စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ မူဝါဒသစ် အလုပ်ဖြစ်မလား

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN/Getty Image
စစ်ကောင်စီ ဗဟိုဘဏ်က သြဂုတ်လ ၃၀ ရက်နေ့ မနေ့က အမေရိကန်ဒေါ်လာနဲ့ပတ်သက်ပြီး အမိန့်တစ်ခု ထုတ်ပြန်လိုက်အပြီးမှာ အမေရိကန်ဒေါ်လာနဲ့ နိုင်ငံခြားငွေလဲနှုန်း ပြင်ပစျေးဟာ တစ်ဒေါ်လာကို ၄၃၀၀ ကျပ်ဝန်းကျင်အထိ စျေးပေါက်လာခဲ့ကြောင်း ရန်ကုန်မြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
မနေ့က သြဂုတ်လ ၃၀ ရက်နေ့က ပြင်ပစျေး အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနှုန်းက ကျပ် ၃၆၀၀ ကျော်ကနေ ဒီကနေ့ ၄၃၀၀ ကျပ်ခန့်အထိ ရောက်လာတာဖြစ်ပါတယ်။
ဒေါ်လာစျေးတွေတက်လာသလို ပြည်တွင်းက စက်သုံးဆီစျေးတွေလည်း တက်လာပြီး ရန်ကုန်မှာ ၉၂ အောက်တိန်း တစ်လီတာကို ၂၆၀၀ ကျပ်ကျော်လာပြီလို့လည်း စျေးကွက်သတင်းတွေအရ သိရပါတယ်။
စစ်ကောင်စီ ပေါ် ပြည်ပရောက်မြန်မာအများစုက ယုံကြည်မှု မရှိတာကြောင့်အခု မူဝါဒသစ်ပြောင်းပေမယ့်လည်း ဒေါ်လာနဲ့ အမေရိကန်ငွေလဲနှုန်းဟာ လတ်တလောကျဆင်းလာဖို့ အခြေအနေမရှိကြောင်းလည်း ရန်ကုန်မြို့ခံလုပ်ငန်းရှင်အချို့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ShewInnThar Khin Mg Win
စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ခဲ့တာကတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံခြားငွေနဲ့ ရရှိတဲ့ ဝင်ငွေတွေကို တရားဝင်ရောင်းဝယ်ခွင့်ရှိတဲ့ (Authorized Dealer) AD ဘဏ်တွေက တစ်ဆင့် ပြည်တွင်းသို့ လွှဲပြောင်းရာမှာ မိမိကိုယ်တိုင် အသုံးပြုရန်ဖြစ်စေ၊ အခြားသူများသို့ လွှဲပြောင်းခြင်းကို ဖြစ်စေ၊ ဘဏ်ကိုရောင်းချခြင်းကို ဖြစ်စေ လွတ်လပ်စွာ လုပ်ဆောင်နိုင်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ လုပ်ခလစာ ဝင်ငွေများကို တစ်ဆင့် ပြန်လည် ဝယ်ယူထားသူများ အနေဖြင့်လည်း ထပ်ဆင့် လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ပြုလုပ်ပိုင်ခွင့် မရှိဘဲ မိမိကိုယ်တိုင်သုံးစွဲခြင်းနဲ့ လိုင်စင်ရ ဘဏ်တွေကိုရောင်းချခြင်း လွတ်လပ်စွာဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။
ဒါဟာ ဟွန်ဒီတွေက တစ်ဆင့် ပြည်တွင်းကို ပြန်လွှဲနေတဲ့ ဒေါ်လာတွေကို ဘဏ်တွေကတစ်ဆင့် စျေးကွက်ထဲကိုရောက်အောင် စစ်ကောင်စီဘက်က ဆွဲဆောင်လာတာလို့ သုံးသပ်ကြပါတယ်။
ရှင်းရှင်းလင်းလင်း မသိရတာက ပြည်ပကနေ ငွေလွှဲလိုက်ရင် ဒီမှာ ဒေါ်လာ အရွက်လိုက် ပြန်ထုတ်လို့ရပြီး အပြင်မှာ ပေါက်စျေးနဲ့ လွတ်လွတ်လပ်လပ်ရောင်းလို့ရမှာလား ဆိုတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်တွင်းက သွင်းကုန်လုပ်မယ့်ကုမ္ပဏီတွေ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေလည်း လုပ်ငန်းအတွက်ဆိုရင် ဒီပြန်လွဲတဲ့ဒေါ်လာကို ဝယ်လို့ရပြီး မသုံးဖြစ်ရင်တော့ အပြင်ကို ပြန်မရောင်းဘဲ ၂၁ ရက်အတွင်း ဘဏ်ကို ပြန်ရောင်းရမယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီလို ငွေပြန်လဲရင်တော့ အပြင်ပေါက်စျေးမရဘဲ စစ်ကောင်စီဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးနှုန်းဖြစ်တဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ်နဲ့ပဲ လဲလှယ်ရမည်ဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဒီအမိန့်ဟာ မနက်ဖြန် စက်တင်ဘာလ ၁ ရက်နေ့မှာ စပြီးအသက်ဝင်ဖို့ရှိတော့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဒေါ်လာတွေ ပြည်တွင်းကို ဘဏ်တွေကတစ်ဆင့် ရောက်လာရင်တော့ ဒေါ်လာတွေပြည်တွင်းမှာ လှည့်ပတ်သုံးစွဲနိုင်ဖို့ အခြေအနေတစ်ခု ဖြစ်လာနိုင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံအတွင်းကနေ ပြည်ပကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီးတော့ ထိုင်းနိုင်ငံမှာ အများဆုံးသွားရောက်လုပ်ကိုင်နေကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PUBLIC OVERSEAS EMPLYOMENT AGENCY
