ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာကာသနည်းပညာပြိုင်ပွဲမှာ ဂျက်ဖ် ဘီဇို့စ်က အီလွန် မက်စ်ကို အမီလိုက်နိုင်မလား
- ရေးသားသူ, ဆာရာ အီဘရာဟင်နဲ့ ဟီသာ ရှာ့ပ်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား
အမေရိကန် သန်းကြွယ်သူဌေး ဂျက်ဖ် ဘီဇို့စ်ရဲ့ ဘလူး အော်ရဂျင် (Blue Origin) ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ကိတ် ကာနေဗရယ် အာဏာသယာဥ်လွှတ်တင်ရေးစခန်းကနေ နယူး ဂလန်း ဒုံးပျံယာဥ်ကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း လွှတ်တင်နိုင်ခဲ့ပါတယ်။
နည်းပညာပြဿနာကြောင့် လွှတ်တင်ဖို့ကို ရက်ရွှေ့ဆိုင်းခဲ့ရအပြီးမှာ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပေမဲ့ ဒုံးပျံတွန်းတင်အပိုင်းကို အတ္တလန္တိတ်သမုဒ္ဒရာထဲက သတ်မှတ်နေရာကို ပြန်ကျအောင် ရည်ရွယ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
တဖက်မှာတော့ အီလွန် မက်စ်ရဲ့ စပေ့အိတ်စ်(SpaceX) ကတော့ အလွန်ကြီးမားတဲ့ စတားရှစ် (Starship) အာကာသယာဥ်အစိတ် အပိုင်းကို မြေပြင်ကို အောင်မြင်အောင် ပြန်လည်ဆင်းသက်နိုင်တဲ့ အထိပြီးခဲ့တဲ့ နှစ်မှာ ကမ္ဘာပထမဆုံးအနေနဲ့ လုပ်ဆောင်နိုင်ကာအောင်မြင်မှုရရှိထားတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ဘီလျံနာ နှစ်ယောက်ဟာ အာကာသဆိုင်ရာ ကုမ္ပဏီတွေကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက ထူထောင်ခဲ့ကြတာပါ။ အီလွန် မက်စ်ရဲ့ ကုမ္ပဏီကတော့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ပိုသာလွန်လာနေတာ မြင်ရပါတယ်။
ဒါပေမဲ့ ဂျက်ဖ် ဘီဇို့စ်ရဲ့ နယူး ဂလန်း ဒုံးပျံယာဥ် လွှတ်တင်မှုက ကုမ္ပဏီ ၂ ခုအကြားအောင်မြင်မှုတွေက မတိမ်းမယိမ်းရှိလာစေပါတယ်။
SpaceX နဲ့ Blue Origin တို့ ဘာတွေအောင် မြင်ထားကြသလဲ
စပေ့ အိတ်စ် (Space X) ဟာ သူ့ရဲ့ ဒုံးပျံယာဥ် ဖယ်ကွန်-၁ ကို ကမ္ဘာပတ်လမ်းထဲကို ၂၀၀၈ ခုနှစ်မှာ လွှတ်တင်နိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အရောက်မှာတော့ နိုင်ငံတကာအာကာသစခန်း (ISS) ကို ပစ္စည်းပို့တဲ့အထိ လုပ်ထားနိုင်ပါတယ်။
