အာကာသစခန်းမှာ ကိုးလကြာ သောင်တင်နေတဲ့ အာကာသယာဉ်မှူးတွေ အိမ်ပြန်နိုင်တော့မယ်

    • ရေးသားသူ, ပယ်လက်ဘ် ဂို့ရှ်
    • ရာထူးတာဝန်, ဘီဘီစီ သိပ္ပံသတင်းထောက်

အာကာသယာဉ်မှူးသစ်တွေကို တင်ဆောင်လာတဲ့ SpaceX အာကာသယာဉ် နိုင်ငံတကာ အာကာသစခန်းဆီကို ဆိုက်ရောက်လာပြီမို့ အဲဒီမှာ သောင်တင်နေတဲ့ ဘွတ်ချ် ဝေးလ်မိုးရ် နဲ့ ဆူနီ ဝီလျံစ် တို့ အာကာသယာဉ်မှူး နှစ်ဦး အိမ်ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ အာကာသစခန်းမှာ ရှစ်ရက်သာ နေဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့စီးလာတဲ့ စမ်းသပ်အာကာသယာဉ်မှာ နည်းပညာ ပြဿနာပေါ်ခဲ့တာကြောင့် သူတို့ အဲဒီမှာ ကိုးလကျော် သောင်တင်နေခဲ့ရပါတယ်။

အခုတော့ သူတို့နှစ်ဦးရဲ့ အိမ်အပြန် ကမ္ဘာမြေပြင်ခရီးကို အခုသီတင်းပတ် နှောင်းပိုင်းမှာ စတင်မှာ ဖြစ်ပါတယ်။ သူတို့ အိမ်ပြန်လာနိုင်တော့မှာမို့ နာဆာ အာကာသယာဉ် စီမံကိန်း မန်နေဂျာ စတိဗ် စတစ်ချ် က ပြောပါတယ်။

"ဘွတ်ချ်နဲ့ ဆူနီ တို့က ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ သူတို့ကို ပြန်ရောက်လာတော့မှာမို့အားလုံး ဝမ်းသာစိတ်လှုပ်ရှားနေကြပါတယ်" လို့ ဆိုပါတယ်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ပုံတွေထဲမှာ ISS နိုင်ငံတကာ အာကာသစခန်းကို SpaceX အာကာသကုမ္ပဏီရဲ့ Dragon အာကာသယာဉ် ဆိုက်ရောက်လာပြီး ယာဉ်တံခါးပေါက်ကို ဖွင့်လိုက်တာ တွေ့ရပါတယ်။ ဂရင်းနစ်စံတော်ချိန် မနက် ၅ နာရီ ၄၅ မိနစ်မှာ အာကာသယာဉ်မှူးတွေ ဆွဲအားမဲ့ လေဟာနယ်ထဲမှာ အချင်းချင်း ပွေ့ဖက် နှုတ်ဆက်နေကြတာ တွေ့ရပါတယ်။

သူတို့ရဲ့ ISS နာဆာအာကာသစခန်း လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ နစ်ခ် ဟိဂ် နဲ့ ရော့စ်ကော့စ်မော့စ် အာကာသယာဉ်မှူး အလက်ဇန်းဒါး ဂေါ်ဘူနော့ဗ်တို့နဲ့အတူ အဲဒီ အာကာသယာဉ်မှူး နှစ်ဦးရဲ့ နေရာမှာ ရုရှားနဲ့ ဂျပန်က အာကာသယာဉ်မှူး နှစ်ဦးနဲ့ အမေရိကန်က အာကာသယာဉ်မှူး နှစ်ဦးတို့ လူစားထိုး နေရာယူကြမှာ ဖြစ်ပါတယ်။

