သံအမတ်နေအိမ်ကိစ္စ ပထမဆုံး ရုံးချိန်း ဦးကျော်စွာမင်း တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, Siu K. Lo
ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို သံအမတ်နေအိမ်မှာ ကျူးကျော်ဝင်ရောက် နေထိုင်မှုနဲ့ လန်ဒန်ရဲတပ်ဖွဲ့က တရားစွဲဆိုထားတာမှာ ဒီကနေ့ ပထမဆုံး အကြိမ် တရားရုံးချိန်းကို ဦးကျော်စွာမင်း တက်ခဲ့ပြီ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဦးကျော်စွာမင်းကို စစ်ကောင်စီ သစ္စာခံတွေက မြန်မာသံရုံးထဲ အဝင်မခံတော့ပဲ သံရုံးကို ထိန်းချုပ်လိုက်ပေမယ့်၊ သံအမတ် နေအိမ်မှာတော့ ဦးကျော်စွာမင်း ဆက်လက် နေထိုင်နေပါတယ်။
ဒါဟာ ပိုင်နက် ကျူးလွန်တာပဲ ဆိုပြီး မြန်မာသံရုံးက ရဲကို တိုင်ခဲ့တဲ့နောက်၊ တရားစွဲဖို့ရာ အမှုမြောက် မမြောက် ဆိုတာကို ဗြိတိသျှ ရှေ့နေချုပ်က အဆုံးအဖြတ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။
လက်ရှိ လေဘာ အစိုးရလက်ထက် ဗြိတိန်ရဲ့ ရှေ့နေ့ချုပ် လော့ဒ် ဟာမာက ဒီအမှုဟာ တရားရုံးတော် ရှေ့မှောက် စစ်ဆေးကြားနာ သင့်တဲ့ အမှုဖြစ်ကြောင်း ဆုံးဖြတ်ပြီး တရားစွဲခွင့် ပေးခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဦးကျော်စွာမင်းကို လန်ဒန်မြို့လယ် အောက်တရားရုံး တစ်ခု ဖြစ်တဲ့ ဝက်စ်မင်စတာ တရားရုံးတော် ရှေ့မှောက် မေလ ၃၀ ရက် လာရောက်ရမယ် ဆိုပြီး ဆင့်ခေါ်စာ ထွက်လာခဲ့ပါတယ်။
ဒီ ကနေ့ ရုံးချိန်းဟာ အချိန်သိပ်မယူပဲ ခပ်မြန်မြန်ဆန်ဆန်ပဲ ပြီးသွားတယ်လို့ တရားရုံးမှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ ခရစ်စတိုဖာ ဂန်းနက်စ်က ဘီဘီစီကို ပြောပါတယ်။ မစ္စတာ ဂန်းနက်စ်ဟာ တာဝန်ခံမှု ရှိစေရေး မြန်မာ ပရောဂျက် MAP အဖွဲ့ကို ထူထောင်ပြီး မြန်မာ့ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူ ဖြစ်ပါတယ်။ အခု အမှုမှာ ဦးကျော်စွာမင်းဘက်က မစ္စတာ ဂန်းနက်စ်က ရပ်တည်ပြီး လိုက်ပါ ကူညီနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Siu K. Lo
ရုံးချိန်းကြားနာမှု အပြီးမှာပဲ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ ဆိုတာကို ခရစ္စဂန်းနက်စ်က ဘီဘီစီကို ပြောပါတယ်။
"ကျွန်တော် ဝက်စ်မင်စတာ တရားရုံးရဲ့ ခန်းမ ၃ အရှေ့မှာ ရောက်နေတာပါ။ ကြားနာမှုက ခပ်မြန်မြန်ပဲ ပြီးသွားပါတယ်။ ဦးကျော်စွာမင်းရဲ့ နာမည်နဲ့ မွေးသက္ကရာဇ်တို့လို ကိုယ်ရေး အချက်အလက်တွေကို တရားသူကြီး တဲန် အက်ခရမ် Tan Akram က မေးမြန်း အတည်ပြုပါတယ်"
"ပြီးတဲ့ အခါ နှစ်ဘက် ရှေ့နေတွေဘက်က စာနဲ့ရေးသား လျှောက်ထားချက်တွေကို ဘယ်တော့ နောက်ဆုံးထား တင်ရမလဲ ဆိုတာကို ရက်သတ်မှတ် ပေးပါတယ်။ နောက်လ ၁၉ ရက် စက်တင်ဘာ အမှီ တင်ရမယ် ဆိုတဲ့ ရက်စွဲ ထွက်လာပါတယ်။ အဲဒီ နောက်မှာမှ အမှုကို အသေးစိတ် ကြားနာမယ့် နောက်ရက်စွဲတွေ ထွက်လာဖွယ် ရှိပါတယ်" ဆိုပြီး ခရစ်(စ) ဂန်းနက်စ်က ပြောပါတယ်။
