲဇက်ရဲလုပ်လာတဲ့သူတွေကြောင့်လည်း ရာဇဝတ်မှုတွေက ပိုပိုများများလာတဲ့ သဘောပဲ။"

" ဖမ်းမိတယ်လည်း မကြားဘူးဆိုတော့ ပိုပို များလာကြ၊အတင့်ရဲလာကြတယ်။ YBS ကားကို ဓားပြတိုက်တာဆို ကြားကိုမကြားဖူးတဲ့ အခြေအနေတွေ ဖြစ်လာတာ။ ပိုပိုဆိုးလာဖို့ပဲ ရှိတော့တယ်။ " လို့ ပြောဆိုပါတယ်။

လုယက်ခံရသူ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, ဆွဲကြိုး၊ပိုက်ဆံအိတ်တွေကို ဆိုင်ကယ်နဲ့ လုယက်တာတွေ ပိုများလာတယ်လို့ မြို့ခံတွေပြော

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၇ နာရီ ခွဲ ဝန်းကျင်ကလည်း အမျိုးသမီးတစ်ဦးက ဦးရေခဲလမ်းထဲမှာ မုန့်ဟင်းခါး ဝယ်ပြီး အပြန် လက်တစ်ဖက်မှာ ပိုက်ဆံအိတ်နဲ့ဖုန်းကို တွဲလျက်ကိုင်ထားပြီး တစ်ဖက်ကလည်း မုန့်ထုတ်တွေနဲ့ ကားစောင့်နေတုန်းမှာပဲ ဆိုင်ကယ်နဲ့လာတဲ့လူနှစ်ယောက်က ဖုန်းနဲ့ ပိုက်ဆံအိတ်ကို လုပြေးသွားခဲ့တာကြုံခဲ့ရတယ်လို့ သူ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

" ည ၇ နာရီခွဲလောက် မုန့်ဟင်းခါးဝယ်ပြီး အဲဒီလမ်းက တစ်လမ်းမောင်းဆိုတော့ အိမ်က ကားပြန်လှည့်လာမယ့်အချိန်ကို မုန့်ထုတ်တွေကတစ်ဖက် ပိုက်ဆံအိတ်နဲ့ဖုန်းကတစ်ဖက် ကိုင်ပြီး စောင့်နေတာ။ ဆိုင်ကယ်တစ်စီးက လမ်းပြောင်းပြန်မောင်းလာပြီး ဆိုင်ကယ်ပေါ်ကလူက ကျွန်မပိုက်ဆံအိတ်နဲ့ ဖုန်းနဲ့ကိုလုပြီး မောင်းပြေးသွားတယ်။"

" ကားတွေ လူတွေ ဒီလောက်ရှုပ်တဲ့ အချိန်ကြီးနေရာကြီးကို ကျွန်မအော်ပေမယ့်လည်း တစ်ယောက်မှ မကူညီကြဘူး။ ဘာအော်နေတာလဲလို့ပဲ စူးစမ်းနေကြတယ်။ အဲဒီနားက ဟိုတယ်တွေလည်းရှိတော့ စီစီတီဗီတွေ ယူမယ်လို့စဉ်းစားမိသေးတယ်။"

" နောက်တော့ အဲဒီနားက ဖြစ်နေကျပဲဆိုပြီးပြော တာနဲ့ လူကလည်း ထူပူပြီး ဘာမှမလုပ်ဖြစ်လိုက်ဘူး။ အခုဆို ကျွန်မ အပြင်သွားခါနီးဆို ကြောက်တတ်လာတယ်။ စိုးရိမ်စိတ်တွေ ဖြစ်တတ်လာတယ်။အဲဒီအဖြစ်အပျက်ကို မေ့လို့မရသေးဘူး" လို့ ကိုယ်တိုင် ပိုက်ဆံအိတ်လုယက်ခံခဲ့ရတဲ့ အမျိုးသမီးက သူ့အဖြစ်အပျက်ကို ပြောပြခဲ့တာပါ။

