မြန်မာ-ထိုင်း ကုန်သွယ်‌‌ရေးလမ်းမကြီး ပြတ်တောက်သွားတဲ့ မြေပြိုမှု

အာရှလမ်းမကြီး၊ တောနော်ရေတံခွန်နား တောင်ပတ်လမ်းပေါ်မှာ တောင်ကျရေကြောင့် လမ်းပြတ်ကျသွားမှု

ဓာတ်ပုံ ရင်းမြစ်, ပုလဲဖြူလူမှုကူညီကယ်ဆယ်ရေး

ဓာတ်ပုံ ပုံစာ, အာရှလမ်းမကြီး၊ တောနော်ရေတံခွန်နား တောင်ပတ်လမ်းပေါ်မှာ တောင်ကျရေကြောင့် လမ်းပြတ်ကျသွားမှု

ကရင်ပြည်နယ်အတွင်း မိုးဆက်တိုက်သည်းထန်စွာရွာသွန်းပြီးတောင်ကျချောင်းရေ အရှိန်ပြင်းလို့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ တောနော်ရေတံခွန်နားက တောင်ပတ်လမ်းကြီး သြဂုတ် ၇ ရက် မနက်အစောပိုင်းက ပြိုကျပြတ်တောက်သွားခဲ့ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ လမ်းပိုင်းလိုက်ပြတ်တောက်ပြိုကျသွားတဲ့အချိန် မှတ်တမ်းတင်ထားတဲ့ရုပ်သံဖိုင်မှာတော့ လမ်းမကြီးပေါ် ရေတွေအရှိန်နဲ့ ကျဆင်းလာပြီး မြေသားတွေရော ကတ္တရာလမ်းပိုင်းပါ အချပ်လိုက် ရေထဲမျောပါသွားတာပါ။

လမ်းပြိုကျချိန်မှာတော့ ‌‌ယာဥ်တွေဖြတ်သန်းသွားတာမရှိလို့ ယာဥ် အထိအခိုက်မရှိခဲ့ပေမဲ့ လမ်းပြိုကျတာကို ဆင်းကြည့်တဲ့ အရပ်သားတစ်ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရတာမျိုး ဖြစ်ခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ကော့ကရိတ်မြို့ အခြစိုက် ပုလဲဖြူ လူမှုကူညီကယ်ဆယ်ရေးအသင်းက တာဝန်ရှိသူက ပြောပါတယ်။

လမ်းပြတ်တောက်သွားလို့ လမ်းတဖက်တချက်က ကုန်ကားတွေနဲ့ အိမ်စီးကားတွေ လှည့်ပြန်ခဲ့ကြရသလို မဖြစ်မ‌နေ ဖြတ်သန်းသွားရမယ့်သူတွေကလည်း လူချည်းသက်သက် ပြိုကျသွားတဲ့ ချောက်တွေထဲကနေ ရွှံ့နွံတွေထဲကြားထဲ တဖက်လမ်းကို ခက်ခက်ခဲခဲ ကူးပြီး ဖြတ်သန်းခဲ့ကြတယ်လို့ မျက်မြင်တချို့က ပြောပါတယ်။

ပြတ်တောက်သွားတဲ့ လမ်း အရှည်က ပေ ၁၀၀ ကျော် နဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ကျော်ရှိဝန်းကျင်ရှိမယ်လို့ အနီးကပ်ကြည့်ခဲ့တဲ့ ကုန်တင်ယာဥ်မောင်းအချို့က ခန့်မှန်းပြောကြားပါတယ်။

ပြိုကျပြီး ချိုင့်ဖြစ်သွားတဲ့ အနက်ကလည်း ခန့်မှန်းဖို့ ခက်တဲ့အထိ ‌ ‌အတော်နက်တယ်လို့ ဆိုပါတယ်။

''နေ့လယ် ၂နာရီကျော် အချိန်အထိတော့ လမ်းပြုပြင်ဖို့လုပ်တာ မရှိသေးပါဘူး။ တောင်ပတ်လမ်းက မြဝတီရောက်ဖို့ အများဆုံးတစ်နာရီလောက်ပဲ လိုတော့တာပါ။ ဒီမှာ မိုးရွာနေတာ ရက်ဆက်နေပါပြီ။ ဒီကနေ့မနက်တော့ ‌တောင်ကျရေကြောင့် မြေပြိုကျပြီးကတ္တရာလမ်းမကြီးလိုက် လမ်းပြတ်ကျသွားတာပါ'' လို့ ကော့ကရိတ်မြို့ ပုလဲဖြူ လူမှုကူညီကယ်ဆယ်ရေး ကပြောပါတယ်။