ဗြိတိန် အနေနဲ့ မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှု အပေါ် ဆန့်ကျင်ပေမယ့်၊ အခုလို မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်ခြံဝင်းကို မြန်မာ စစ်တပ်က သိမ်းယူနိုင်ဖို့ လုပ်ဆောင်နေတာကို အမှု အဖြစ် ခွင့်ပြု ပေးတာဟာ အစိုးရရဲ့ မြန်မာ့အရေး မူဝါဒနဲ့ ကွဲပြားနေတယ် ဆိုပြီး ဦးကျော်စွာမင်းဘက်က ရပ်တည်ပေးသူတွေက ဝေဖန် ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"အခု အမှု ကိစ္စဟာ ဗြိတိန်အစိုးရရဲ့ မူဝါဒ ဂငယ်ကွေ့ လို့တောင် ဆိုနိုင်ပါတယ်။ အရင် တိုရီ အစိုးရ လက်ထက်မှာရော၊ လက်ရှိ လေဘာ အစိုးရ လက်ထက်မှာပါ မြန်မာ ပြည်သူတွေရဲ့ ရဲဝံ့ပြောင်မြောက်လှတဲ့ ဒီမိုကရေစီ အရေး ကြိုးပမ်းမှုတွေ အပေါ် အစဥ်တစိုက် အားပေးခဲ့ကြပါတယ်"
"ဒါပေမယ့် အခုကိစ္စမှာ အမှု မြောက်တယ် ဆိုပြီး ရုံးတင်တဲ့ အထိ ဖြစ်လာစေတဲ့ ရှေ့နေချုပ် လော့ဒ်ဟာမာရဲ့ ဆုံးဖြတ်ချက်ဟာ ဗြိတိသျှ အစိုးရ အဆက်ဆက်ရဲ့ မြန်မာ့အရေး ရပ်တည်မှုကို တကယ်ပဲ ပြောင်းပြန်လှန်ပစ်လိုက်သလို ဖြစ်သွားစေပါတယ်။ မြန်မာပြည်သူတွေ ပိုင်ဆိုင်တဲ့ နေရာကို အပိုင်သိမ်းဖို့ရာ ကြိုးစားနေတဲ့ မြန်မာ စစ်အာဏာရှင်တွေ အနေနဲ့ အင်္ဂလိပ် တရားရုံးကို အသုံးချခွင့် ရသွားစေပါတယ်"
"မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင် ရှုတ်ချကြောင်း ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေ ထွက်လာအောင် ယူကေက ကမကထလုပ် ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ယူကေ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားနဲ့လည်း ဘာမှ မသက်ဆိုင်တဲ့ ကိစ္စကို စစ်အာဏာရှင်တွေ အလိုကျ အင်္ဂလိပ် တရားရုံးတော်ကို အသုံးချခွင့် ပေးခဲ့တာဟာ အတော်လေး ရှက်ဖွယ်ကောင်းပါတယ်"
"အစိုးရရှေ့နေချုပ်ရဲ့ သဘောထား ဖြစ်တဲ့ အတွက် လက်ရှိ အစိုးရရဲ့ မြန်မာ့အရေး ဆိုင်ရာ နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲ အဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အဲဒီ ရှက်ဖွယ် မူဝါဒ အပြောင်းအလဲကို ပါလီမန်ထဲမှာ ပါတီ နှစ်ဘက်စလုံးက မေးခွန်းထုတ်ဖို့ လိုပါတယ်" ဆိုပြီး ခရစ်စတိုဖာ ဂန်းနက်စ်က ပြောပါတယ်။
