ဂျပန်ငလျင်မှာ လူ ၂၅၀ နီးပါး‌ပျောက်ဆုံးနေဆဲ

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျောက်ဆုံးနေတဲ့ လူ ၂၄၂ ဦးကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက အမြန်ဆုံးရှာဖွေနေကြပါတယ်။

ငလျင်လှုပ်ပြီးတဲ့နောက် အသက်ရှင်ကျန်ရစ်နေတဲ့သူတွေကို ၇၂ နာရီအတွင်း အရေးတကြီးရှာဖွေဖို့အချိန်သတ်မှတ်ထားတာက မနေ့ကြာသပတေးနေ့ ညပိုင်းမှာ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ဝေးလံခေါင်ဖျားတဲ့ နိုတိုကျွန်းဆွယ်မှာ ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့တာကြောင့် ဒီကနေ့ သောကြာနေ့အထိ ငလျင်ကြောင့် သေဆုံးတဲ့သူ ၉၂ ဦးအထိရှိနေပြီလို့ ဆိုပါတယ်။

ဂျပန်စစ်တပ်ကတော့ ကယ်ဆယ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ကယ်ဆယ်ရေးဆောင်ရွက်မယ့်သူ ဦးရေ ၄,၆၀၀ အထိ နှစ်ဆတိုးမြှင့်တင်ထားတယ်လို့ပြောတဲ့အကြောင်း ကျိုဒိုသတင်းမှာ ဖော်ပြထားပါတယ်။

ငလျင်ဒဏ်အဓိက ခံစားခဲ့ရတဲ့ ဆုဇုနဲ့ ဝါဂျိမမြို့မှာ အိမ်တွေပြိုကျပျက်စီးပြီး အဲဒီအပျက်အစီးတွေအောက်မှာ လူအများစုက ပိတ်မိနေကြတယ်လို့ သုံးသပ်နေကြပါတယ်။ ဒါ့အပြင် အဲဒီမြို့က အိမ်တွေနဲ့ အဆောက်အဦတွေက အင်အားပြင်းငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင်ဆောက်လုပ်ထားတာမရှိဘူးလို့လည်း ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ထောင်နဲ့ချီတဲ့ ဒေသခံတွေက လျှပ်စစ်မီးနဲ့ သောက်သုံးရေပြတ်လပ်နေပြီး အဲဒီထဲက ရာနဲ့ချီကိုတော့ ငလျင်ပြီးတဲ့နောက် မြေပြိုပြီး လမ်းတွေပိတ်ဆို့နေတာကြောင့် ကယ်ဆယ်လို့မရဘူးဖြစ်နေတယ်လို့ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါကတော့ “ကျွန်တော်တို့ အရှုံးပေးမှာမဟုတ်ပါဘူး”လို့ သောကြာနေ့မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဆုံပြီးနောက် ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုကပိတ်ဆို့နေတဲ့နေရာတွေကိုသွားဖို့ခက်ခဲတဲ့ကိစ္စပါ။ မိုးရွာတာနဲ့ နောက်ဆက်တွဲငလျင်တွေကြောင့် လမ်းတွေပေါ် မှာ အပြိုအပျက်တွေနဲ့ မြေပြိုတာတွေကြောင့် အများစုက သွားလာရခက်ခဲနေနေတယ်” လို့ ဂျပန်ကြက်ခြေနီအသင်းက မူဆူဘီရာတာကပြောပါတယ်။

“နောက်ဆက်တွဲ ငလျင်တွေလှုပ်ခတ်လာတဲ့အတွက် လမ်းတွေပြိုကျတာတွေရှိလို့ ကျွန်မတို့ ရဲ့ အရေးပေါ်ဆေးဘက်ဆိုင်ရာကယ်ဆယ်ရေးတွေဆိုရင် ရပ်ထားခဲ့ရတယ်'' လို့ သူကဆက်ပြောပါတယ်။