တာဝန်လွှဲပြောင်းမှုတွေ နှစ်ရက်ကြာမှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ အိမ်ပြန်မယ့် အာကာသယာဉ်မှူးတွေက သူတို့ရဲ့ ကမ္ဘာမြေခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ပြန်မယ့် အာကာသယာဉ်ထဲ ဘေးကင်းစွာ ပြန်ဝင်နိုင်ဖို့ အတွက် ကမ္ဘာမြေပြင်က ရာသီဥတု အခြေအနေ ကောင်းမွန်ဖို့ စောင့်ရမှာ ဖြစ်တဲ့အတွက် နောက်ထပ် အနည်းအပါး နှောင့်နှေးမှုတွေ ရှိနိုင်တယ်လို့ ISS စီမံကိန်း မန်နေဂျာ ဒါနာ ဝေဂယ်လ် ကပြောပါတယ်။

"ရာသီဥတုကောင်းဖို့ အရေးကြီးတဲ့အတွက် တကယ်လို့ ရာသီဥတု မကောင်းဘူးဆိုရင် အချိန်ယူရဖို့ ရှိပါတယ်"လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

အဲဒီ အာကာသယာဉ်မှူးတွေဟာ တာဝန်လွှဲပြောင်းမှုတွေအတွက် ပြီးခဲ့တဲ့ သီတင်းပတ်က စအဆင်သင့်ပြင်ခဲ့ကြတယ်လို့ မစ်စ် ဝေဂဲလ် က ရှင်းပြပါတယ်။

"ဘွတ်ချ် က အခမ်းအနား ခေါင်းလောင်း တီးခဲ့သလို ဆူနီ ကလည်း အာကာသယာဉ်မှူး အလက်ဆီ အော့ဗ်ချီနင်ကို ကွပ်ကဲမှု တာဝန်တွေ လွှဲပေးခဲ့ပါတယ်"လို့ သူက ပြောပြပါတယ်။

အဲဒီ အာကာသယာဉ်မှူးတွေက အာကာသစခန်းပေါ်မှာ နေရတာကို ကြိုက်ပါတယ်လို့ အမြဲပြောခဲ့ကြပါတယ်။ ဆူနီ ဝီလျံစ် ကဆိုရင် ဒါက "ပျော်စရာ ကောင်းတဲ့ သူ့နေရာလေး" ပါလို့ ဖော်ညွှန်းပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလို အာကာသစခန်းထဲမှာ အကြာကြီး သောင်တင်နေတာက ပုဂ္ဂိုလ်ရေး ထိခိုက်မှုတော့ ရှိလာနိုင်တယ်လို့ Open University က ဒေါက်တာ ဆီမီယွန် ဘာဘာ က ဘီဘီစီ သတင်းဌာနကို ပြောပါတယ်။

"သီတင်းတစ်ပတ်ပဲ ကြာမယ် ဆိုပြီး လွှတ်လိုက်တဲ့ အလုပ်ခရီးစဉ်က တစ်နှစ်နီးပါးလောက် ကြာမယ်လို့ မျှော်လင့်ထားမှာ မဟုတ်ပါဘူး"လို့ သူက ပြောပါတယ်။

"အာကာသထဲမှာ ဒီလောက် အကြာကြီးနေခဲ့ရတဲ့အတွက် မိသားစုဘဝကို ထိခိုက်လာနိုင်ပါတယ်။ သူတို့ မရှိတုန်း သူတို့အိမ်မှာ ဖြစ်ပျက်သွားတာတွေကြောင့် ကသောင်းကနင်းတွေ ဖြစ်လာနိုင်ပါတယ်။"

