နီပေါငလျင် - လူ ၁၀၀ ကျော်သေဆုံး ၁၀၀ ကျော်ဒဏ်ရာရ

နီပေါနိုင်ငံ အနောက်ပိုင်းမှာ နိုဝင်ဘာ ၃ ရက်က ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နီပေါနိုင်ငံရဲ့ ဝေးလံတဲ့ အနောက်ဘက်မှာ သောကြာနေ့က ပြင်းထန်တဲ့ ၆ ဒသမ ၅ ပြင်းအားရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း တစ်ရာကျော်သေဆုံးပြီး နောက်ထပ် တစ်ရာကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နီပေါစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မြို့တော် ခတ္တမန္ဒူ ကနေ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အကွာ တောင်တန်းထူထပ်တဲ့ ဂျဂျာနော့နဲ့ အနောက်ရူကမ် ခရိုင် တွေမှာ ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို စေလွှတ်ထားပြီး ဖြစ်ပါတယ်။

နီပေါနိုင်ငံ မြို့တော် နဲ့ အိန္ဒိယက ဒေလီအပါအဝင် မြို့အတော်များများအထိ ငလျင်လှိုင်းရိုက်ခတ်မှုရှိခဲ့ပါတယ်။

လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့တဲ့ ငလျင်ကြောင့် ဂျဂျာကော့မှာရှိတဲ့ ဆေးရုံမှာ ဒဏ်ရာရရှိသူတွေ ပြည့်နေပါတယ်။

ငလျင်လှုပ်ခတ်ပြီး တစ်နာရီအတွင်း နောက်ထပ် သုံးကြိမ်လှုပ်ခါမှုရှိခဲ့တာမို့ လူတွေဟာ နောက်ထပ်ငလျင်တွေလှုပ်ခတ်ပြီး နေအိမ်တွေထိခိုက်ပျက်စီးမှာကို စိုးရိမ်တဲ့အတွက် ညအချိန်ကို အိမ်အပြင်မှာပဲ ကုန်ဆုံးခဲ့ပါတယ်။

ပြိုကျသွားတဲ့ အဆောက်အအုံတွေရဲ့ အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ဆွဲထုတ်နေတဲ့ ပုံတွေကိုလည်း လူမှုမီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

နီပေါဝန်ကြီးချုပ် ပူရှ်ပါ ကာမယ် ဒါဟယ်ဟာ “ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းကြေကွဲကြောင်း” ထုတ်ပြန်ခဲ့ပြီး ငလျင်ဒဏ်ခံရတဲ့ဒေသကို ဒီကနေ့မှာ ပဲ ရောက်ရှိလာပြီလို့ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းလုပ်ဆောင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးထားပေမယ့် ငလျင်ဒဏ်ကြောင့် မြေတွေပြို၊ လမ်းတွေပိတ်နေတာကြောင့် ကယ်ဆယ်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို အပြည့်အစုံပြောဆိုဖို့ ခက်ခဲနေဆဲပါ လို့ ဂျဂျာကော့စီရင်စု ရဲမှူး ဆူရာ ဆူနာက ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

“ကျွန်တော်ကိုယ်တိုင် အပြင်ထွက်ပြီး လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ အပြည့်အစုံသိရဖို့ ကြိုးပမ်းနေပေမယ့် ရာသီဥတုအေးမြနေတာရယ်၊ ညအချိန်ရယ်ကြောင့် ဝေးလံတဲ့ဒေသတွေက သတင်းအချက်အလက်တွေရရှိဖို့ ခက်ခဲပါတယ်” လို့ ဆူနာက ရိုက်တာကို ပြောခဲ့ပါတယ်။

ဒေသစံတော်ချိန် ၂၃ နာရီ ၄၇ မိနစ်မှာ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ နီပေါမှာရှိတဲ့ စောင့်ကြည့်သုတေသနဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်ဟာ ရစ်ချ်တာစကေး ၅ ဒသမ ၆ ပမာဏ ရှိခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဟာ မနက်ရှိုင်းဘူးလို့လည်း ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နီပေါဟာ ဟိမဝန္တာတောင်တန်းတစ်လျှောက်မှာတည်ရှိပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏကြုံခဲ့ရပါတယ်။

လွန်ခဲ့တဲ့လမှာလည်း ရစ်ချ်တာစကေး ၆ ဒသမ ၃ ပမာဏရှိတဲ့ ငလျင်တစ်ခုဟာ နိုင်ငံအနောက်ပိုင်း ဘက်ဟန်းခရိုင် မှာ လှုပ်ခတ်ခဲ့လို့ ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ အင်အားပြင်းငလျင်နှစ်ခုကြောင့် လူ ၉၀၀၀ သေဆုံးပြီး လူ ၂၂၃၀၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဧပြီ ၂၅ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ပထမငလျင်ဟာ ရစ်ချ်တာစကေး ၇ ဒသမ ၈ ပမာဏရှိပြီး ပျက်ဆီးဆုံးရှုံးမှုနဲ့ လူသေဆုံးမှုအများဆုံးရှိစေခဲ့ပါတယ်။

အဲ့ဒီနှစ် မေမှာ ရစ်ချ်တာစကေး ၇ ဒသမ ၃ ပမာဏ ရှိတဲ့ ငလျင်အပါအဝင် နောက်ဆက်တွဲလှုပ်ခတ်မှုတွေရှိခဲ့ပါတယ်။

ငလျင်ကြောင့် အနောက်နဲ့ ဗဟို ခရိုင် တွေက အိမ်အလုံးပေါင်း ရှစ်သိန်း ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ချုပ်နဲ့ လခြမ်းနီအဖွဲ့(IFRC) ရဲ့ စာရင်းအရ သိရပါတယ်။

အစိုးရဆိုင်ရာအဆောက်အအုံတွေ၊ လမ်းတွေ၊ ခတ္တမန္ဒူ တောင်ကြားက ယူနက်စကိုကမ္ဘာ့အမွေအနှစ်နေရာတွေ ပျက်စီးထိခိုက်ခဲ့ပြီး ခတ္တမန္ဒူ မြောက်ပိုင်းက ကျေးရွာတွေက နေအိမ်တွေ လုံးဝပျက်စီးခဲ့ပါတယ်။