ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆူနာမီ နှစ် ၂၀ ပြည့်ပြီ။ လူပေါင်း ၂ သိန်းကျော်သေဆုံးခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းကဆူနာမီအကြောင်းဘာတွေသိထားလဲ။
လွန်ခဲ့တဲ့အနှစ် ၂၀ ကာလ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက် က အင်ဒိုနီးရှားနိုင်ငံ ဆူမတ်တြားကျွန်း အနောက်ဘက်ကို ဗဟိုပြုပြီး ပြင်းအား ၉ ဒသမ ၁ အဆင့်ရှိတဲ့ သမိုင်းဝင်တစ်လျှောက်အပြင်းဆုံးငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် အိန္ဒိယသမုဒ္ဒရာအတွင်းမှာ ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဆူနာမီကို အိန္ဒိယသမုဒ္ဒရာ ဆူနာမီလို့ခေါ်ပြီး ခရစ္စမတ်ရက်ပြီးနောက်တစ်ရက်မှာ လှုပ်ခတ်ခဲ့တာကြောင့် ခရစ္စမတ်ဆူနာမီ လို့လည်း သုံးနှုန်းကြပါတယ်။
အဲဒီဆူနာမီဖြစ်ခဲ့ချိန်က အာရှရဲ့ ခရီးသွားရာသီချိန်ဖြစ်တာကြောင့် နိုင်ငံအသီးသီးက ကမ္ဘာလှည့်ခရီးသွား ၉,၀၀၀ အပါအဝင် လူပေါင်း ၂၃၀,၀၀၀ ( ၂ သိန်း ၃ သောင်း) နီးပါး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂအဖွဲ့က အတည်ပြုပြောပါတယ်။ အဲဒီအထဲမှာ နိုင်ငံပေါင်း ၁၄ နိုင်ငံက နိုင်ငံသားတွေပါဝင်ခဲ့တာဖြစ်ပါတယ်။
ဆူနာမီ စောင့်ကြည့်အကဲဖြတ်တဲ့ပူးပေါင်းအဖွဲ့တွေကတော့ လူပေါင်း ၂၇၅,၀၀၀ ( ၂ သိန်း ၇ သောင်း ၅ ထောင်) ထက်မနည်းအသေအပျောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဆူနာမီကြောင့် သေဆုံးခဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား ၆၁ ယောက်ပါဝင်ခဲ့တယ်လို့ ကမ္ဘာ့ငလျင်တိုင်းတာရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။
အဲဒီအချိန်တုန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ နဝတ အစိုးရက ဆူနာမီနဲ့ပတ်သက်ပြီး လူသေဆုံးခဲ့တာတွေကို အသေးစိတ်ထုတ်ပြန်တာမျိုးမရှိခဲ့ပါဘူး။
၂၀၀၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြေငလျင် နဲ့ ဆူနာမီရဲ့ ရိုက်ခတ်မှုကို မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ သီရိလင်္ကာ နဲ့ သြစတြေးလျ နိုင်ငံတွေမှာလည်း ခံစားခဲ့ကြရတာပါ။
သေမင်းတမန် သမုဒ္ဒရာလှိုင်းလုံးကြီးများ
အရှည်မီတာရာနဲ့ချီရှိတဲ့ ကမ်းခြေကမ်းရိုးတန်းတစ်လျှောက်က ပင်လယ်ရေတွေနောက်ကို ဆုတ်သွားလိုက်တာဟာ သေမင်းတမန်ဆူနာမီလှိုင်းလုံးကြီးတွေလာတော့မယ်ဆိုတဲ့ ရှေ့ပြေးသတိပေးလက္ခဏာတွေဖြစ်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီး နာရီဝက်မပြည့်ခင်မှာပဲ ဆူနာမီလှိုင်းလုံးကြီးတွေက ဆူမတ်တြာမြောက်ပိုင်းကမ်းရိုးတန်းနဲ့ အိန္ဒိယနိုင်ငံပိုင် နီကိုဗာကျွန်းစုတွေကို စတင်ရိုက်ခတ်ခဲ့ပါတယ်။
ဆူနာမီလှိုင်းလုံးကြီးတွေဟာ ၂ နာရီအတွင်း အိန္ဒိယနိုင်ငံတောင်ပိုင်း၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတွေဆီကိုရောက်ရှိခဲ့ပြီး နောက်ထပ် ၇ နာရီအကြာမှာတော့ အာဖရိတိုက်အစွန်းအထိ အံ့အားသင့်ဖွယ်ရောက်ရှိရိုက်ခတ်ခဲ့တာဖြဖြစ်ပါတယ်။
ဆူနာမီ သဘာဝဘေးဒဏ်ကြောင့် ကမ္ဘာတဝန်းအမေရိကန် ဒေါ်လာ ၁၀ ဘီလျံနီးပါးအထိ ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။