ဟမ်းစတက် ဆိုတဲ့ လန်ဒန်မြောက်ပိုင်း လူကုံထံ အရပ်မှာ ရှိတဲ့ မြန်မာ သံအမတ် နေအိမ်နဲ့ ပတ်သက်ပြီး ယူကေရဲ့ မြေစာရင်းရုံးမှာ ဘယ်လို နာမည်ပေါက်သလဲ ဆိုတာကို သူတို့ MAP အဖွဲ့ တောင်းကြည့်ခဲ့တယ်လို့ မစ္စတာ ဂန်းနက်စ်က ဆိုပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ နေအိမ်ခြံဝင်း အဖြစ် စာရင်းဝင်နေတာကြောင့် ဒါဟာ လူထုရဲ့ သဘောဆန္ဒကို ငြင်းပယ်ပြီး လူထု တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားလို့ အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ ဘာမှ သက်ဆိုင်တဲ့ နေရာ မဟုတ်ဘူးလို့ ခရစ်(စ) က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဦးကျော်စွာမင်း အနေနဲ့ အဲဒီ သံအမတ် နေအိမ်မှာ ဘာ့ကြောင့် ဆက်လက် နေထိုင် နေရတာလဲ ဆိုတဲ့ မေးခွန်းကို ၂၀၂၃ နှစ်လယ်မှာ ဘီဘီစီ မေးမြန်းခဲ့ပါတယ်။ ဒီမိုကရေစီနည်းကျ အစိုးရကို ကိုယ်စားပြုထားတဲ့ တရားဝင် သံအမတ် အဖြစ် ကိုယ့်ကိုယ်ကိုယ် သဘောထားလို့ ဆက်ပြီး နေထိုင်နေတာလား ဆိုတဲ့ အမေးကို သူ့ကိုယ်သူ လက်ရှိ သံအမတ်အဖြစ်တော့ မမှတ်ယူပါဘူး ဆိုပြီး ဦးကျော်စွာမင်းက ဖြေဆိုပါတယ်။
"ကျွန်တော်က အိမ်စောင့် သဘောပါပဲ။ ဗြိတိန် ဘုရင်ကြီးထံ တရားဝင် သံအမတ် ခန့်အပ်လွှာ ပေးနိုင်တဲ့ သူ ပေါ်လာပြီဆို သူ့ကို သော့ပေးပြီး ကျွန်တော် ထွက်သွားမှာပါ" လို့ ဦးကျော်စွာမင်းက ဆိုပါတယ်။
လက်ရှိမှာတော့ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဗြိတိန် ဆိုင်ရာ သံအမတ် မရှိပါဘူး။ ချားလ်စ်ဘုရင်ထံ သံအမတ် ခန့်အပ်လွှာ ပေးအပ်စရာ မလိုတဲ့ သံရုံးကို ဦးဆောင်ရသူသာ ထားရှိထားပါတယ်။
ရန်ကုန်မြို့ ယူကေ သံရုံးမှာလည်း ဗြိတိသျှ အစိုးရက သံအမတ် အသစ် ဆက်မခန့်တော့ပဲ နေပြည်တော် စစ်ကောင်စီထံ ခန့်အပ်လွှာ ပေးစရာမလိုတဲ့ သံရုံးတာဝန်ခံ အဆင့်ပဲ ထားရှိထားပါတယ်။
အဓိပ္ပာယ်ကတော့ ယူကေ အစိုးရနဲ့ နေပြည်တော် စစ်ကောင်စီကြား သံအဆင့်အတန်း အပြန်အလှန် လျှော့ချထားတာ ဖြစ်ပါတယ်။
ဦးကျော်စွာမင်းကတော့ "စစ်ကောင်စီက သံအမတ်ခန့်ရင် အဲဒီ သံအမတ်ရဲ့ ခန့်အပ်လွှာကို ယူကေ အစိုးရ လက်ခံမလား၊ မေးခွန်း ရှိနေတယ်" လို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။
မြန်မာဟောက်စ် Myanmar House လို့ နာမည်ပေးထားတဲ့ သံအမတ်နေအိမ်ကို NUG အစိုးရက လက်လွှဲရယူပြီး ရုံးခန်းဖွင့်ပါ့လား ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ အဲဒါဆိုရင် လန်ဒန်က နေရာကောင်းမှာ ရှိတဲ့ အိမ်ကြီးအိမ်ကောင်း တစ်ခုမှာ NUG အခြေစိုက် နေရာ ရသွားပြီး ယူကေတင်မက ဥရောပ တစ်ခုလုံးနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတာဝန်တွေ၊ အစည်းအဝေးတွေ၊ အခမ်းအနားတွေ ကို ဆောင်ရွက်နိုင်လိမ့်မယ် ဆိုတဲ့ တိုက်တွန်းသံတွေလည်း ထွက်ပေါ်ဖူးပါတယ်။
ဒါပေမယ့် NUG နိုင်ငံခြားရေး ဌာနကတော့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အဲဒီ နေအိမ်ကိစ္စနဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးဆိုပြီး သတင်းထောက်တွေရဲ့ အမေးကို ဖြေဆိုခဲ့ပါတယ်။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post








