စစ်ကောင်စီရဲ့ နယ်စပ် ပို့ကုန် သွင်းကုန် မူဝါဒ အပြောင်းအလဲ

တရုတ်နယ်စပ်ကနေ မြန်မာလယ်ယာထွက်ကုန်တွေကို တင်ပို့

ဓာတ်ပုံ ရင်းမြစ်, SAI KHIN MG

ဓာတ်ပုံ ပုံစာ, တရုတ်နယ်စပ်ကနေ မြန်မာလယ်ယာထွက်ကုန်တွေကို တင်ပို့

စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က စပြီး နယ်စပ်ပို့ကုန်မှာ မူဝါဒ အချို့ကို ဖြေလျှော့ပေးတဲ့ ထုတ်ပြန်ချက် အချို့ ထုတ်ပြန်လာတာကို တွေ့ရပါတယ်။

ဒီထုတ်ပြန်ချက်မတိုင်ခင် ဇွန်လ ၂၃ ရက် ကလည်း မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ ပမာဏ အများဆုံးကုန်သွယ်နေတဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုတွေမှာ လာမယ့် သြဂုတ်လ ၁ ရက်နေ့ကစပြီး ဘဏ်စနစ် ကျင့်သုံးတော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နယ်စပ်က ကုန်တွေသွင်းရင် ပို့ကုန်ကနေ ရတဲ့ငွေပမာဏ တင်ပြရမှာဖြစ်ပြီးတော့ ပို့ကုန်ရငွေမရှိရင် ဘဏ်ကငွေ ဝယ်ထားတဲ့ အထောက်အထားနဲ့ ဘဏ်ငွေ စာရင်းရှင်းတမ်းတို့ကို တင်ပြရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သွင်းကုန်ကို သွင်းချင်သလောက်သွင်းလို့မရဘဲ နိုင်ငံခြားကို ကုန်ပို့ထားတဲ့ ရောင်းရငွေက ရတဲ့ပမာဏ ဒါမှမဟုတ် ပြည်တွင်းဘဏ်က ဝယ်ယူထားတဲ့ ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက် မကျော်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

သွင်းကုန်ပေးငွေကို ဘဏ်စနစ်နဲ့ ပေးချေရမယ်ဆိုတဲ့ စနစ်ကြောင့် သွင်းကုန် ကုန်ပစ္စည်းတွေ စျေးတက်နိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ပြောဆိုကြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

လာမယ့် သြဂုတ် ၁ ရက်က စပြီး ဘဏ်စနစ်နဲ့ ငွေချေတဲ့အခါ ပို့ကုန်သမားဆီမှာရှိတဲ့ ပို့ကုန်ရငွေ ဒါမှမဟုတ် ပြည်တွင်းဘဏ်တွေကနေ ဝယ်ယူထားတဲ့ ဘဏ်စာရင်းအထောက်အထား ဒါမှမဟုတ် အခြားဝင်ငွေ ဝင်ရောက်ကြောင်း အထောက်အထားတွေ ကနေ ပေးချေရမှာဖြစ်ပါတယ်။

တရုတ်နယ်စပ်ကုန်သွယ်မှုမှာတော့ ယွမ်ငွေကို အသုံးပြုတင်သွင်းခွင့်ပေးမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

'' စနစ်ပြောင်းတော့ ‌ကျွန်တော်တို့လို သွင်းကုန်သမားတွေက ပို့ကုန်ရငွေ လိုက်ရှာရမယ်။နောက် ပို့ကုန်သမားကို ပို့ကုန်ရငွေ အတွက် ချလန်ကိုပေးဝယ်ရမယ်။ သဘောကတော့ဗျာ ဒီစနစ်က သွင်းကုန်စရိတ်တွေ ပိုကျလာမယ်။ ပြည်တွင်းကိုသွင်းနေတဲ့ သွင်းကုန်တွေအတွက် စရိတ်ပိုကျရင် ပစ္စည်းတွေမှာစျေးတင်လာမှာပဲ။ အဲဒါ‌ အရင်ထက်စျေးတက်လာမယ်'' လို့ ပို့ကုန် သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ရှင်းပြပါတယ်။

ဒီစနစ်ဟာ အရင် စစ်အစိုးရတွေလက်ထက်က ကျင့်သုံးခဲ့တဲ့ စနစ်ပုံစံဖြစ်ပြီး အဆင့်ဆင့် ထိန်းချုပ်ထားတဲ့ စနစ်ဖြစ်တယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းလုပ်ကိုင် သူအချို့က ပြောပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, SHWEINNTHAR KHINMGWIN

တခါ သွင်းကုန်လိုင်စင် လျှောက်ထားတဲ့အခါမှာလည်း သွင်းကုန်သမားရဲ့ ဘဏ်ငွေလက်ကျန်ပမာဏထက် မကျော်လွန်ဘဲ သာ လိုင်စင်ခွင့်ပြုမှာဖြစ်ပါတယ်။

