ကိုဗစ်ကပ်ရောဂါရဲ့ မူလအစဟာ တရုတ်ဓာတ်ခွဲခန်းကနေထွက်လာတာလို့ အက်ဖ်ဘီဘိုင် ပြော- ဖေဖော်ဝါရီ ၂၈ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစဟာ တရုတ်ဓာတ်ခွဲခန်းကနေထွက်လာတာလို့ အက်ဖ်ဘီဘိုင် ပြော

ကိုရိုနာဗိုင်းရပ်စ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ မူလအစဟာ တရုတ်ဓာတ်ခွဲခန်းကနေထွက်ပေါ်လာတာ ဖြစ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဖက်ဒရယ်ဗျူရို (အက်ဖ်ဘီအိုင်)အကြီးအကဲက ပြောပါတယ်။

အက်ဖ်ဘီဘိုင်အဖွဲ့က အကဲဖြတ်ချက်ကို လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ Fox News နဲ့ အင်တာဗျူးမှာ အက်ဖ်ဘီဘိုင် ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ရေးလ်(Christopher Wray)က ပြောပါတယ်။

ဒါဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အက်ဖ်ဘီအိုင်က ပထမဆုံးအကြိမ် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

တရုတ်ကလည်း ကပ်ရောဂါမူလအစအတွက် စုံစမ်းစစ်ဆေးမှုတွေကို အကောင်းဆုံး တားဆီးပိတ်ပိတ်ပင်ခဲ့တယ်လို့ ပြောပါတယ်။

ဝူဟန် ဓာတ်ခွဲခန်းကနေ ဒီဗိုင်းရပ်စ်က စတင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို တရုတ်က ငြင်းပယ်ထားပါတယ်။

လေ့လာချက်တချို့ကတော့ ဒီဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ အစားအသောက် စျေးကနေ တိရစ္ဆာန်ကနေ တဆင့် လူကို ကူးစက်ခဲ့တယ်လို့ တွေ့ရှိထားတာလည်း ရှိပါတယ်။

ဂရိမှာ ရထားနှစ်စီးတိုက်မိလို့ အနည်းဆုံး လူ ၃၆ဦးသေ

ဂရိနိုင်ငံမှာ ဖေဖော်ဝါရီ ၂၈ရက်ညပိုင်းက ရထားနှစ်စီး တိုက်မိပြီး တွေ့ရစဉ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂရိနိုင်ငံမှာ ရထားနှစ်စင်းတိုက်မိလို့ အနည်းဆုံး လူ ၃၆ ဦး သေဆုံးသွားပါတယ်။ လူ ၆ဝ ကျော် ဆေးရုံကို တင်ပို့ခဲ့ရပြီး အများစုက အရေးပေါ် အခြေအနေမှာ ရှိနေပါတယ်။

ဒါဟာ ဆယ်စုနှစ်အတွင်း ဂရိမှာ အဆိုးရွားဆုံး ရထားမတော်တဆမှုတခုလည်း ဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အေသင်ကနေ သဲဆာလိုနီကီကို(Thessaloniki)သွားတဲ့ ခရီးသည်တင် ညရထားနဲ့ ကုန်တင်ရထားတို့ လာရစ်ဆာ (Larissa) မြို့အနီးမှာ ဖေဖော်ဝါရီ ၂၈ရက် ညပိုင်းက တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ရထားမှာ လိုက်ပါစီးနင်းလာသူတွေက လူငယ်အများစု ဖြစ်ကြပါ တယ်။

လူစီးရထား ၄ တွဲမြောက်မှာ စီးနင်းလိုက်ပါလာတဲ့ အသက်ရှင်ကျန်ရစ်သူတစ်ဦးက သူကြုံတွေ့ရတာကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ ကျောတွေနဲ့ ပြတင်းပေါက်တွေကို တိုက်ဖျက်ဖို့ ကြိုးစားတယ်။ ကျွန်တော်မှတ်မိ သလောက် ရုတ်တရက်ကြီး ဘရိတ်တအားအုပ်လိုက်တာရယ်၊ ပြတင်းပေါက် ဘေးကနေ မီးတောက်မီးစတွေ မြင်ရတာပါ။ ပြီးတော့ ရုတ်တရက် ရပ်သွားတယ်။ ဒါက ကျွန်တော်တို့ကို ထိတ်လန့်စေပြီး ပြတင်းပေါက်က မှန်တွေကို ချိုးပြီး အတတ်နိုင်ဆုံး အမြန်ထွက်ဖို့ ဖြစ်စေပါတယ်၊ ရှေ့မှာ မြင်ရတာကတော့ ကသောင်းကနင်းပါဘဲ၊ ဘာမှ ကျွန်တော်မမြင်တော့ပါဘူး၊ ကျွန်တော် ပြန်မပြောတတ်အောင်ပါပဲ" လို့ သူက ပြောပါတယ်။