အခုဆိုရင် ဖယ်လ်ကွန်-၉ ဒုံးပျံကို လွှတ်တင်တဲ့အထိ လုပ်ထားနိုင်ပြီး ဂြိုဟ်တုတွေကို ဂြိုဟ်ပတ်လမ်းထဲ ပို့တာ၊ နိုင်ငံတကာအာကာသစခန်း(ISS)ဆီကို လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ အာကာသပညာရှင်တွေကို ပို့ဆောင်ပေးတာ အကြိမ်ပေါင်း ၄၀၀ ကျော်အထိ လုပ်ဆောင်ထားနိုင်ပါ တယ်။
ဘလူး အော်ရဂျင်(Blue Origin) ကတော့ သိုးထိန်းအသစ်လို့ နာမည်ပေးထားတဲ့ New Shephard ခေါ် ဒုံးပျံယာဥ်ကို ၂၈ ကြိမ်ပျံသန်းခဲ့ပြီး အဲဒီထဲက ၉ ကြိမ်လုံးမှာ လူလိုက်ပါခဲ့ပါတယ်။ ဒါပေမယ့် ပျံသန်းလွှတ်တင်မှုတွေဟာ ဂြိုဟ်တုပတ်လမ်းအထိ မရောက်နိုင်သေးပါဘူး။
ကုမ္ပဏီ ၂ ခုလုံးကတော့ ထိန်းချုပ်ဆင်းသက်နိုင်အောင်၊ ဒုံးပျံတွန်းကန်အပိုင်းတွေကို ပြန်သုံးစွဲနိုင်အောင် ရှေ့ပြေးလုပ်ထားနိုင်ပြီဖြစ်လို့ စရိတ်နည်းနည်းနဲ့ အာကာသခရီးသွားလာရေး လမ်းပေါက်လာနေစေပါတယ်။
စပေ့အိတ်စ် ကတော့ ပိုကြီးတဲ့ အာကာယာဥ်ကြီး ၂ စင်းကို ထုတ်ထားပြီးဖြစ်ပါတယ်။ အဲဒီထဲမှာ တစ်စင်းက လက်ရှိအသုံးပြုနေတဲ့ သိမ်းငှက်ကြီးလို့ နာမည်ပေးထားတဲ့ Falcon Heavy(ဖယ်ကွန် ဟဲဗီး)ဖြစ်ပါတယ်။
နောက်တစ်စင်းကတော့ တည်ဆောက်သမျှ အာကာသယာဥ်တွေထဲ အကြီးမားဆုံးနဲ့ အားအပြင်းဆုံး ကြယ်တာယာယာဥ်ကြီးလို့ခေါ်တဲ့ စတားရှစ်(Starship) ဖြစ်ပါတယ်။ စတားရှစ်ကို အစမ်းပျံသန်းမှု ၆ ကြိမ်လုပ်ထားပြီး အဲဒီထဲမှာ နှစ်ကြိမ်လောက်က မထင်ထားတဲ့ပေါက်ကွဲမှုတွေ ဖြစ်ထားပါတယ်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထဲမှာတော့ အာကာသကနေ ပြန်ဆင်းသက်လာတဲ့ စတားရှစ် ဒုံးပျံရဲ့ အောက်ခြေအပိုင်းဟာ လွှတ်တင်ခဲ့တဲ့စင်တည့်တည့်ကို ပြန်ဆင်းသက်လာချိန်မှာ စက်လက်တံကြီး ၂ ခုက လေထဲမှာပဲ မူလနေရာ ပြန်ကျအောင် ဖမ်းယူနိုင်ခဲ့တဲ့အထိ ကမ္ဘာ့အဆင့် ပထမဆုံး လုပ်ဆောင်နိုင်စွမ်းကို ပြုလုပ်ထားနိုင်ပါတယ်။
ဘလူး အော်ရဂျင် ရဲ့ နယူး ဂလန်း ဒုံးပျံကတော့ ဖယ်လ်ကွန် ဟဲဗီး ထက်ကြီးပေမဲ့ စတားရှစ် ဒုံးပျံ ထက်တော့ သေးပါတယ်။
နယူး ဂလန်း ရဲ့ ဒုံးပျံအရှိန်မြင့်အပိုင်းကလည်း ပြန်လည်အသုံးပြုနိုင်တဲ့ပုံစံ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။
