"ကျွန်မတို့တော့ လမ်းပျောက်နေပြီ"

လှိုင်သာယာစက်မှုဇုန်အထည်ချုပ် အလုပ်သမားတစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Soe Than WIN/AFP/GettyImages)

 မဟေမာန် (အမည်လွှဲ) ဟာ အသက် ၂၆ နှစ်အရွယ် အထည်ချုပ်အလုပ်သမ တစ်ဦးဖြစ်ပြီးတော့ ရန်ကုန်မြို့ရောက် အခြားရွှေ့ပြောင်း အလုပ်သမားတွေလိုပဲ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့ ရှမ်းပြည်မြောက်ပိုင်းတစ်နေရာကနေ ရောက်လာခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်ကစပြီးတော့ သူအိမ်ကို လုပ်ခလစာကနေ ပုံမှန်ထောက်ပံ့နေတဲ့ ငွေကို မထောက်ပံ့နိုင်တော့ဘူးလို့ ဆိုပါတယ်။

ကုန်စျေးနှုန်းတွေ အခုရက်ပိုင်းအတွင်း ၃ ဆ လောက်တက်လာလို့ သူတို့ အထည်ချုပ်စက်ရုံက အလုပ်သမတွေ အများစုဟာ ပိုပြီး မလောက်မင ဖြစ်လာခဲ့ကြပါတယ်။

အိမ်ကိုလည်း ငွေမပို့နိုင် ဆက်ပြီးရပ်တည်ဖို့ကလည်း မလွယ်တော့ ရှေ့ရေးစဥ်းစားတိုင်း စားလို့မဝင် အိပ်လို့မပျော်အောင် ဖြစ်ရတယ်လို့ သူက ပြောပါတယ်။

“ နယ်မှာလည်း အလုပ်အကိုင်က အဆင်မပြေဘူး ၊ အခု အခြေအနေက ဘာလုပ်ရမှန်းမသိဖြစ်နေတာ ကျွန်မတို့ လမ်းပျောက်နေပြီ” လို့ မဟေမာန်က ပြောပါတယ်။

ကုန်စျေးနှုန်းက ၃ ဆ တိုးလာ

no tag

ဓာတ်ပုံ ရင်းမြစ်, MPA

 မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အထိ CMP နဲ့ CMP တစ်ဆင့်ခံ အထည်ချုပ် စက်ရုံပေါင်း ၃၈၉ ရုံရှိတဲ့အနက် ရန်ကုန်တိုင်း ဒေသကြီးမှာ အထည်ချုပ်စက်ရုံ ၃၃၈ ရုံ၊ အထည်ချုပ်လုပ်သားပေါင်း ၂၁၄၈၉၅ ဦး အလုပ်လုပ်ကိုင်လျက်ရှိတယ်လို့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

ကိုဗစ်နဲ့ စစ်အာဏာသိမ်းပြီးနောက် စက်ရုံအချို့ပိတ်သွားသလို အလုပ်သမားတွေလည်း အလုပ်ပြုတ်တာတွေရှိခဲ့ပါတယ်။

မဟေမာန်က‌တော့ အခုသူလုပ်နေတဲ့ စက်ရုံမှာ အလုပ်လုပ်လာတာ ၆ နှစ်ရှိပြီး အနိမ့်ဆုံးလုပ်ခလစာကို ၂၀၁၉ ခုနှစ်ခန့် ကစပြီး ၄၈၀၀ ကျပ် စတင်ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

သူတို့စက်ရုံက ရွေပြည်သာမှာရှိတာဖြစ်ပြီး စက်ရုံမှာ အလုပ်အတူလုပ်ကြတဲ့ သူတို့သူငယ်ချင်း ၃ ယောက် အင်းစိန်က အခန်းကျဥ်းလေးတစ်ခုမှာ တစ်လကို တစ်သိန်းနဲ့ ငှားနေခဲ့ကြတာ လို့ဆိုပါတယ်။

