ဂိတ်ကြီးတွေ ပြန်ပွင့်လာတဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေ

နယ်စပ်ကုန်သွယ်ရေး - ကုန်ကားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကိုဗစ်ကပ်ဘေးကြောင့် ၃ နှစ်နီးပါး ပိတ်ထားခဲ့တဲ့ ထိုင်း- မြန်မာနယ်စပ်၊ တရုတ်-မြန်မာ နယ်စပ်က ကုန်သွယ်မှုအများဆုံး အဓိက ဂိတ်ကြီးတွေ ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး ပြန်ဖွင့်လှစ်လိုက်ကြပါပြီ။

ထိုင်း-မြန်မာ နယ်စပ်က သောင်ရင်းမြစ်ပေါ် ထိုးထားတဲ့ မြဝတီတံတား အမှတ် ၁ ကို ဇန်နဝါရီလ ၁၂ ရက်နေ့က ပြန်ဖွင့်လှစ်ခဲ့သလို၊ နောက် ၂ ရက် အကြာမှာ တရုတ် - မြန်မာ နယ်စပ်မှာရှိတဲ့ မူဆယ်-ကျယ်ခေါင် နယ်စပ်ကုန်သွယ်ရေးဇုန်က မန့်ဝိန်းဂိတ်ကို ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေထဲ ကုန်သွယ်မှု အကြီးဆုံး ဖြစ်တဲ့ မူဆယ်-ကျယ်ခေါင် လမ်းကြောင်းက နယ်စပ်မှာ ဂိတ် ၅ ဂိတ်ရှိပြီး ကျင်စန်းကျော့ ဂိတ်ကို အရင် ပြန်ဖွင့်ခဲ့တာပါ။ ကျန်တဲ့ နန်းတော်ဂိတ်၊ ဆင်ဖြူတော်ဂိတ်၊ ပန်ဆိုင်းဂိတ် တွေကိုလည်း မကြာခင် ပြန်ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

ကုန်စည် စီးဆင်းမှု အလားအလာနဲ့ နယ်စပ်ဂိတ် အတက်အကျတွေ

မြဝတီတံတားဖွင့်လိုက်တဲ့အခါ ထိုင်းဘက်ကို လာတဲ့ ခရီးသွားတချို့ ရှိလာပါတယ်၊ ဒါပေမယ့် ကုန်သွယ်ဖို့လာတဲ့ ကုန်သည်တွေ နည်းနေဆဲပါ။

“ဘတ်ငွေစျေးတွေက တက်နေတဲ့အချိန်မို့ (မြန်မာဘက်) သွင်းကုန်တွေ သိပ်မဝယ် ကြဘူး။ အခုက ထိုင်းဘတ် ၁၁၇၀ ဆိုရင် ကျပ် ၁ သိန်းဖြစ်နေပြီ။ နောက်ပြီး လမ်းကြောင်း (လုံခြုံ‌ရေး) အခက်အခဲကလည်း ရှိတယ်။ ပုံမှန် မဖြစ်သေးဘူး” လို့ ဒေသခံ ကုန်သည်တယောက်က ပြောပါတယ်။

မြန်မာပြည်တွင်းကနေ မြဝတီကို လာတဲ့လမ်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဆန့်ကျင် တော်လှန်ရေး အင်အားစုတွေအကြား တိုက်ပွဲတွေက မကြာခဏ ဖြစ်နေတာမို့ အဲဒီလမ်းနဲ့ ကုန်သွယ်မှုက ကျနေပါတယ်။

ဖရဲသီးများခင်းကျင်းထားပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံက တင်ပို့တဲ့ကုန်တွေထဲ စိုက်ပျိုးရေးထွက်ကုန်အများအပြားပါဝင်

ကိုဗစ်မတိုင်မီ အခြေအနေကနဲ့ နှိုင်းစာရင် နယ်စပ် ကုန်သွယ်မှု ပမာဏက “ထက်ဝက်လောက် ကျဆင်းနေတာ” လို့ ကုန်သည်တွေက ပြောပြီး မနှစ်ကနဲ့ နှိုင်းယှဥ်ရင်တောင် မြဝတီလမ်း ကုန်သွယ်မှု ပမာဏက ကျဆင်းနေတာကို စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ချက်တွေအရ သိရပါတယ်။

 ၂၀၂၂ - ၂၃ ဘဏ္ဌာနှစ်အစ ဧပြီလ ၁ ရက် ၂၀၂၂ ကနေ ဇန်နဝါရီ ၁၃ ရက် ၂၀၂၃ နှစ် အထိ စီးပွားကူးသန်းဌာန စာရင်းဇယားတွေအရ အရင်ဘဏ္ဌာနှစ် ကာလတူနဲ့ နှိုင်းယှဉ် ရင် မြဝတီနယ်စပ် လမ်းကြောင်းက ကုန်သွယ်မှု ပမာဏက အမေရိကန် ဒေါ်လာ ၁.၉ ဘီလျံကနေ ၁.၆ ဘီလျံကို ကျဆင်းသွားတာတွေ့ရပါတယ်။