လွှတ်တင်ပြီးခဲ့အခါမှာ ဒုံးပျံယာဥ်ကို အရှိန်မြင့်တင်ပေးတဲ့ အရာက ယာဥ်တွေကနေ ခွဲထွက်သွားပြီး ဂျက်ဖ် ဘီဇို့စ်ရဲ့ မိခင်နာမည်ကိုအစွဲပြုပြီးပေးထားတဲ့ ဂျက်ကလင်းဆိုတဲ့ အတ္တလန္တိတ် သမုဒ္ဒရာထဲက သင်္ဘောပေါ်ကို ပြန်လည်ဆင်းသက်နိုင်အောင် ပြုလုပ်ထားပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာဖို့ အကန့်အသတ်တွေရှိနေသေးပေမဲ့လည်း ပထမဆုံးအကြိမ် လွှတ်တင်မှုမှာ မြေပြင်ကို အောင်အောင်မြင်မြင်နဲ့ ပြန်ဆင်းသက်နိုင်အောင် လုပ်နိုင်ရုံနဲ့တင် ''အတိုင်းထက်အလွန်'' ဖြစ်မှာလို့ ဘလူး အော်ရဂျင်က ဆိုပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၆၂ မိုင်အထိ လေထုထဲ ပျံတက်ခဲ့တဲ့ ဘလူး အော်ရဂျင်ရဲ့ အာကာသခရီးသွားအစီအစဥ် စမ်းသပ်ပျံသန်းမှုတုန်းကတော့ အသက်အငယ်ဆုံး အာကာသယာဥ်မှူး အသက် ၁၈ နှစ်အရွယ် အိုလီဗာ ဒေးမန်းနဲ့ အသက် ၉၀ အရွယ်ရှိတဲ့ အက်ဒရှိုက်တို့အပြင် Star Trek သိပ္ပံဇာတ်လမ်းတွဲထဲက သရုပ်ဆောင် ဝီလီယံရှထ်နာနဲ့ မစ္စတာ ဘီဇို့စ်တို့ လိုက်ပါခဲ့ကြဖူးပါတယ်။
"စပေ့အိတ်စ် က ဘလူး အော်ရဂျင်ထက် ပိုပြီးတိုးတက်မှုရှိသလို အောင်မြင်မှုလည်းပိုများတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး" လို့ လန်ဒန်စီးပွားရေးပညာကျောင်းက အာကာသစူးစမ်းမှု ကျင့်ဝတ်နှင့် နိုင်ငံရေးဆိုင်ရာ ပညာရှင် ဒေါက်တာ ဂျေးစတွထ်က ပြောပါတယ်။
"နောက်ဆုံးကျရင်တော့ အမေရိကန်အစိုးရက ကုမ္ပဏီအများကြီးကို ယှဥ်ပြိုင်လုပ်ကိုင် ခိုင်းလာမှာပါ။ အဲဒါကပဲ ပိုပြီး စွမ်းရည်ပြည့်ပြီး ပိုမိုတီထွင်နိုင်စွမ်းတွေလည်း ကောင်းလာပါလိမ့်မယ်" လို့ သူမက ပြောပါတယ်။
ဘာကြောင့် အာကာသ အစီအစဥ်အတွက် ရင်းနှီးထား ကြတာလဲ
မစ္စတာ မက်စ်ဟာ လျှပ်စစ်ကားတွေထုတ်တဲ့ တက်စလာ(Tesla)၊ စပေ့အိတ် (SpaceX) နဲ့ X (အရင်တွစ်တာ) ဆိုရှယ်မီဒီယာတို့ကို ပိုင်တဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်ပါတယ်။
လူသားတွေ ကိုယ်ပိုင်ရှင်သန်နိုင်ဖို့ "ဂြိုဟ်တစ်လုံးမက" ရှိဖို့ လိုအပ်တာကြောင့် အင်္ဂါဂြိုဟ်ပေါ်အထိ နယ်မြေချဲ့ထွင် ဖို့လိုတယ်လို့ သူရဲ့ အမြင်ကို အရင်ကတည်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့အစီအစဥ်တွေကို ၂၀၁၆ ခုနှစ်တုန်းမှာ အကြမ်းဖျင်း ပြောခဲ့ရာမှာတော့ ''အတွေးအခေါ်အပိုင်းနဲ့ ပတ်သက်ပြီး တကယ့်ကို စူးစူးနစ်နစ်အလုပ်လုပ်မယ့်သူ မရှိဘူးဆိုရင် အာကာသနဲ့ပတ်သက်ပြီး ဝေးသထက်ဝေးတဲ့ လူ့ဖွံ့ဖြိုးမှုပဲ ကျွန်တော်တို့ ဖြစ်နေဦးမှာပဲ'' လို့ မတ်စ်က ပြောပါတယ်။