သူတို့လစာက တစ်လကို အချိန်ပိုကြေးနဲ့တွက်ရင် ၂ သိန်းခွဲလောက်ရပြီးတော့ အရင်က တစ်လကိုနေစရိတ် စားစရိတ် ရေဖိုး မီးဖိုး တစ်ယောက်တစ်သိန်းလောက် ကုန်ကျစားရိတ်နုတ်ပြီးရင် အိမ်ကို တစ်လ တစ်သိန်းခွဲလောက် ပို့နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

“ကုန်စျေးနှုန်းက ၃ ဆ လောက် တက်သွားတာ သုံးလည်းမသုံးတတ်ဘူး မစီမံနိုင်တော့ဘူး စျေးသွားရင်လည်း အရင်ကလို မဝယ်နိုင်တော့ဘူး”လို့ သူကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ထမင်းပိုစားပြီး ဟင်းလျှော့စားရတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အရင်ကတော့ အနိမ့်ဆုံးလုပ်ခလစာဟာ ၃၆၀၀ ကျပ်ဖြစ်ပြီး တစ်ရက်ကို ကျပ် ၄၈၀၀ သတ်မှတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၈ ခုနှစ်အတွင်းက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ တော့ ဒီအတိုင်းပဲ စက်ရုံတွေက ဆက်ပြီး ပေးနေကြတာဖြစ်ပါတယ်။

“လစာမတိုးတော့ ကျွန်မတို့ ဆန်ကြမ်းပြောင်းစားရတယ် ၊ အရင်ကလို တစ်ပတ်တစ်ခါ အသားဟင်းမစားနိုင်တော့ဘူး”လို့ မဟေမာန်က ပြောပါတယ်။

ကိုဗစ်ကာလပြီး စစ်အာဏာသိမ်းမှုကြောင့် လူတွေဟာ စီးပွားရေး အရ ဒုက္ခ ရောက်ရသလို ကိုယ်ရော၊ စိတ်ရော ထိခိုက်ကြရပါတယ်။

“ ကုန်စျေးနှုန်းတတ်လာတော့ ပေးထားတဲ့ တစ်နေ့လုပ်အားခ day ကြေး ၄၈၀၀ (ကျပ်) က ဘယ်လိုမှ မလောက်ပါဘူးရှင့်၊ ချွေတာရလွန်းလို့လည်း မနက်အဆာပြေ ထမင်းကြမ်းနဲ့ ဟင်းအကျန်လေး စားပြီး လုပ်ငန်းခွင်ထဲဝင်ရတာပါ ၊အရင်လို အသားဟင်းတွေကို ဖောဖောသီသီ မဝယ်ဖြစ်တော့ဘဲ ရတဲ့ လခနည်းနည်းထဲကနေ ခြစ်ကုတ်ပြီး တစ်တုံးတစ်ဖတ်နဲ့ ပြီးအောင် စားခဲ့ရပါတယ်” ရန်ကုန်ကအထည်ချုပ်အလုပ်သမားတစ်ဦးဖြစ်သူ မစုလှိုင်က ပြောပြပါတယ်။

မုန့်နဲ့ အပြင်စာတွေလုံးဝ မစားဖြစ်တော့ကြောင်း အထည်ချုပ်အလုပ်သမ မစုလှိုင်ကပြောပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဝင်‌ငွေနဲ့ထွက်ငွေမမျှတော့သလို ၊ သူ့အမျိုးသားရဲ့ အလုပ်တစ်ခုတည်းနဲ့ မလောက်တော့လို့ ၅ လ သား ကလေးကို အဘွားဖြစ်သူနဲ့ထားပြီး အလုပ်ပြန်ဝင်နေရတဲ့အကြောင်းပြောပြပါတယ်။