မစ္စတာ ခီရှီဒါက ကယ်ဆယ်ရေးဝန်ထမ်းတွေအနေနဲ့ အပျက်အစီးတွေကြားထဲထိ ရောက်အောင်သွားပြီး ရှာဖွေဖို့နဲ့ ‌‌ကျောက်တုံးကြားနဲ့အောက်ဘက်တွေအထိပါ ရှာဖွေမှုတွေ မလွတ်စေဖို့ တိုက်တွန်းခဲ့ပါတယ်။

တစ်ဖက်မှာလည်း ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီငယ်တစ်ခုလည်းဖြစ်ပေါ်ခဲ့ပြီး မြေဧရိယာ ၂၉၆ ဧကထက်မနည်းကို ရေလွှမ်းခဲ့တယ်လို့ ဂျပန်နိုင်ငံမြေယာဝန်ကြီးဌာနက ပြောပါတယ်။

ငလျင်ဘေးသင့်တဲ့ ဒုက္ခသည်တွေကို ကူညီဖို့အတွက် အရန်ငွေဘတ်ဂျက်ထဲက ယန်း ၄.၇၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄ သန်း၊ ပေါင် ၂၇ သန်း)ကို သုံးစွဲသွားမယ်လို့ ဂျပန်အစိုးရကပြောပါတယ်။

မြေပြင်မှာလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေထဲမှာတော့ လမ်းပေါ်မှာ တန်းစီထားတဲ့ ထရပ်ကားတွေပေါ်မှာ အစားအသောက်၊ ‌သောက်ရေသန့်တွေနဲ့ ရေချိုးခန်းသုံးပစ္စည်းတွေ တင်ဆောင်လာတာကိုတွေ့ရပါတယ်။ မြေပြိုကျထားတဲ့နေရာတွေက ရွှံ့နွံတွေအပြင် အပျက်အစီးတွေကိုပါ တပ်ဖွဲ့ဝင်တွေက ဖယ်ရှားရှင်းလင်းနေတာကိုလည်း တွေ့ရပါတယ်။

နောက်ထပ်ဓာတ်ပုံတစ်ခုမှာတော့ နှင်းတွေဖုံးနေတဲ့လမ်းပေါ်မှာ ကယ်ဆယ်‌ရေးတပ်ဖွဲ့တွေက အသက်ရှင်ကျန်ရစ်တဲ့သူတစ်ဦးကို ထမ်းစင်တစ်ခုပေါ် သယ်ဆောင်လာတဲ့မြင်ကွင်းကို တွေ့ရပါတယ်။

ဘီဘီစီအနေနဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ငလျင်လှုပ်ခတ်ခဲ့တဲ့ ဝါဂျိမဒေသကို သွားရောက်ခဲ့တဲ့အခါမှာတော့ ကြီးကြီးမားမားပျက်စီးနေတာတွေတွေ့ခဲ့ရပြီး နေအိမ်အချို့နဲ့ ကားတွေကိုတော့ ပြိုကျနေတဲ့ ကွန်ကရစ်အပျက်အစီးတွေအောက်မှာ မြင်တွေ့ခဲ့ရပါတယ်။

လူဦးရေ ၂၃,၀၀၀ ဝန်းကျင်ရှိတဲ့ ဝါဂျိမမြို့မှာ ဆူနာမီရေလှိုင်းဒဏ်ခံရနိုင်တယ်လို့ အစောပိုင်းမှာခန့်မှန်းခဲ့တာကြောင့် လူတော်တော်များများ စိုးရိမ်ထိတ်လန့်ကြီးစွာနဲ့ ပြောင်းရွှေ့ကုန်ကြပြီး အခုအချိန်မှာတော့ တစ်မြို့လုံးက သရဲခြောက်မတတ် တိတ်ဆိတ်ခြောက်ကပ်နေပြီဖြစ်ပါတယ်။