အီလက်ထရောနစ် ရောင်းဝယ်ဖောက်ကားရေးကုမ္ပဏီ အမေဇုန်ပိုင်ရှင် ဂျက်ဖ် ဘီဇို့စ်ဟာ ကမ္ဘာနံပတ် ၂ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တယ်လို့ ဖော့ဘ်စ်မဂ္ဂဇင်းရဲ့ ဇန်နဝါရီလ ၁ ရက်နေ့ စာရင်းပြုစုထားမှုအရ သိရပါတယ်။
မစ္စတာ ဘီဇို့စ်ဟာ ဘလူး အော်ရဂျင်ဘက်မှာ ပိုအာရုံစိုက်နိုင်အောင်ဆိုပြီး အမေဇုန် အမှုဆောင်အရာရှိချုပ် ရာထူးကနေ ၂၀၂၁ ခုနှစ်မှာ ဆင်းပေးခဲ့ပါတယ်။
သူ့ရဲ့ ရည်ရွယ်ထားချက်ကို အရင်ကတည်းက အခုလို ပြောထားခဲ့တာပါ။ "ကျွန်တော်တို့ရဲ့ သားစဥ်မြေးဆက်အနာဂတ်အတွက် အာကာသကို လမ်းဖောက်မှာပါ။" ''အခုကမ္ဘာပေါ်မှာဖြစ်နေတဲ့ပြဿနာတွေအတွက် ကျွန်တော်တို့ ဒီလိုလုပ်ဖို့ကို လိုနေပါတယ်''
ဘလူး အော်ရဂျင်ကို တည်ထောင်တာဟာ "ကမ္ဘာမြေအကျိုးအတွက် လူပေါင်းသန်းပေါင်း များစွာ အာကာသမှာ အသက်ရှင်နေထိုင်၊ အလုပ်လုပ်ကိုင်နိုင်ကြဖို့ ရည်ရွယ်တာပါ" လို့ ဆိုထားပါတယ်။
အာကာသအစီအစဥ်အတွက် ဘီလျံနာ သူဌေးတွေ ငွေကုန်ကြေးကျခံပြီး လုပ်နေတာထက် ကမ္ဘာရာသီဥတုပြောင်းလဲမှုနဲ့ ကာကွယ်ဆေးထိုးခြင်း စတဲ့လုပ်ငန်းတွေကို လုပ်ဆောင်သင့်တာလို့ ဝေဖန်အကြံပြုမှုတွေလည်းရှိနေပါတယ်။
မိုက်ခရိုဆော့ ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူလည်းဖြစ်၊ ဘဝရဲ့ အချိန်အများစုကို ကမ္ဘာ့အချမ်းသာဆုံးလူသားဘွဲ့ ယူထားခဲ့သူလည်းဖြစ်တဲ့ ဘီလ်ဂိတ်ကတော့ "တကယ်တမ်း အင်္ဂါဂြိုဟ်ကို သွားဖို့ဆိုတာ ကုန်ကျစရိတ်များတယ်။ ကျွန်တော်တို့ ဝက်သက်ရောဂါ ကာကွယ်ဆေး ဒေါ်လာတစ်ထောင်ဖိုးဆို အသက်တွေအများကြီးကို ကယ်တင် ပေးနိုင်တယ်" လို့ ၂၀၂၃ ခုနှစ်မှာ ဘီဘီစီကို ပြောထားပါတယ်။
အဲဒီဟာက "ဒီမှာပဲ လုပ်စရာတွေရှိနေတာပဲလေ။ ... အင်္ဂါဂြိုဟ်အထိ ခြေဆန့်ဖို့ မလိုပါဘူး''
နယူး ဂလန်း ဒုံးပျံကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်တာ ဘာသဘောဆောင်လဲ
အောင်မြင်စွာလွှတ်တင်တာဟာ ဘလူး အော်ရဂျင်ရဲ့ အဓိကမှတ်တိုင် တစ်ခုဖြစ်ပြီးတော့ အာကာသလုပ်ငန်း ပြိုင်ဆိုင်မှု အခင်းအကျင်းကို ပြန်ပုံဖော်လာနိုင်တာဖြစ်နိုင်တယ်လို့ လန်ဒန်စီးပွားရေးပညာကျောင်း၊ အာကာသမူဝါဒရေးရာအစီအစဥ်အဖွဲ့ခေါင်းဆောင်၊ ဒေါက်တာ ဒီမိုထရီယို စရှိုက်ကို့စ် ကပြောပါတယ်။