ဒါ့အပြင် မြေပြင်မှာ ရဲအယောင်ဆောင်ပြီး လက်ထိပ်ခတ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေယူ၊လူကို လုယက်ပြီးမှ ပြန်လွှတ်တဲ့ဖြစ်စဉ်တွေ၊ အဖွဲ့လိုက် ညှပ် ဝိုင်းထားပြီး ဓားထောက်လုတဲ့ဖြစ်စဉ်တွေ၊ ဆွဲကြိုး၊ပိုက်ဆံအိတ် စတာတွေကို ဆိုင်ကယ်သုံးပြီး လုယက်နေတဲ့ ဖြစ်စဉ်တွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မျှဝေမှုတွေ အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာလည်း မြောက်ဒဂုံ မြို့နယ်ထဲမှာ စာသင်ပြီး စက်ဘီးနဲ့ ပြန်လာတဲ့ အသက်၃၀ ကျော် အရွယ်အမျိုးသမီးကို ဆိုင်ကယ်နဲ့ လူနှစ်ဦးက ဝိုင်းလုယက်ခဲ့ပြီး အမျိုးသမီးကပိုက်ဆံအိတ်ကို လွှတ်မပေးခဲ့တာကြောင့် ဆောင့်ဆွဲလိုက်ရာက စက်ဘီးလဲကျပြီး ပွန်းပဲ့ အသားနီလန် ဒဏ်ရာတွေရခဲ့ပြီး သတိလစ်မတတ်ဖြစ်သွားတာကြောင့် ရပ်ကွက်အတွင်းကပဲ လူနာတင်ယာဉ်နဲ့ ဆေးရုံပို့ပေးခဲ့ရတဲ့ အဖြစ်အပျက်လည်း ဖြစ်ခဲ့ပါသေးတယ်။

အဲဒီအမျိုးသမီးနဲ့ နီးစပ်သူတစ်ဦးက " နေ့လယ်ဘက်ကြီးဖြစ်တာ။ မလှမ်းမကမ်းမှာလည်း ကွမ်းယာဆိုင်တွေ လူတွေ ရှိနေတာကို လုတာ။ ပစ္စည်းတော့ မလွှတ်ပေးလို့ မပါသွားပေမယ့် လူတော့ ဒဏ်ရာတော်တော်ရသွားတယ်။ အဲဒီလို ဖြစ်စဉ်တွေ အခုတလော များလာတော့ အပြင်ထွက်တဲ့အခါ တော်တော်သတိထားရတယ်။ စက်ဘီးတောင် စီးမသွားရဲတော့ဘူး။ အဖော်နဲ့သွားတာမျိုးတွေ ဖြစ်လာတယ် " လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး မကြာခင်မှာပဲ မြောက်ဒဂုံ ၇၈ လမ်းဆုံမှာ ပိုက်ဆံထုတ်ပြီး အပြန် ပိုက်ဆံအိတ်နဲ့ ဖုန်းကို စက်ဘီးရှေ့ခြင်းထဲထည့်ပြီး အိမ်ပြန်လာတဲ့ အမျိုးသမီးတစ်ဦးကိုလည်း ဘေးကနေ ဆိုင်ကယ်နဲ့ ယှဉ်လိုက်ပြီး ပိုက်ဆံအိတ်နဲ့ဖုန်းကို လုယူသွားခဲ့ပြီး စက်ဘီးကိုလည်း လဲကျသွားအောင် ဆိုင်ကယ်နဲ့ တိုက်ပစ်ခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။

" ပိုက်ဆံထုတ်ပြီးပြန်လာတာ။အရင်လိုပဲ ပိုက်ဆံအိတ်နဲ့ဖုန်းကို စက်ဘီးရှေ့ခြင်းထဲ ထည့်ခဲ့တာပဲ။ ဘေးက ဆိုင်ကယ်နဲ့ ကပ်လိုက်လာပြီး ပိုက်ဆံအိတ်နဲ့ဖုန်းကို အရင်နှိုက်ယူတယ်။ ညီမက ကြောင်ပြီးကြည့်နေမိတာ၊ ချက်ချင်း သတိပြန်ရလို့ အော်မယ် လိုက်မယ်လုပ်တော့ သူ့နောက်ကို မလိုက်နိုင်အောင် စက်ဘီးကို ဆိုင်ကယ်နဲ့ ဝင်တိုက်ခဲ့တော့ လဲကျသွားပြီး ဒဏ်ရာရသွားတယ်။ ဆက်လည်းမလိုက်နိုင်တော့ဘူး။ ပိုက်ဆံအိတ်နဲ့ ဖုန်းတွေ အပြင် မှတ်ပုံတင်ပါ ပါသွားခဲ့တော့ တော်တော်ဒုက္ခရောက်ရတယ်။ " လို့ ကြုံခဲ့ရပုံကိုပြန်ပြောပြပါတယ်။

အလားတူ ဆိုင်ကယ်နဲ့ လုယက်တာတွေကို မြို့နယ်တော်တော်များများမှာ တွေ့လာရသလိုပဲ ဘက်ထရီ စက်ဘီး၊ဆိုင်ကယ် ၊ ရေမော်တာ ၊ ဝါယာကြိုး စတာတွေကို ဖြတ်တောက်ခိုးယူတာမျိုးတွေလည်း ကြုံနေကြရတယ်လို့ ကြုံတွေ့ခဲ့ဖူးသူတွေက ဆိုကြပါတယ်။