 ကလေးကို တိုက်တဲ့ Dumex နို့မှုန်ဘူးက တစ်ပတ်ကို ၈ ရက်ပဲရပြီးတော့ နို့မှုန့်က‌ အရင်က တစ်ဘူးကို ကျပ် ၂၇၀၀၀ စျေးကနေ အခု ၃၇၂၀၀ ကျပ် အထိစျေးတက်သွားခဲ့တယ်လို့ မစုလှိုင်က ပြောပါတယ်။

စက်ရုံကတော့ ကျွမ်းကျင်ကြေးနည်းနည်းတိုးပေးပါတယ်။ တစ်လနှစ်သောင်းလောက်ပေါ့ သူ‌‌ဌေးတိုးပေးတဲ့ နှစ်သောင်းက ဒီကုန်စျေးနှုန်းနဲ့လိုက်လို့မမီဘူးလို့ မစုလှိုင်ကပြောပါတယ်။

" ဒီတော့ ကျွန်မတို့ ထမင်းပိုစားပြီး ဟင်းလျှော့စားရတယ်" လို့ သူက ထပ်ပြောပါတယ်။

ဆန်စျေးတွေလည်းတက်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

တစ်ရက်လုပ်ခ တစ်ဒေါ်လာဖြစ်လာ

 ၂၀၂၂ ဧပြီလကစပြီး စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေတွေ ထိန်းချုပ်ခဲ့အပြီး ငွေဖောင်းပွမှုနှုန်းက ပိုပြီး သိသာလာခဲ့ပါတယ်။

အရင်က မဟေမာန်တို့ လုပ်သားတွေအတွက် တစ်ရက် အနိမ့်ဆုံး လုပ်ခလစာဟာ ကျပ် ၄၈၀၀ ဟာ ၃ ဒေါ်လာ ခန့်ရှိခဲ့တာပါ ၊ သြဂုတ်လ ၃၁ ရက်နေ့ကတော့ ဒေါ်လာငွေလဲနှုန်းက တစ်ဒေါ်လာကို ကျပ် ၅၀၀၀ နားကပ်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ထဲက အထည်ချုပ်စက်ရုံတစ်ရုံက အလုပ်သမား ၈၀၀ ကျော်ဟာ ကုန်စျေးနှုန်း အဆမတန်တိုးမြင့်လာတာကြောင့် အပိုဆောင်းစရိတ်တိုးပေးရေး တောင်းဆို ဆန္ဒဖော်ထုတ်နေကြတယ်လို့ သိရပါတယ်။

ရွှေပြည်သာ စက်မှုဇုန်- ၁ မှာရှိတဲ့ မြန်မာလက်ဇူရီ အထည်ချုပ်စက်ရုံက အလုပ်သမား ၈၀၀ ကျော်ဟာ လုပ်ခလစာတိုးပေးဖို့ ကနဦးတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အခြေခံလစာကို တိုးမပေးနိုင်ဘူးဆိုရင် ရှားပါးစရိတ်ထောက်ပံ့ငွေအဖြစ် ကျပ်သုံးသောင်း တိုးမြှင့်ပေးဖို့ အလုပ်မလုပ်ဘဲ ဆန္ဒပြတောင်းဆိုနေကြတာ ပြီးခဲ့တဲ့သြဂုတ်လ ၂၉ ရက်နေ့ကတည်းက ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီကနေ့အထိ ပြေလည်မှု မရတာကြောင့် လုပ်ငန်းခွင်ထဲမှာ ဆက်ပြီးတောင်းဆိုနေတယ်လို့ သိရပါတယ်။

ထုတ်စျေးနဲ့ ရောင်းပေးတဲ့ စားအုန်းဆီတိုးနေတဲ့ ရန်ကုန်မြို့ခံများ

ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံ ဆီကုန်သည်နဲ ဆီလုပ်ငန်းရှင်များအသင်း

ကျန်းမာရေး အတွက်ဆေးခန်းမပြနိုင်

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သားသမဂ္ဂတွေလည်း မရှိတော့သလို့ အလုပ်သမားအခွင့်အရေးတွေလည်း ဆက်တိုက်အခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေဘက်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ အားလုံးဟာ စက်သုံးလောင်စာဆီ၊ ဒေါ်လာငွေလဲနှုန်း နဲ့ အစားအသောက် ကုန်စျေးနှုန်းတွေဆီကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