"ရေရှည်မှာ၊ စပေ့အိတ်စ်ရဲ့ ဖယ်ကွန် နိုင်း ဒုံးပျံ(Falcon 9)ရဲ့ သယ်ဆောင်နိုင်မှုရဲ့ ၂ ဆလောက် ကို သယ်ဆောင် နိုင်တဲ့ ကုန်ကျစရိတ်မျိုးနဲ့ စပေ့အိတ်စ်ရဲ့ လွှမ်းမိုးမှုကို သိသိသာသာ စိန်ခေါ်လာနိုင်တယ်" ဟု သူက သုံးသပ်ပါတယ်။
ဒေါက်တာ ဒီမိုထရီယို စရှိုက်ကို့စ် သုံးသပ်တာက လက်ရှိ အီလွန်မတ်စ်ရဲ့ လွှမ်းမိုးနိုင်မှုဟာ စတားလင့်ခ် ဂြိုဟ်တုသုံး မြန်နှုန်းမြင့်အင်တာနက်ချိတ်ဆက်မှုကွန်ရက်ကြောင့်လည်း ''ဒုံးပျံလွှတ်တင်နိုင်တယ်ဆိုတာထက် ကျော်လွန်တယ်'' လို့ ဆိုပါတယ်။
စပေ့အိတ်စ်ဟာ "နည်းပညာဆိုင်ရာ ဖြစ်ထွန်းမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်နိုင်မှုတွေကြောင့် သိသိသာသာရှေ့ပြေးနေပြီ'' လို့လည်း သူက သုံးသပ်ပါတယ်။
ပြိုင်ဆိုင်မှုရဲ့ အဓိကက ဘယ်သူဒုံးပျံအကြီးကြီးကို လွှတ်တင်နိုင်တာမျိုးမဟုတ်ဘူး၊ ဘယ်သူက အစိုးရနဲ့ စာချုပ်ချုပ်ပြီး လုပ်ပိုင်ခွင့်ရလဲဆိုတာအပေါ်လည်း မူတည်နေတာပါ။
"အာကာသစူးစမ်းရေးနဲ့ ခရီးသွားရေးက အစိုးရက စိုက်ထုတ်သုံးစွဲရတာမျိုးနဲ့ ဆက်ပြီး လွှမ်းမိုးထားပါတယ်။ ပြီးတော့ ကုမ္ပဏီတွေကလည်း အစိုးရနဲ့ သဘောတူညီချက်ရရှိ လုပ်ကိုင်နိုင်ဖို့သာ အဓိကထားပြိုင်ဆိုင်နေကြတာ" လို့အာကာသ နိုင်ငံရေးရာ၊ တွဲဖက် ပါမောက္ခ၊ ဒေါက်တာဘလယ်င် ဘိုဝမ်ကပြောပါတယ်။
နှစ်ဦးသား ဘယ်လို အပြန်အလှန်တိုက်ခိုက်ကြလဲ
ဘီလျံနာ နှစ်ယောက်လုံးဟာ တစ်ဦးကို တစ်ဦး လူသိရှင်ကြား တရားတဘောင်နဲ့ဖြေရှင်းခဲ့ကြဖူးတဲ့ ရာဇဝင်လည်း ရှိထားပါတယ်။
၂၀၂၁ ခုနှစ်တုန်းက ဘလူး အော်ရဂျင်ဟာ သူ ရှုံးပြီး စပေ့အိတ်စ်ကို လုပ်ပိုင်ခွင့်ရခဲ့တဲ့ ဒေါ်လာ ၂.၉ ဘီလျံ တန်ကြေးရှိတဲ့ လပေါ် ဆင်းသက်မယ့် ယာဥ်စီမံကိန်း သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုအစိုးရကို တရားစွဲခဲ့ ပါတယ်။
အမှုကို ရှုံးခဲ့ပေမယ့်လည်း သူလည်း သူ့ကိုယ်ပိုင် လဆင်းယာဥ်စီမံကိန်း တစ်ခုကို နောက်ပိုင်းမှာရခဲ့ပါတယ်။