ဘွတ်ချ် နဲ့ ဆူနီ တို့ဟာ SpaceX ရဲ့ ပြိုင်ဘက်အာကာသကုမ္ပဏီ Boeing က ဆောက်လုပ်တဲ့ Starliner စမ်းသပ် အာကာသယာဉ်ကို စစ်ဆေးကြည့်ရှုဖို့ ၂၀၂၄ ခုနှစ် ဇွန်လဆန်းမှာ ISS နိုင်ငံတကာ အာကာသစခန်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အာကာသယာဉ် တည်ဆောက်မှုမှာ နည်းပညာပိုင်း ပြဿနာတွေ ရှိနေတဲ့အတွက် ဒီခရီးစဉ်ကို နှစ်ပေါင်းများစွာ ဆိုင်းငံ့ထားခဲ့ရတာ ဖြစ်ပြီး အာကာသယာဉ် ပစ်လွှတ်စဉ်နဲ့ ISS အာကာသစခန်းမှာ ဆိုက်ကပ်စဉ် အတွင်းမှာလည်း ပြဿနာတွေ ရှိခဲ့ပါတယ်။ အဲဒီထဲမှာ Starliner အာကာသယာဉ်ရဲ့ တွန်းအားပေးစက်တချို့မှာ ပြဿနာ ရှိခဲ့တာကြောင့် ကမ္ဘာမြေပြင် လေထုထဲ ပြန်ဝင်ဖို့ အတွက် အာကာသယာဉ်ကို နှေးဖို့ လိုအပ်မှာ ဖြစ်သလို တွန်းကန်အားစနစ်မှာ ဟေလီယမ်ဓာတ်ငွေ့ ယိုစိမ့်မှု ပြဿနာလည်း ရှိခဲ့ပါတယ်။

ဘွတ်ချ်နဲ့ ဆူနီ တို့အနေနဲ့ SpaceX ရဲ့ Dragon အာကာသယာဉ်နဲ့ ကမ္ဘာမြေပြင်ပေါ် ပြန်လာနိုင်တဲ့ နည်း ရှိနေတာမို့ Starliner အာကာသယာဉ်နဲ့ အရဲစွန့် ပြီး ပြန်မခေါ်လာဖို့ နာဆာက ဆုံးဖြတ်ခဲ့ပါတယ်။ အာကာသယာဉ်မှူးတွေကို အာကာသစခန်းမှာ လပေါင်းများစွာ ထားထားရမှာ ဖြစ်ပေမဲ့ အာကာသယာဉ်မှူး အလှည့်ကျ အလဲအလှယ်လုပ်တဲ့အခါမှသာ သူတို့ကို ပြန်ခေါ်တာက အကောင်းဆုံးနည်းဖြစ်မယ်လို့ နာဆာက ဆုံးဖြတ်ခဲ့ပါတယ်။

Boeing အာကာသကုမ္ပဏီကတော့ ဘွတ်ချ်နဲ့ ဆူနီ တို့ကို သူတို့ကုမ္ပဏီပိုင် Starliner အာကာသယာဉ်နဲ့ ပြန်ခေါ်လာတာက အန္တရာယ်မရှိဘူးလို့ အစဉ်တစိုက် ပြောခဲ့ကြောင်း၊ သူတို့ရဲ့ ပြိုင်ဘက် အာကာသယာဉ်နဲ့ ပြန်ခေါ်တာဟာ Boeing အာကာသကုမ္ပဏီအတွက် သိက္ခာကျစရာ ကောင်းလိမ့်မယ်ဆိုပြီး ဒီဆုံးဖြတ်ချက်အပေါ် မကြေနပ်ခဲ့ကြဘူးလို့ ဒေါက်တာ ဘာဘာ က ပြောပါတယ်။

"Boeing အာကာသကုမ္ပဏီအနေနဲ့ အာကာသထဲ သူတို့ခေါ်လာတဲ့ အာကာသယာဉ်မှူးတွေကို ပြိုင်ဘက်ကုမ္ပဏီရဲ့ အာကာသယာဉ်နဲ့ ကမ္ဘာမြေပြင်ကို ပြန်ခေါ်လာရတာက သိက္ခာကျစရာ ဖြစ်နေပါတယ်။"

ဘွတ်ချ်နဲ့ ဆူနီ တို့ကို ကမ္ဘာမြေပေါ် ဒါ့ထက် စောစော ပြန်ခေါ်ဖို့ ကောင်းတယ် လို့ သမ္မတ ထရမ့်ရော၊ SpaceX ရဲ့ စီအီးအို အီလွန် မတ်စ် ကပါ မကြာသေးခင် ဖေဖော်ဝါရီလက Fox News သတင်းဌာနနဲ့ ပူးတွဲ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