ရထားနှစ်စင်းတိုက်မိပြီး ရထားတွဲတွေ လေထဲမြောက်တက်သွားပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေ တညလုံး ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ခဲ့ပါတယ်။ ရထားနှစ်စီး တိုက်မိတဲ့ အကြောင်းအရင်းကိုလည်း စုံစမ်းမှုတွေ စတင်နေပါတယ်။ ဒေသခံ မီးရထားရုံပိုင်ကိုလည်း ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။

ဂရိဝန်ကြီးချုပ် ကေရီရာကိုစ့် မစ်ဆိုတာကစ်ကလည်း ရထားတိုက်မိတဲ့နေရာကို သွားရောက်ဖို့ ရှိနေပါတယ်။

ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ စက်ရုံတွေ တရုတ်မှာ ပြန်အသက်ဝင်

တရုတ်နိုင်ငံရှိ ထုတ်လုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေတဲ့ စက်ရုံတရုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်နိုင်ငံမှာ တင်းကျပ်တဲ့ ကိုဗစ် စည်းကမ်းတွေကြောင့် ပိတ်ထားရတဲ့ စက်ရုံတွေ ပြန်လည် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

တရုတ်ရဲ့ ပြည်တွင်းဆိုင်ရာ စစ်တမ်းတွေကို ကောက်ခံတဲ့ ချိုင်ရှင်းအုပ်စုရဲ့ အဆိုအရ အသေးစားနဲ့ အလယ်အလတ်စား စီးပွားရေးတွေက မျှော်မှန်းထားတာတဲ့ ရလဒ် ပိုကောင်းနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၈ နှစ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများလာပြီး ထုတ်ကုန်တွေ ပို့ဆောင်မှုတွေ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ဒီနှစ် ကမ္ဘာ့စီးပွားရေး ဆုတ်ကပ်နဲ့ အတူ ရပ်သွားနိုင်တယ်လို့ စီးပွားရေးပညာရှင်အများစုက ပြေထားပါတယ်။

ကမ္ဘာ့ တတိယအကြီးဆုံး စီးပွားရေးအင်အားကြီး ဂျပန်မှာလည်း ၂နှစ်အတွင်း ထုတ်လုပ်မှုတွေ အနှေးဆုံး ကျဆင်းသွားပါတယ်။ အလုပ်သမား စရိတ် မြင့်မားလာမှုနဲ့ ကုန်စည်ဝန်ဆောင်မှု ပံ့ပိုးပေးမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဂျပန်က စစ်လိုလားတဲ့နိုင်ငံကနေ လက်တွဲဖော်အဖြစ် ပြောင်းလာလို့ တောင်ကိုရီးယား သမ္မတ ပြော

၁၀၄ကြိမ်မြောက် လွတ်လပ်ရေး လှုပ်ရှားမှု အခမ်းအနားမှာ တွေ့ရတဲ့ တောင်ကိုးရီးသား သမ္မတနဲ့ ဇနီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

တိုကျိုဟာ စစ်လိုလားတဲ့ နိုင်ငံကနေ လက်တွဲဖော်အဖြစ် ပြောင်းလဲလာတယ်လို့ တောင်ကိုးရီးယားနိုင်ငံ ဂျပန်ဆီကနေ လွတ်လပ်ရေးရခဲ့တဲ့ နှစ်ပတ်လည်အခမ်းအနားမှာ တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယို က ပြောပါတယ်။

