ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၄၈ ဦးအထိရှိလာ

ဂျပန်နိုင်ငံမှာ မနေ့ညနေပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကြောင့် ဆူနာမီရေလှိုင်းအန္တရာယ် သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ပေမဲ့ ငလျင်ကြောင့် အိမ်တွေပျက်စီးပြီး သေဆုံးသူ ၄၈ ဦးအထိရှိလာပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါကတော့ ထိခိုက်ဒဏ်ရာရသူအရေအတွက် များပြားပြီး ပျက်စီးမှု အတိုင်းအတာ အတော်များတယ်လို့ ပြောပါတယ်။

နေအိမ်အပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့ ယူဆရသူတွေကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း တစ်ထောင်နီးပါးက ရှာဖွေတာတွေ ဆက်လုပ်နေပါတယ်။

ဂျပန်စစ်တပ်ကတော့ ငလျင်ကြောင့် နေအိမ်တွေကနေ စွန့်ခွာခဲ့ရသူတွေကို အစားအသောက်၊ ရေနဲ့ ခြုံထည်တွေအပါအဝင် အကူအညီပေးရေးပစ္စည်းတွေကို မျှဝေပေးနေပါတယ်။

ဂျပန် ပင်လယ်တစ်လျှောက် ဆူနာမီရေလှိုင်းဒဏ် သတိပေးချက်တွေအားလုံးကို ရုပ်သိမ်းလိုက်ပြီဖြစ်တာကြောင့် ဆူနာမီဖြစ်နိုင်တဲ့အန္တရာယ် မရှိတော့ဘူးလို့ ဆိုလိုရာလည်းရောက်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ ဂျပန်အတွက်လိုအပ်တဲ့အကူအညီပေးဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ ‘‘အချိန်လုနေရတယ်’’

ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေဟာ ပြိုကျနေတဲ့အဆောက်အအုံတွေအောက်မှာ ရောက်နေသူတွေကို ဆွဲထုတ် ကြိုးစားနေရပြီး အပျက်အစီးတွေနဲ့ လမ်းတွေပိတ်နေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ အခက်တွေ့နေပါတယ်။

‘‘ငလျင်ကြောင့် ထိခိုက်သူတွေကို ရှာဖွေရေးနဲ့ကယ်ဆယ်ရေးမှာ ကျွန်တော်တို့ အချိန်လု လုပ်ဆောင်နေရတယ်’’ လို့ ဝန်ကြီးချုပ် ခီရှီဒါက သဘာဝဘေးတုံ့ပြန်ရေး အစည်းအဝေးပွဲအပြီးမှာ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူများပြီး အဆောက်အအုံတွေ ပြိုကျခဲ့သလို မီးလောင်တာတွေလည်း ရှိခဲ့တာကြောင့် ပျက်စီးမှု အတိုင်းအဆများအတော်များတယ်ဆိုတာကို အတည်ပြုနိုင် ပါတယ်’’ လို့ သူက ထပ်လောင်းပြောဆိုပါတယ်။ ဒါ့အပြင် ကယ်ဆယ်ရေးအဖွဲ့တွေဟာ နိုတိုကျွန်းဆွယ် မြောက်ဘက်စွန်းပိုင်းကိုရောက်ဖို့ ခက်ခဲနေတယ်လို့လည်း ပြောပါတယ်။

လျှပ်စစ်မီး ပြတ်‌တောက်နေတာကြောင့် အိမ်ထောင်စု ၃၃,၀၀၀ နီးပါးဟာ အေးခဲနေတဲ့အပူချိန်ကို ညတုန်းက ကျော်ဖြတ်ခဲ့ရပါတယ်။ မြို့ကြီးအများစုလည်း ရေပြတ်နေဆဲဖြစ်ပါတယ်။

ဆုဇုမြို့ဟာ ကမ္ဘာပျက်သလိုဖြစ်သွားတယ် - မြို့တော်ဝန်

ငလျင်ကြောင့် ပင်လယ်ကမ်းစပ်မြို့ ဆုဇုမှာ နေအိမ် ၁,၀၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ မြို့တော်ဝန် မာဆုဟီရို အီဇုမီယက ပြောပြီး ငလျင်အပြီးအခြေအနေဟာ ‘‘ကမ္ဘာပျက်သလို’’လိုပဲလို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။

ဆုဇုဟာ အိမ်ခြေ ၅,၀၀၀ ပဲရှိတဲ့မြို့ဖြစ်ပြီး နှစ်သစ်ကူးနေ့မှာလှုပ်ခတ်တဲ့ငလျင်ဗဟိုချက်အနီးမှာ ရှိတာဖြစ်ပါတယ်။

ငလျင်ကြောင့် မြို့တွင်းက ဘုရားကျောင်းတစ်ကျောင်းနဲ့ မြို့သင်္ချိုင်းတွေလည်းပျက်စီးခဲ့တယ်လို့ ဂျပန်ရုပ်သံဌာန NHK က ပြောပါတယ်။

HNK သတင်းဌာနက ပြသတဲ့ ဝေဟင်ကနေရိုက်ကူးထားတဲ့ဓာတ်ပုံတွေမှာတော့ မြို့ဆိပ်ကမ်းအတွင်းမှာ မှောက်နေတဲ့သင်္ဘောတွေနဲ့ အိမ်အမိုးတွေ ပြိုကျနေတာကို တွေ့ရပါတယ်။

ဂျပန်အနေနဲ့ နောက်ထပ်ငလျင်တွေအရေး ‘‘သတိရှိဖို့’’ ဝန်ကြီးတွေပြော

တိုကျိုမြို့မှာ ဂျပန်အစိုးရအဖွဲ့အရေးပေါ် အစည်းအဝေးအပြီးမှာပဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရအဖွဲ့ အတွင်းဝန်က နောက်ထပ် ငလျင်အန္တရာယ်တွေအရေး သတိထားဖို့ပြောလာပါတယ်။

‘‘အသက်တွေကို အရင်ဆုံး ကယ်ဆယ်ဖို့’’ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ကို ညွှန်ကြားထားပြီး ငလျင်ကြောင့်ဖြစ်တဲ့ ‘’အပျက်အစီး’’အခြေအနေကိုလည်း သိရှိအောင်ကြိုးပမ်းဖို့ ပြောထားတယ်လို့ အတွင်းဝန် ယိုရှီမာဆာ ဟာယာရှီက ပြောပါတယ်။

သူက ‘‘ပြင်းအား အဆင့် ၇ အထိရှိတဲ့ အင်အားပြင်းငလျင်တွေ တစ်ပတ်အတွင်း လှုပ်ခတ်နိုင်ခြေရှိလို့ ဂျပန်ပြည်သူတွေအနေနဲ့ ကျေးဇူးပြုပြီး သတိနဲ့နေထိုင်ကြပါ’’ လို့ပြောပါတယ်။

‘‘လှုပ်ခတ်မှုပြင်းထန်တဲ့အရပ်တွေမှာ နေထိုင်ကြသူတွေအနေနဲ့ ဒေသန္တရရုံးတွေ၊ တီဗီနဲ့ရေဒီယို၊ အင်တာနက်ကနေတဆင့် ရွှေ့ပြောင်းရေးအချက်အလက်ကို အချိန်နဲ့တပြေးညီ ရယူကြပါ’’ လို့ သူက ပြောပါတယ်။

ကယ်ဆယ်ခံဖို့ စောင့်နေတဲ့ လူပေါင်း ၁၂၀ အထိရှိပြီး နောက်ထပ်လူပေါင်း ၅၇,၃၆၀ ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပါတယ်။

ဂျပန်ငလျင်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။