အလုပ်သမားသမဂ္ဂအဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေ အလုပ်ထုတ်ခံနေရလို့ အစိုးရကိုတိုင်

ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည် နဲ့တိုင်ရီစက်ရုံလုပ်သားမျ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဒေါ်မိုးမိုးစုကြည် နဲ့တိုင်ရီစက်ရုံလုပ်သားများ

ရန်ကုန်မြို့ရှိ စက်ရုံသုံးရုံက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကိုပဲ ရွေးပြီး သီးသန့်အလုပ်ထုတ်တာတွေ ရှိလာတဲ့ အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်ကို အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ မြန်မာနိုင်ငံ အထည်ချုပ် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (Federation of Burmar Worker Myanmar) ရဲ့ တာဝန်ခံ မမိုးစန္ဒာမြင့်က ဘီဘီစီကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အလုပ်သမား ဥပဒေအရ လုပ်ငန်းခွင် အတွင်းမှာ အလုပ်သမားသမဂ္ဂတွေကို ဖွဲ့စည်းခွင့်ရှိပေမဲ့ အလုပ်ရှင် တော်တော်များများဟာ ဒီသမဂ္ဂတွေကို ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကို ဦးတည်ပြီး အလုပ်ထုတ်တာတွေ လုပ်နေတဲ့အတွက် အလုပ်သမား ဥပဒေကို လေးစားလိုက်နာမှု မရှိတဲ့ အလုပ်ရှင်တွေကို အရေးယူပေးဖို့ တိုင်ကြားရတာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

" အခု ဒီနောက်ပိုင်းမှာ ဒီလို ပြဿနာတွေက အတော်များလာတယ်။ ကျွန်မတို့ အဖွဲ့ချုပ်မှာ လျော့ချခံရတဲ့ ဦးရေ ၃၀၀၀ကျော်ရှိသွားပြီ။ စက်ရုံ သုံးရုံကနေပဲ ကျွန်မတို့ အဖွဲ့ ရဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေကိုပဲ ရွေးပြီး သီးသန့်ထုတ်သွားတယ် " လို့ဆိုပါတယ်။

အခု တိုင်ကြားထားတဲ့ စက်ရုံသုံးရုံကတော့ Amber stone ၊Denso နဲ့ Myanmar Uniview စက်ရုံတွေဖြစ်ပြီး သမဂ္ဂရှိပေမဲ့ ညှိနှိုင်းခြင်း မရှိဘဲ အလုပ်ထုတ်တဲ့အတွက် တိုင်ကြားရတာ ဖြစ်တယ်လို့ ပြောပါတယ်။

၆ပေ အကွာ ကနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, No caption

မြန်မာနိုင်ငံ အထည်ချုပ် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်မှာ အသင်းဝင် ဦးရေ ၇၀၀၀ လောက်ရှိပြီး ၃၀၀၀ ထောင်ကျော်ဟာ အလုပ်လျော့တဲ့အထဲ ပါသွားတာဖြစ်တယ်လို့ အဖွဲ့ချုပ်က ဆိုပါတယ်။

အထည်ချုပ်လုပ်ငန်း အများစုဟာ စက်တင်ဘာလမှာ လုပ်ငန်းတွေ အော်ဒါ ဆက်မလာဘူးဆိုရင်တော့ အခြေအနေ မကောင်းတဲ့အတွက် လုပ်ငန်းတွေ လျှော့လိုက်ရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အထည်ချုပ် လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဦးထွန်းထွန်းက ပြောပါတယ်။

" ကုန်ကြမ်းက တစ်ကမ္ဘာလုံး ပြတ်ထွက်သွားတဲ့အတွက် ဟိုဘက်က အော်ဒါချမယ့်လူတွေက အခြေအနေမကောင်းဘူး။ အခြေအနေမကောင်းတဲ့အတွက် ဥရောပဘက်က အော်ဒါမပေးနိုင်ဘူး။ ဒီထက်ပိုကျပ်တည်းမယ်ဆို စီးပွားရေးထိခိုက်မယ်။ အလုပ်အကိုင်တွေ လျော့လာမယ် နောက်ဆုံး အလုပ်တွေရပ်မယ် ပေါ့ " လို့ သူက ပြောပါတယ်။

ကိုဗစ်ကာလအတွင်း အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိလာပြီး တချို့ လုပ်ငန်းရှင်တွေကတော့ အမှန်တကယ် စီးပွားရေး လုပ်ငန်းတွေမှာ အရှုံးပေါ်တာကြောင့် ထုတ်တာဖြစ်သလို တချို့ လုပ်ငန်းရှင်တွေကတော့ အကြောင်းမဲ့ အလုပ်သမားတွေ အပေါ် လုပ်ငန်းရပ်စဲတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တစ်ချို့က ဆိုပါတယ်။