ဆူနာမီဆိုတာဘာလဲ
ဆူနာမီဆိုတာဟာ ဝါဟာရနှစ်မျိုးပေါင်းစပ်ထားတဲ့ ဂျပန်စကားဖြစ်ပါတယ်။ 'ဆူ' ဆိုတာ "ဆိပ်ကမ်း" လို့ အဓိပ္ပါယ်ရပြီး 'နာမီ' ဆိုတာက ဂျပန်လို "လှိုင်း" ကိုခေါ်တာဖြစ်ပါတယ်။ ဆိပ်ကမ်းနဲ့လှိုင်း လို့ ခေါ်လို့ရပါတယ်။
ငလျင်လှုပ်ပြီးနောက် ပင်လယ်ရေအောက်ကြမ်းပြင်က မီတာပေါင်းများစွာက မြေထုလွှာအနက် ဒေါင်လိုက်ရွေ့လျားခဲ့တာကြောင့် ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့ပြီး ကီလိုမီတာရာနဲ့ချီ ရိုက်ခတ်ခဲ့တာဖြစ်ပါတယ်။
ကုလသမဂ္ဂကတော့ ဆူနာမီဆိုတာ သမုဒ္ဒရာလှိုင်းလုံးကြီးတွေကိုထိန်းထားတဲ့ နံရံကြီးလိုပဲ ပြိုကျလာရင် အချိန်အနည်းအတွင်းကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ဖောညွှန်းပါတယ်။
ဆူနာမီလှိုင်းတွေရဲ့ ပထမဆုံးလှိုင်းဟာ အမြဲတမ်းလှိုင်းအကြီးကြီးတွေတော့မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ် အိန္ဒိယ သမုဒ္ဒရာဆူနာမီ ရဲ့ အကြီးဆုံး လှိုင်းဟာ ဒုတိယလှိုင်းကျ မှဖြစ်ခဲ့တာပါ။ ၁၉၆၄ အမေရိကန် အလက်စကာပြည်နယ်က ဆူနာမီဆိုရင် စတုတ္ထလှိုင်းမှ အကြီးဆုံးလှိုင်းဖြစ်ခဲ့တာပါ။
ဆူနာမီလှိုင်းတွေဟာ ငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာနဲ့ မြေပြိုတာတွေကနေလည်း ဖြစ်လာနိုင်ပါတယ်။
ဆူနာမီ သတိပေးချက်ဆိုတာဘာလဲ
ဂျပန်နိုင်ငံမှာ လူပေါင်း ၂၂,၀၀၀ ကျော်သေဆုံးခဲ့တဲ့ ၁၈၉၆ ဆန်ရီခု ဆူနာမီအပြီး ငလျင်နဲ့ဆိုင်တဲ့ သတိပေးချက်တွေကို စတင်လုပ်ဆောင်ခဲ့ကြပါတယ်။
၁၉၂၃ ခုနှစ် အရောက်မှာတော့ ဆူနာမီလှိုင်း ကြိုတင်သတိပေးချက်စနစ်တွေဟာ အရင်ကထက်ပိုပြီး တိုးတက်လာခဲ့ပါတယ်။
ဟာဝိုင်အီ မီးတောင်စောင့်ကြည့်လေ့လာရေးဌာနကို တည်ထောင်သူ ငလျင်ပညာရှင် သောမတ်စ်ဂျက်ဂျာ ဟာ ရုရှားနိုင်ငံ အရှေ့ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ကန်ချက်တာ ငလျင်ကြီးဖြစ်ပွားပြီးနောက်ပိုင်း ဆူနာမီ ဖြစ်နိုင်ချေကို ပထမဆုံးခန့်မှန်းတွက်ချက်နိုင်တဲ့ သိပ္ပံပညာရှင်ဖြစ်လာပါတယ်။
ကမ္ဘာ့ပထမဆုံး ဆူနာမီကြိုတင်သတိပေးရေး အဖွဲ့အစည်းကို ဂျပန်နိုင်ငံ ဆန်ဒိုင်မြို့မှာ ၁၉၄၁ ခုနှစ်က ထူထောင်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ပထမဆုံး ဆူနာမီသတိပေးရေးဗဟိုဌာနကို ၁၉၄၉ ခုနှစ်မှာ ဟိုနိုလူလူ မီးတောင်စောင့်ကြည့်ရေးအဖွဲ့မှာ ထူထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီဌာနဟာ ပစိဖိတ်ဒေသရဲ့ အဓိကကျတဲ့ ဆူနာမီကြိုတင်သတိပေးရေးဌာနဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း အိန္ဒိယသမုဒ္ဒရာ ကမ်းရိုးတန်းဒေဒေသတွေမှာနေထိုင်ကြတဲ့ ထိလွယ်ရှလွယ် ဆုံးရှုံးနိုင်ခြေမြင့်တဲ့ လူတွေအတွက်တော့ ၂၀၀၄ ခုနှစ်ရောက်တဲ့အထိ ဆူနာမီ သတိပေးချက်စနစ်တွေ မရှိခဲ့ပါဘူး။
နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း ဆူနာမီကြိုတင်သတိပေးချက်စနစ်နဲ့ လျော့ပါးအောင်လုပ်ဆောင်ရေးအဖွဲ့ကို ၂၀၀၅ ခုနှစ်မှာဖွဲ့ခဲ့ပြီး ၂၀၁၁ အရောက်မှာတော့ လုပ်ငန်းစတင်လည်ပတ်နိုင်ခဲ့ပါတယ်။
အလားတူ နိုင်ငံပေါင်းများစွာဟာလည်း သက်ဆိုင်ဒေသအလိုက် ဆူနာမီသတိပေးရေးစနစ်တွေကို ထူထောင်လာခဲ့ကြတာဖြစ်ပါတယ်။