မန္ထလေးမြို့မှာ ခေါင်းကို ဓားရှည်နဲ့ ခုတ်ပြီး ဆိုင်ကယ်နဲ့ ဖုန်းတွေ လုယူခံခဲ့ရသူ

ဓာတ်ပုံ ရင်းမြစ်, ရွှေမဉ္ဇူပရဟိတအသင်း

ဓာတ်ပုံ ပုံစာ, မန္ထလေးမြို့မှာ ခေါင်းကို ဓားရှည်နဲ့ ခုတ်ပြီး ဆိုင်ကယ်နဲ့ ဖုန်းတွေ လုယူခံခဲ့ရသူ

သာကေတမြို့နယ်မှာလည်း ဝါယာကြိုးတွေ ဖြတ်တောက်ခိုးသွားတာကိုခံခဲ့ရသူတစ်ဦးက " ခိုးတဲ့သူကဘယ်လောက်ရမလဲတော့ မသိဘူး။ အိမ်မှာ အစအဆုံး မီးပြန်ရိုက်ရတာ ဝါယာပြန်ဆင်ရတာ တစ်သိန်းခွဲလောက်ကုန်သွားတယ်။ " လို့ ပြောပါတယ်။

ရှေ့နေအမျိုးသမီးတစ်ဦးကတော့ ဒီလိုဖြစ်စဉ်တွေ များလာတဲ့အပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

" တရားဥပဒေစိုးမိုးမှုဆိုတာ မရှိတော့တဲ့အတွက် ကိုယ့်ဟာကို သတိထားတာက အခုခေတ်နဲ့ ပိုဆီလျော်နေပါတယ်။ အပြင်ထွက်ရင် နှစ်ဦးလောက် ထွက်တာမျိုး၊ ပိုက်ဆံအိတ် ဖုန်း စတဲ့အရေးကြီးပစ္စည်းတွေကို ကိုယ်နဲ့မကွာဆောင်ထားတာမျိုး၊ ဥပမာ စက်ဘီးစီးတဲ့သူတွေက ခြင်းထဲအလွယ်ထည့်တာမျိုး စလွယ်သိုင်းအိတ်နဲ့ လွယ်တာမျိုးတွေ လုပ်ကြတယ်။ မလုပ်ပါနဲ့တော့။ "

" လည်ပင်းမှာ အိတ်နဲ့ ဆွဲထားတာမျိုးဆိုလည်း ရပါတယ်။ နောက်တစ်ခုက အော်ဟစ်အကူအညီတောင်းတာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒီကာလက တစ်ခုမှလည်း မိတာ မရှိတော့ ပိုပြီး အတင့်ရဲလာကြပြီး လွယ်လွယ်လုပ် လွယ်လွယ်ပိုက်ဆံရမယ့် ခိုးတာ လုတာကို ပိုလုပ်လာကြတာမို့ သတိရှိကြဖို့ အရေးကြီးတယ်" လို့ ဆိုပါတယ်။

သူကပဲ ဆက်ပြီး "တရားဥပဒေရှိတာတောင် လုပ်ရဲကြတာဆိုတော့ ဒီလို မင်းမဲ့စရိုက်ဆန်တဲ့ အမူအရာတွေဟာ ကြုံရနိုင်ပါတယ်။ ကိုယ့်အသိုင်းအဝိုင်း၊ကိုယ့်ရပ်ကွက်နဲ့ ကိုယ့်ပြည်သူအချင်းချင်းပဲ ပြန် ကူညီရမယ့် အခြေအနေဖြစ်နေပါပြီ"လို့ ပြောပါတယ်။

လက်ရှိမှာတော့ နေအိမ်တွေနဲ့ ဆိုင်တွေက ရေမော်တာတွေ၊ အိမ်ရှေ့သွယ်တန်းထားတဲ့ ဝါယာကြိုးတွေကို ဖြတ်ခိုးသွားတာတွေ၊ ဘက်ထရီ စက်ဘီးတွေကို မပြီး ကားပေါ်တင်သွားတာတွေ၊ ဖုန်းလုယက်ခံရတာတွေ၊ ပိုက်ဆံအိတ်အလုယက်ခံရတာတွေက မြို့နယ်တိုင်းနီးပါးမှာ ကြုံနေကြရပြီး ပြည်သူတွေအကြားမှာ စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။