No Tag

ဓာတ်ပုံ ရင်းမြစ်, Myo Aye

အခုလိုကာလမှာ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ လုပ်ငန်းရှင်တို့ကြား ပဋိပက္ခတွေမျိုးစုံ ရှိနေနိုင်ပြီး လုပ်ငန်းရှင်တွေဘက်က လုပ်ငန်းခွင်စည်းကမ်းချိုးဖောက်တဲ့ အလုပ်သမားကို ထုတ်ပယ်ခွင့်ရှိတယ်လို့ ဦးထွန်းထွန်းက ဆိုပါတယ်။

" လုပ်ငန်းရှင်တွေဘက်က အလုပ်သမားဥပဒေကို ချိုးဖောက်တယ် ဆိုရင် တကယ်ချိုးဖောက်တဲ့အတိုင်း အရေးယူဖို့လိုတယ်။ တစ်ခါတစ်ရံမှာတော့ တချို့က ငါတို့က အလုပ်လုပ်စရာမလိုဘူးဆို မှားမယ်။ သူတို့ဘာသာ ဘာရာထူးယူထားယူထား ပင်မ တာဝန်ကိုကျေရမယ်။ သူ့ကိုယ်ပိုင် အချိန်ကနေ အသင်းအဖွဲ့ တာဝန်ကို လုပ်ရတာလို့ နားလည်တယ်။ ဒီလို နားလည်မှုလွဲတဲ့ လုပ်သားတချို့ရှိတယ် " လို့ သူက ဆိုပါတယ်။

မူလတာဝန်ကို ပျက်ကွက်လို့ အရေးယူတာကို သမဂ္ဂတာဝန်ယူလို့ဆိုပြီးတံဆိပ်ကပ်လို့ မရသလို အဲဒီလို အလုပ်သမားဥပဒေကို ချိုးဖောက်တဲ့ လုပ်ငန်းရှင်တွေကို လည်း ထိထိရောက်ရောက် အရေးယူ သင့်တယ်လို့ သူက ဆိုပါတယ်။

ဧပြီလမှာ အလုပ်ကနေ ရပ်စဲခံခဲ့ရတဲ့ Myanmar Uniview က ကိုသက်ထွန်းနိုင်က " ကျွန်တော်တို့က ကျန်းမာရေးနဲ့ ပတ်သက်ပြီး စက်ရုံထဲမှာ ကမ်ပိန်းတွေလုပ်တယ်။ အဲ့ကမ်ပိန်းလုပ်တုန်း ဓါတ်ပုံရိုက်နေတုန်း နိုင်ငံခြားသားပိုင်ရှင်က ဖုန်းကို ဆွဲလုပြီးပေါက်ခွဲပြီး ကျွန်တော့်ကို စောင့်တွန်းတယ်။ ကျွန်တော်တို့က ဖုန်းကို ပြန်လျော်ပေးဖို့ တောင်းတယ်။ မလျော်ပေးနိုင်ဘူး ကြိုက်တဲ့နေရာတိုင်ဆိုပြီး လုပ်တယ် " လို့ သူ့နဲ့ အလုပ်ရှင်ရဲ့ ပဋိပက္ခ ကိုပြောပါတယ်။

စက်ရုံတွေမှာလူလျှော့တာတွေရှိလာနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စက်ရုံတွေမှာလူလျှော့တာတွေရှိလာနိုင်

ဒီလို ပဋိပက္ခဖြစ်ပြီးတဲ့နောက် ကိုသက်ထွန်းနိုင်အပါအဝင် အဲဒီစက်ရုံက သမဂ္ဂဝင် အလုပ်သမား ၃၀၀ ကျော်ဟာ အလုပ်ထုတ်စာကို ရရှိခဲ့ပြီး အဲလို အလုပ်ထုတ်မယ် ဆိုတာကိုလည်း တစ်လ ကြိုပြောတာတွေ မလုပ်ခဲ့ဘဲ ချက်ချင်း ထုတ်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒီလို အလုပ်ထုတ်ပြီးတဲ့နောက် လျော်ကြေး လာထုတ်ဖို့ ဝန်ထမ်းတွေကို ပြောဆိုခဲ့ပြီး နှစ်နှစ်သမားကို လျော်ကြေးပေးတာနဲ့ ခြောက်လသမားကို ပေးတဲ့ လျော်ကြေးက အတူတူလောက် ဖြစ်နေတဲ့အပြင် ပျမ်းမျှလျော်ကြေးက လေးသိန်းခွဲ အများဆုံးရတယ်လို့ Myanmar Uniview ကအလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ဆိုပါတယ်။

ဒီလို ပြဿနာတွေကို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆီ တိုင်ကြားစာပို့ထားပေမယ့် အခုချိန်အထိ ဘာမှ အကြောင်းပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။