"အာကာသယာဉ်မှူးတွေကို အာကာသထဲ ပစ်ထားခဲ့ကြတယ်"လို့ သမ္မတ ထရမ့်က ဆိုပါတယ်။

"သူတို့တွေ အာကာသထဲမှာ ၈ ရက်ပဲ နေရမှာ၊ အခု သူတို့အဲဒီမှာ ရောက်နေတာ ရက်ပေါင်း ၃၀၀ နီးပါး ရှိနေပြီနော်" ဆိုပြီး အင်တာဗျူးမေးတဲ့ ရှောင်န် ဟန်နီတီက ပြောတဲ့အခါ သမ္မတထရမ့်က "ဘိုင်ဒန်လုပ်တာလေ" ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ တုံ့ပြန် ဖြေသွားခဲ့ပါတယ်။ မစ္စတာ မတ်စ် ကလည်း "သူတို့ကို အာကာသထဲမှာ ထားထားတာ နိုင်ငံရေး အကြောင်းရင်းကြောင့်ပေါ့" ဆိုပြီး လိုက်ပြောခဲ့တာ တွေ့ရပါတယ်။

အဲဒီပြောဆိုချက်ကို နာဆာ အာကာသယာဉ် စီမံကိန်း မန်နေဂျာ စတိဗ် စတစ်ချ် က ငြင်းဆိုခဲ့ပါတယ်။

"ရွေးစရာနည်းတွေ အများကြီး ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်။ အားလုံးကို ခြုံကြည့်ပြီး ဘယ်ဟာကအကောင်းဆုံးနည်းလဲဆိုတာကို SpaceX နဲ့ အတူပူးပေါင်း အဖြေရှာခဲ့ကြပါတယ်။ အကောင်းဆုံးနည်းကို ချကြည့်တဲ့အခါ သူတို့ကို အာကာသစခန်းမှာ ထားထားဖို့ နည်းကိုပဲ ရွေးခဲ့ကြတာပါ" လို့ သူက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကို ISS အာကာသစခန်းရဲ့ ဥရောပ ထိန်းချုပ်ရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူ လန်ဒန်မြို့ သိပ္ပံပြတိုက်က အာကာသပြခန်း အကြီးအကဲ ဒေါက်တာ လစ်ဘီ ဂျက်ဆင် က ထောက်ခံပါတယ်။

"ဒီအခြေအနေကို ဘယ်လို အကောင်းဆုံး ဖြေရှင်းကြမလဲဆိုတာကို ဆုံးဖြတ်ရာမှာ ဘွတ်ချ်နဲ့ ဆူနီတို့ ရဲ့ကျန်းမာပျော်ရွှင်မှုကို အားလုံးက ရှေ့တန်းတင် စဉ်းစားခဲ့ကြပါတယ်"လို့ သူက ပြောပါတယ်။

"နာဆာအနေနဲ့ နည်းပညာပိုင်း အကြောင်းရင်းခံ၊ စီမံကိန်းပိုင်း အကြောင်းရင်းခံတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဘွတ်ချ်နဲ့ ဆူနီ တို့ကို ဘေးကင်းလုံခြုံအောင် ထားနိုင်ဖို့အတွက် မှန်ကန်တဲ့ ဖြေရှင်းနည်းကို ရှာတွေ့ခဲ့ကြတာပါ။"

"သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် အာကာသယာဉ်မှူးတွေနဲ့အတူ ဘွတ်ချ်နဲ့ ဆူနီ တို့ ကမ္ဘာမြေပြင်ကို ဘေးအန္တရာယ်ကင်းကင်း ပြန်ရောက်လာကြမှာကို ကျွန်မတို့ တကယ်ပဲ မျှော်လင့်စောင့်စားနေပါတယ်။"