ဒါ့ကြောင့် သွင်းကုန်တန်ဖိုးကို ကန့်သတ်တာမျိုးဖြစ်ပြီး ပို့ကုန်ရငွေ ပေါ်မူတည်ပြီး သွင်းကုန်တွေ အကန့်အသတ်နဲ့ သွင်းရလို့ ကုန်ပစ္စည်းတွေတင်သွင်းမှု လျော့နိုင်တာမျိုးဖြစ်လာမယ်လို့ သွင်းကုန်လုပ်ငန်းရှင်အချို့က ပြောပါတယ်။

'' သဘောကတော့ ပို့ကုန်နဲ့ သွင်းကုန်ကို မျှချင်တော့ Balance လုပ်ဖို့ ဒီစနစ်ကိုပြောင်းတာ၊ အခုက ပို့ကုန်သမားတွေကို ၃၅ /၆၅ သတ်မှတ်ပြီး လုပ်ထားတော့ ပို့ကုန်ပို့တဲ့သူ အရမ်းနည်းလာတယ်။ အဲဒါကို ကာမိဖို့ ပို့ကုန် ဝင်ငွေရှိသလောက်ပဲ သွင်းကုန်သွင်းရမယ့် သဘောလုပ်တာ'' လို့ ဆိုပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပို့ကုန်နဲ့ပတ်သက်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတွေကို နယ်စပ်ကုန်သွယ်ရေးကနေ ပြည်ပကိုတင်ပို့ရာမှာ ပို့ကုန်ရငွေ ကြိုတင်ပေးသွင်းဖို့မလိုတော့ကြောင်း ထုတ်ပြန်ချက်ကို ဇွန်လ ၂၈ ရက် နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ပို့ကုန်သမားတွေ အနေနဲ့ ပို့ကုန်ရငွေကို ကြိုတင်ပေးသွင်းဖို့ မလိုတော့ပေမယ့် ကုမ္ပဏီသက်တမ်းအလိုက် အာမခံကြေး ၂၀ ရာခိုင်နှုန်း မှ ၃၅ ရာခိုင်နှုန်း ပေးသွင်းရတာ၊ ပို့ကုန်ကြေညာလွှာရရှိပြီး ၇ ရက်အတွင်း ပို့ကုန်ရငွေဟာ ကုမ္ပဏီငွေစာရင်းကို ဝင်ရောက်ဖို့လိုတာ၊ ပို့ကုန်ရငွေ တပတ်အတွင်းဝင်မှသာ အာမခံကြေးကို ပြန်လည်ထုတ်ပေးတာ၊ တပတ်အတွင်း ပို့ကုန်ရငွေ ဝင်မလာပါက အာမခံကြေးကို သိမ်းယူပြီး ပို့ကုန် သွင်းကုန်မှတ်ပုံတင်ကို သိမ်းဆည်းတာ၊ပို့ကုန်လိုင်စင်လျှောက်ထားဖို့ သတ်မှတ်ထားတဲ့ အပ်နှံငွေပြည့်မီတဲ့ အထောက်အထားတွေ လိုအပ်တာစတဲ့ လိုအပ်ချက်တွေ ကတော့ ရှိနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီလက်ထက်မှာ ပို့ကုန်သွင်းကုန်နဲ့ ပတ်သက် တဲ့ မူဝါဒတွေကို စီးပွားကူးသန်းဝန်ကြီးဌာနက မကြာခဏ အပြောင်းအလဲတွေ ပြုလုပ်နေပါတယ်။ ဒီပြောင်းလဲတဲ့ မူဒါဒ တွေဟာ ကုန်သွယ်ရေးကို ပိုမိုလွယ်ကူချောမွေ့စေတဲ့ မူဝါဒတွေ ဖြစ်လာဖို့ကိုလည်း လုပ်ငန်းရှင်တွေ မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၄ နှစ် မေလအထိ စာရင်းတွေ အရ မြန်မာ တရုတ် အဓိက နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ပို့ကုန် ‌ဒေါ် လာ သန်း ၂၇၄ သန်းကျော်ဖိုး တင်ပို့ခဲ့ပြီး သွင်းကုန်အနေနဲ့ ဒေါ်လာ သန်း ၁၅၇ ကျော်ဖိုး တင်သွင်းထားတယ်လို့ စစ်ကောင်စီက တရားဝင် ထုတ်ပြန်ထားပါတယ်။

လာမယ့် သြဂုတ်လ ၁ ရက်နေ့ကစပြီး တရုတ်နယ်စပ်က သွင်းကုန်သွင်းမယ့် လူတွေကို ယွမ်ငွေအသုံးပြု တင်သွင်းခွင့်ပြုမှာဖြစ်ပြီးတော့ ယွမ်ငွေနဲ့ မြန်မာငွေလဲနှုန်းကို တစ်ယွမ်ကို ၂၉၃. ၇၄ ကျပ်သတ်မှတ်ထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။