ဒါပေမဲ့ ထိုင်း-မြန်မာနယ်စပ် ထီးခီးလမ်းကြောင်းက ကုန်သွယ်မှုက အရင်နှစ် ကာလတူ ကထက် တက်လာတယ်လို့ စီးပွားကူးသန်းဌာနက ဆိုပါတယ်။ တခြား နယ်စပ်လမ်းကြောင်းတွေပါ ပါဝင်တဲ့ ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏ စုစုပေါင်းက အမေရိကန် ဒေါ်လာ ၄ ဘီလျံကျော် ရှိကာ အရင်နှစ်ကထက် အမေရိကန် ဒေါ်လာ ၃၁၂ သန်း တက်လာတယ်လို့လည်း ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်-ကျယ်ခေါင် နယ်စပ် ကုန်သွယ်ရေးဇုန်မှာလည်း ဂိတ်တချို့ကို ပြန်ဖွင့်ထားပြီ ဆိုပေမယ့် ခပ်ခြောက်ခြောက် ဖြစ်နေဆဲပါ။

“လောလောဆယ်တော့ ကုန်သွယ်မှု အနေအထားက ကိုဗစ် (တရုတ်မှာ ကိုဗစ် ကူးစက် ပျံ့နှံ့မှု) အနေအထားနဲ့ ယာဉ်မောင်း အခက်အခဲကြောင့် အများကြီးတော့ မဝင်သေးဘူး။ နှစ်သစ်ကူးကာလမို့ အားလပ်ရက်တွေ ယူနေကြတာလည်း ပါတယ်”လို့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာ၀န်ခံဖြစ်တဲ့ ညွှန်ကြားရေးမှူး ဦးအောင်ဇော် မိုးက ဘီဘီစီကို ပြောပါတယ်။

Border Trade

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပေမယ့် ခပ်ခြောက်ခြောက်ဖြစ်ဆဲ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တရုတ်နယ်စပ်ဂိတ်အားလုံးက ကုန်သွယ်မှုပမာဏဟာ မနှစ်ကထက် အမေရိကန် ဒေါ်လာ ၂၅၁ သန်း တက်လာပြီး စုစုပေါင်း တန်ဖိုးပမာဏ အမေရိကန်ဒေါ်လာ ၂.၁၅ ဘီလျံ ရှိတယ်လို့ စီးပွားကူးသန်းဌာနက ထုတ်ပြန်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာဘက်က သဘာဝဓာတ်ငွေ့၊ ဆန်၊ ဆန်ကွဲ၊ ပဲ၊ နှမ်း၊ ပြောင်း၊ သစ်သီးဝလံ၊ ငါးနဲ့ ရေထွက်ကုန်၊ တစ်ရှူးငှက်ပျော၊ ကြိမ် စတာတွေ တင်ပို့ကြသလို၊ အိမ်နီးချင်းနိုင်ငံတွေကနေ သံမဏိ၊ စက်ကိရိယာပစ္စည်း၊ ဆောက်လုပ်ရေး ပစ္စည်း၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေ စတာတွေကို တင်သွင်းကြပါတယ်။

ကုန်သွယ်မှု စုစုပေါင်း ပမာဏက မနှစ်ကထက် တက်တယ်ဆိုပေမဲ့ မြန်မာဘက်က တင်သွင်းမှုကတော့ နယ်စပ်ကုန်သွယ်ရေးတိုင်းမှာ ကျဆင်းနေတာပါ။

မြန်မာငွေစျေးက အမေရိကန် ဒေါ်လာနဲ့ နှိုင်းစာရင် မတည်မငြိမ်ဖြစ်ခဲ့တာကြောင့် နယ်စပ်ကုန်သွယ်ရေးမှာ ‌ဒေါ်လာကို အခြေခံထား လဲလှယ်ရမယ်ဆိုတဲ့ စျေးကွက် အတွင်း သတ်မှတ်မှုတွေဖြစ်လာခဲ့ပြီး ကုန်သွယ်ရာမှာ မနှစ်က မြန်မာကုန်သည်တွေ လပေါင်းများစွာ အခက်အခဲတွေ ကြုံခဲ့ကြရပါတယ်။

ကုန်သွယ်ရာလမ်းတလျောက် နယ်မြေ မတည်ငြိမ်မှုတွေကြား လုံခြုံရေး စိုးရိမ် ရမှုတွေကြောင့် အခက်အခဲတွေဆက် ရှိနေတယ်လို့လည်း ကုန်သည်တွေက ပြောပါ တယ်။