အာရှလမ်းမကြီးဟာ မြန်မာ - ထိုင်း မြဝတီနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ ကုန်သွယ်ရေးလမ်းမကြီးဖြစ်လို့ အခုလုံးဝ လမ်းပြတ်တောက်သွားတဲ့အတွက် ကုန်ပစ္စည်းပို့ဆောင်ရေးတွေကို ထိခိုက်နိုင်တယ်လို့ ‌ကုန်သည်အချို့ကပြောပါတယ်။

ဒါကြောင့် လမ်းပြင်ဆင်လို့ မပြီးသေးတဲ့ကာလမှာ အရင်သုံး‌ခဲ့တဲ့ လမ်းဟောင်းလို့ခေါ်ကြတဲ့ ကော့ကရိတ် - မြဝတီဒေါနတောင် လမ်းပိုင်း နဲ့ ‌‌ထော့ကိုကိုးလမ်းပိုင်းကိုသုံးနိုင်ပေမဲ့ ဒီကာလမှာသုံးဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။

 ပြတ်တောက်သွားတဲ့ လမ်း အရှည်က ပေ ၁၀၀ ကျော် နဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ကျော်ရှိဝန်းကျင်ရှိမယ်လို့

ဓာတ်ပုံ ရင်းမြစ်, ပုလဲဖြူ လူမှုကူညီကယ်ဆယ်ရေး

ဓာတ်ပုံ ပုံစာ, ပြတ်တောက်သွားတဲ့ လမ်း အရှည်က ပေ ၁၀၀ ကျော် နဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ကျော်ရှိဝန်းကျင်ရှိမယ်လို့ ခန့်မှန်းကြ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကော့ကရိတ် - မြဝတီဒေါနတောင် လမ်းဟောင်းပိုင်းက နေရာအများစုမှာ တော်လှန်ရေးတပ်ဖွဲ့တွေခြေကုပ်ယူထားသလို အလယ်ဗိုလ်တဲ စခန်းလမ်းပိုင်းနေရာမှာလည်း စစ်တပ်က တပ်စွဲထားတာပါ။ အချိန်မရွေးပြင်းထန်တိုက်ပွဲတွေ ရှိသလို စစ်ရေးအသာစီးရဖို့ မိုင်းထောင်တာမျိုးလည်း ရှိကြလို့ လုံခြုံမှုမရှိတဲ့ အခြေအနေလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

နောက်တစ်လမ်းဖြစ်တဲ့ ထော့ကိုထိုး လမ်းဘက်လည်း ရေကျော်ပြီး လမ်းပျက်နေသလို အများစုကမြေသား လမ်းပိုင်းဖြစ်နေလို့ သွားလာဖို့ခက်နေတယ်။

'' အခုက ဒီလမ်းကို ဘယ်လိုပြင်မလဲ စောင့်နေတာပေါ့။ တော်တော်လည်း စိတ်ဓာတ်ကျတယ်။တိုက်ပွဲဖြစ်လိုက် ရေကြီးလိုက် မြေပြိုလိုက်နဲ့ အလုပ်လုပ်စားရတာကို မကောင်းတော့ဘူး။ ပြန်ပြင်တာလည်း ဘယ်လောက်ကြာမလဲ မသိဘူး။ ‌ဘေလီထိုးမှာလား ဘာလုပ်မလဲတော့မသိ‌သေးဘူး။ အလုပ်လုပ်စားရတာစိတ်ဓာတ်ကျတယ်'' လို့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

တချို့ကုန်သည်တွေကလည်း ကိုးတိုင်လမ်းဆုံ ကနေ မော်လမြိုင်၊ မုဒုံ - တောင်ကြာအင်း လမ်း ကိုသုံးပြီး ရေးကနေ မြိတ်- ထားဝယ်ဘက်ကိုပြန်သွားဖို့ကလည်း ကုန်ကျစရိတ်နဲ့ အချိန်ကြောင့် မဖြစ်နိုင်ဘူးလို့ ပြောကြပါတယ်။

ဒါ့ကြောင့် လမ်းပိုင်းပြင်ဆင်တာမပြီးခင်ကာလအတွင်း ထိုင်း ကုန်ပစ္စည်းတွေ စျေးမြင့်တက်နိုင်သလို ကုန်ရှားတာတွေလည်းဖြစ်လာနိုင်တယ်လို့လည်း စျေးကွက်နားလည်သူတွေက ခန့်မှန်းနေကြပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, ပုလဲဖြူ လူမှုကယ်ဆယ်ရေး