အမေရိကန်ရဲ့ အာရှ မဟာမိတ် ၂ နိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ ကိုးရီးယားတို့အကြား ဆိုးရွားနေတဲ့ ဆက်ဆံရေးကို သမ္မတ ယွန်းက ပြင်ဆင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အရင်က ကိုလိုနီပြုခဲ့တဲ့ ဂျပန်နဲ့ ကိုရီးယားတို့ဟာ စီးပွားရေး နဲ့လုံခြုံရေးဆိုင်ရာတွေနဲ့ ပတ်သက်ပြီး တူညီတဲ့ စံတန်ဖိုးတွေ ထားရှိကြတယ်လို့လည်း ပြောပါတယ်။

ဂျပန်နဲ့ ဝါရှင်တန်တို့အကြား ပူးပေါင်းဆောင်ရွက်မှုတွေက မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုအပေါ် တန်ပြန်ဖို့အတွက် အဓိက ကျတယ်လို့လည်း မစ္စတာ ယွန်းက ပြောပါတယ်။

ဂျပန်က ကိုလိုနီပြုထားစဉ်ကာလအတွင်း အတင်းအကျပ် ခိုင်းစေမှုအပေါ် လျော်ကြေးမပေးရအောင် မစ္စတာယွန်းက လုပ်နေတယ်လို့ အတိုက်အခံတွေက စွပ်စွဲပါတယ်။

၁၉၁၉ ခုနှစ် တောင်ကိုရီးယား လွတ်လပ်ရေး လှုပ်ရှားမှုဟာ မတ်လ ၁ ရက်နေ့မှာ အစပြုခဲ့ တာလည်း ဖြစ်ပါတယ်။

ပူတင်ရဲ့ ဆောင်းရာသီအကြမ်းဖက်မှုကို ချေမှုန်းနိုင်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စကားပြောနေတဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားသမ္မတ ပူတင်ရဲ့ ဆောင်းရာသီကာလ အကြမ်းဖက်မှုကို သူ့နိုင်ငံက ချေမှုန်းနိုင်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရို ကူလီဘာက ပြောပါတယ်။

သမိုင်းမှာ အခက်ခဲဆုံး ဆောင်းရာသီကို ယူကရိန်းတွေက ရှင်သန်အောင် လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ချမ်းအေးမှောင်မည်းပေမဲ့ ယူကရိန်းတွေကို ဖျက်ဆီးလို့ မရဘူးလို့ ဆိုပါတယ်။ တချိန်တည်းမှာဘဲ ရုရှားက ဒရုန်းတွေနဲ့ ယူကရိန်းကို ဆက်လက်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

ဗြိတိန် ကာကွယ်ရေးဌာနကလည်း ယူကရိန်းမြောက်ပိုင်း နယ်စပ် ဘရန့်စ်ခ်ဒေသမှာရှိတဲ့ နေရာသစ်ကနေ တိုက်ခိုက်မှုတွေကို လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးကို တိုးမြင့်ဖြန့်ကြက်လိုက်ရင် ဒီတိုက်ခိုက်မှုတွေ လျော့သွားမယ်လို့လည်း ဆိုပါတယ်။

ဂျက်စတင်ဘီဘာရဲ့ ကမ္ဘာတဝန်းဖျော်ဖြေရေးခရီးစဥ်ဖျက်

ဂျက်စတင်ဘီဘာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကနေဒါအဆိုတော် ဂျက်စတင်ဘီဘာက ကျန်းမာရေးအခြေအနေကြောင့် ကမ္ဘာတဝန်း ဖျော်ဖြေဖို့ အစီအစဥ်တွေကို ပယ်ဖျက်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှားပါးတဲ့ Ramsay Hunt ဆိုတဲ့ ရောဂါလက္ခဏာကို ခံစားရပြီး သူ့ရဲ့ မျက်နှာ တခြမ်းက လေဖြတ်သလို ရွဲ့စောင်းသွားပါတယ်။

သူ့ရဲ့ Justice ဖျော်ဖြေရေးခရီးစဥ် အတော်များများကို ရွှေ့ဆိုင်းခဲ့ပြီး ဖြစ်ပေမဲ့ အခုတော့ အမေရိကန်၊ သြစတြေးလျ၊ ဉရောပ ဖျော်ဖြေပွဲတွေကို ပယ်ဖျက်ခဲ့ပါတယ်။

လက်မှတ်ဝယ်ထားတဲ့သူတွေကို ငွေပြန်အမ်းပေးမယ်လို့လည်းပြောပါတယ်။