မဟေမာန်ရဲ့ လုပ်ဖော်ကိုင်ဖက် အများအပြားလည်း အလားတူ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ကိုဗစ်စဖြစ်ကတည်းက အခြားသူတွေ စက်ရုံတွေက ဆန် ၊ဆီ ၊အထောက်အပံ့ရကြပေမယ့် မဟေမာန်တို့ စက်ရုံကတော့ ဘာအထောက်အပံ့မှ ပေးတာမရှိဘူးလို့ ပြောပါတယ်။

ငွေကြေးဖောင်းပွနှုန်းတွေ တက်လာပြီး စားဝတ်နေရေး စားရိတ်တွေ မြင့်လာကတည်းက သူ့ကျန်းမာရေးကို ပိုပြီး သတိထားနေရပါတယ်၊ သူ့မှာ တစ်ခုခု ဖြစ်လာရင် ဆရာဝန်ပြဖို့ ငွေမရှိပါဘူးလို့ ပြောပါတယ်။

"ကျွန်မတို့ ကျန်းမာရေး အတွက် ဆေးခန်းမပြနိုင်ဘူး၊ တကယ်လို့ ကျွန်မ နာမကျန်းဖြစ်ရင် ဆေးဝယ်သောက်ဖို့ အနိုင်နိုင် စက်ရုံက ဆေးခန်းမှာ နတ်စ်မပဲ ရှိတယ် ဆေးမရှိဘူး " လို့ မဟေမာန်က ပြောပါတယ်။

ကိုဗစ်ရိုက်ခတ်မှုကြောင့်ရော အာဏာသိမ်းနောက်ဆက်တွဲအခြေအနေတွေကြောင့်ပါ မြန်မာနိုင်ငံလူဦးရေ ၁.၆သန်းဟာ အလုပ်အကိုင်ဆုံးရှုံးပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ ILO ရဲ့စစ်တမ်းအရ တွေ့ရပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ShweInnThar KhinMgWin

ရသမျှ ကုန်တာ ကုန်စျေးနှုန်းကြောင့်ပါ။

 လက်ရှိ ရွှေပြည်သာက အလုပ်သမားတွေ တောင်းဆိုနေတဲ့ ရှားပါးစရိတ်ဆိုတာကတော့ လုပ်ခလစာအပေါ် သတ်မှတ်ချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တယ်လို့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဥပဒေမှာ ဖော်ပြထားပါတယ်။

ဒီ တောင်းဆိုမှုဟာလည်း ရဖို့က မရေမရာ အခြေအနေမှာ ရှိနေပါတယ်။

မစုလှိုင်ကတော့ သူ့နဲ့ သူ့အမျိုးသားနှစ်ယောက်ရဲ့ စုပေါင်းလစာဟာ လ တစ်လရဲ့ ၁၅ ရက်လောက်ဆိုရင် ကုန်သလောက်ဖြစ်သွားပြီလို သူက ပြောပါတယ်။

ရသမျှကုန်တာ ကုန်စျေးနှုန်းကြောင့်ပါလို့ သူကဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းတစ်နေရာက သူ့လစာမှီခိုနေတဲ့ မဟေမာန်အမေ နဲ့ အမတို့မိသားစုကတော့ သူလစာ မပို့နိုင်တော့လို့ အကြွေး သိန်းနဲ့ချီပြီတင်နေပြီလို့ မဟေမာန်ကပြောပါတယ်။

"ဘယ်ကမှလည်း အကူအညီမရဘူး ကျွန်မတို့ ရှေ့ဘာဆက်ဖြစ်မယ်ဆိုတာ မတွေးတတ်တော့ဘူး"လို့ မဟေမာန်က ပြောပါတယ်။