ဒါ့ အပြင် ထိုင်း - မြန်မာ ကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ မြဝတီမြို့မှာလည်း မိုးဆက်နေတာကြောင့် မြို့တွင်းနေရာအများစုမှာ ရေကြီးရေလျှံတွေဖြစ်နေလို့ ကယ်ဆယ်ရေးစခန်း ၆ ခုလောက် ဖွင့်ထားရတဲ့ အခြေအနေပါ။ မြဝတီမြို့ တောရကျောင်းအပါအဝင် ရေဘေးရှောင်စခန်းအားလုံးက စာရင်းအရဆို လူဦးရေ ၃၀၀၀ ကျော်လောက် ရေဘေးရှောင်နေကြရတာဖြစ်ပါတယ်။

''အဓိက ရေမဆင်းတာကြောင့် မြဝတီကရေလျှံနေတာပါ။ မြောင်းတွေ ကပိတ်နေပြီး ရေကမကျနိုင်ဘူး။ ရေက မဆင်း။မိုးကမပြတ်နဲ့ အခု အနိမ့်ပိုင်းရပ်ကွက်တွေဆို ခါးထိရောက်နေပါတယ်။ ‌စျေးဆိုင်တွေ အကုန်နီးပါးပိတ်ထားကြရတယ်။ လူတွေလည်း ရေတောထဲ သွားနေရတဲ့ အခြေအနေပါ'' လို့ အလင်းသစ်လူမှုကူညီကယ်ဆယ်ရေးက ကိုဇော်ဦးကရှင်းပြပါတယ်။

မြဝတီမြို့က အနည်းဆုံး ရပ်ကွက် ၄ ခုလောက်မှာ ရေကြီးနေတာဖြစ်ပြီး အမှတ် ၁၊ ၂ ၊ ၃ နဲ့ ၅ ရပ်ကွက်တို့မှာ ရေကြီးနေတာလို့ ဆိုပါတယ်။ တချို့ သောင်းရင်းမြစ်နဲ့ ကပ်တဲ့ ရပ်ကွက်တွေကလည်း ‌ရေကြီးတာကို ကြုံနေရတယ်လို့ ပြောပါတယ်။

''အမှတ် ၄ ‌ကျောက်လုံးကြီးရပ်ကွက်ဘက်ကတော့ တောင်ပေါ်ပိုင်း ကုန်းမြင့်လိုဖြစ်နေတော့ ရေမတက်ဘူး။ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ‌ရေကျန်နေတာပါ။ သောင်းရင်းရေကလည်း အရမ်းတိုးပြီးတက်လာတာမရှိပေမဲ့ ရေက ကမ်း‌နားကိုကျော်ပြီးတော့ နည်းနည်းတက်နေတယ်'' လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ရေကြီးပြီး လမ်းတွေပြတ်တောက်တဲ့ အထိဖြစ်နေတဲ့ မြဝတီမှာ မိုးတွေရေတွေကြား ပစ်ခတ်သံတွေနဲ့ နှစ်ဖက်တိုက်ပွဲတွေလည်းရှိနေပါတယ်။ မြဝတီ ကျောက်လုံးကြီးမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်ခတ်တောင်ဘက်မှာ တော်လှန်ရေးတပ်တွေအခြေချနေတယ်ဆိုတဲ့ ယူဆချက်ကြောင့် လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာလို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

မြဝတီမြို့ခံတွေကတော့ တိုက်ပွဲတွေထက် ရေတွေပြန်ကျဖို့သာ အဓိကလို့ ပြောကြပြီး ဒီတိုင်းဆက်သွားရင် စိုးရိမ်ရတဲ့ အခြေအနေအထိရေတွေ တက်လာမှာကိုစိုးရိမ်နေကြပါတယ်။

'' မဲဆောက်ဘက်မှာလည်း မိုးကဆက်နေတာ။ သူတို့ဘက်လည်း လမ်းတွေကျွံတယ်။ သူတို့ဆည်ကလည်းရေလျှံလို့ နေ့တိုင်းဖြေးဖြေးချင်းဖောက်ချနေတာ။ သူတို့ ဘက်မိုးအရမ်းများလို့ ဆည်ရေလျှံလာလို့ ရေတွေဖောက်ချလိုက်ရင် အခု မြဝတီဖြစ်နေတာနဲ့ ပေါင်းပြီး ရေက ၂၀၁၁ တုန်းကလို ခေါင်းမိုးရောက်မှာစိုးရိမ်ရတယ်'' လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးကပြောပါတယ်။