တရားရုံးအဆုံးအဖြတ်ချပြီးနောက် "တရားသူကြီး ဒရက်ဒ်" ဆိုတဲ့ရုပ်ရှင်ထဲက အပိုင်းတစ်ခုကို ရုပ်ပြောင်တစ်ခုကို ဖော်ပြပြီး "တရားစီရင်ခြင်းခံရပြီ" ဆိုတဲ့ စာသားနဲ့ မက်စ်က သူရဲ့ X(တွစ်တာ) မှာတင်ခဲ့ပါတတယ်။ အဲဒါအပြင် မစ္စတာ ဘီဇို့စ်ကုမ္ပဏီကိုလည်း အပြောင်သဘောနဲ့ တရားစွဲတာသန်တဲ့ အော်ရဂျင် "Sue Origin" လို့ အမည်ပြောင်အဖြစ်ရေးခဲ့ပါသေးတယ်။
အနာဂတ်မှာ တရားတဘောင်ကိစ္စတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ စတူးဝ(ဒ်) မှတ်ချက်ပြုပါတယ်။
"အီလွန် မက်စ်လိုလူမျိုးက အနောက်ကမ္ဘာကို လုပ်ချင်သလို လုပ်လို့ရတဲ့နေရာလို့ မှတ်ယူနေပြီး အာကာသနဲ့ ပတ်သက်လာရင်လည်း ဒီအတိုင်း လုပ်လို့ရမယ်လို့ မှတ်နေတာ''
"တကယ်တမ်းတော့ အာကာသထဲကို ဘယ်လိုအရာမျိုးကို လွှတ်တင်တင် အဲဒီအတွက် လုံခြုံဘေးကင်းရေး စိုးရိမ်ချက်တွေနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာရမယ့် နည်းနာတွေအများကြီးရှိ ထားပါတယ်။ တရားမဝင်လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေလည်း အများကြီးရှိနေပြန်ပါတယ်"လို့ သူကပြောပါတယ်။
လတ်တလောကို သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မက်စ်တို့အကြားက နီးကပ်တဲ့ ဆက်ဆံရေးတွေကြောင့် အမေရိကန်ရဲ့ အာကာသအစီအစဥ်ထဲမှာ ပုဂ္ဂလိကကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိလာနိုင်တော့မယ်ဆိုတာကို မြင်နေရတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။
အဲဒီလိုဖြစ်မယ့်အပေါ်ကိုတော့ မစိုးရိမ်ပါဘူးလို့ မစ္စတာ ဘေးဇို့စ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
"အီလွန် မက်စ်အနေနဲ့ သူ့အတွက်လုပ်နေတာမျိုးဆိုတာထက် လူထုအကျိုးအတွက်လုပ်နေတာ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းသိမှာပါ" လို့သူကပြောပါတယ်။ အဲဒီအတွက် သူ့တန်ဖိုးကို ကျွန်တော် အသိအမှတ်ပြုပါတယ်''
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ပြုလုပ်ဖို့ စီစဥ်ခဲ့ မအောင်မြင်ခဲ့တဲ့ ဘလူး အော်ရဂျင် ဒုံးပျံ လွှတ်တင်မှု အဆင်ပြေချောမွေ့ဖို့ ဆုတောင်းတဲ့စာကို အီလွန် မက်စ်က သူ့ရဲ့ X(တွစ်တာ)မှာ တင်ခဲ့ပါသေးတယ်။
ဒါပေမယ့်လည်း ဘလူး အော်ရဂျင်ဟာ စပေ့အိတ်စ်ကို အမှီလိုက်ရဦးမှာပါ။ ဒါကြောင့် နှစ်ဦးကြား ပြေရာပြေကြောင်းလေသံမျိုးက ကြာကြာခံမယ်လို့တော့ မထင်ပါဘူး။