မြန်မာနိုင်ငံဟာ ပြည်ပရောက်မြန်မာတွေကနေ လွှဲငွေအများစုကို လက်ခံရရှိနေပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ခန့်မှန်းချက်အရ ပြီးခဲ့တဲ့နှစ် ၂၀၁၉ခုနှစ်က အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံ နှင့် ၅.၂ ဘီလီယံ တန်ဖိုးရှိ လွှဲငွေများကို တရားဝင်လမ်းကြောင်း နဲ့ အလွတ်သဘောမဟုတ်တဲ့ လမ်းကြောင်းအသီးသီးတို့ကနေ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများဆုံးသွားရောက်တဲ့နိုင်ငံက ထိုင်းနိုင်ငံဖြစ်ပြီးတော့ မြန်မာနိုင်ငံသားသန်းနဲ့ချီပြီး သွားရောက်လုပ်ကိုင်နေတယ်လို့ တရားဝင်စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံကို တရားဝင်သွားရောက်တာအပြင် တရားမဝင်လမ်းကြောင်းကနေ သွားရောက်တာတွေများလားပြီး တရားမဝင်လာရောက်တာကြောင့် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရမှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ShweInnThar Khin Mg Win
စစ်ကောင်စီ ဗဟိုဘဏ်က နိုင်ငံခြားငွေနဲ့ပတ်သက်တဲ့ အမိန့်တစ်ခု ထုတ်ပြန်ခဲ့ပြီး နောက်တစ်ရက် သြဂုတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီမှာတော့ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်းဟာ ကျပ် ၄၂၀၀ နဲ့ ၄၄၀၀ ကြားရှိနေပြီးတော့ အမေရိကန်ဒေါ်လာကို အခြေခံပြီးတွက်တဲ့ အကယ်ဒမီ မီးလင်းရွှေစျေးနှုန်းကတော့ တစ်ကျပ်သား ၃၄ သိန်းနဲ့ ၃၅ သိန်းကြား ဒီကနေ့ စျေးပိတ်သွားတယ်လို့ ရန်ကုန်မြို့ခံလုပ်ငန်းရှင်တွေက ပြောပါတယ်။
မနက်ဖြန်မှာတော့ စစ်ကောင်စီ ဗဟိုဘဏ်ရဲ့မူဝါဒ အသစ်စတင် အသက်ဝင်တဲ့နေ့ဖြစ်လို့ စျေးကွက်ကို ဘယ်လောက်သက်ရောက်မလဲဆိုတာ စတင် မြင်တွေ့ရဖို့ ရှိပါတယ်။
ဒါပေမဲ့ ပြည်ပရောက်နေတဲ့ သန်းနဲ့ချီတဲ့မြန်မာတွေဟာ မိသားစုတွေကို ငွေပြန်လွှဲရင် စစ်ကောင်စီလက်ထက်ကစပြီး ငွေထုတ်ဖို့ အခက်အခဲတွေရှိခဲ့တဲ့ ပြည်တွင်းဘဏ်တွေကို သုံးပြီး သူတို့ဒေါ်လာတွေကို ပြန်လွဲမလား ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင်ငွေလွှဲတွေပဲ ဆက်ပြီးသုံးမလားဆိုတာ အဖြေတစ်ခု ထွက်လာတော့မှာဖြစ်ပါတယ်။
"စစ်ကောင်စီကို ဘယ်သူမှ မယုံလို့ လွှဲကြမယ်လို့ မထင်ဘူး၊ အများဆုံးဖြစ်နိုင်တာကတော့ အပြင်ဒေါ်လာစျေး နည်းနည်းတန့်သွားနိုင်တယ်၊ ၅၀၀၀ လောက်ဆိုရင်တော့ တန့်သွားမလားပဲ၊ အခုဟာ လက်ပြောင်းလက်လွှဲ ဘယ်လောက်လုပ်လုပ် နောက်ဆုံး ၂၁၀၀ နဲ့ သူတို့ ပြန်သိမ်းမယ်ဆိုတဲ့ သဘောပဲ"လို့ ရန်ကုန်မြို့ခံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
နောက်ဆုံးရသတင်းဖြည့်စွက်ချက်
မြန်မာစံတော်ချိန် သြဂုတ်လ ၃၁ ရက် ည ၉ နာရီ ၄၉ မိနစ်။
သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်းမှတော့မြန်မာနိုင်ငံ စစ်ကောင်စီ ဗဟိုဘဏ်က လက်ရှိမြန်မာနိုင်ငံအတွင်း စက်သုံးဆီစျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စျေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေ ကြေးစျေးကွက်က တစ်ဆင့် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။
ဘယ်လို အစီအစဥ်နဲ့ ဘယ်နေ့ကစပြီး ထောက်ပံ့ပေးသွားမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ သတင်းထုတ်ပြန်ချက်မှာ ရေးမထားပါဘူး။








