တော်လှန်ရေးဒေသတချို့က ကန့်သတ်ခံ စတားလင့်ခ်အင်တာနက်နဲ့ လုံခြုံရေးပြဿနာ

မြန်မာက စတားလင့်ခ်ခေတ်ဦးလို့ဆိုရမယ့် ၂၀၂၃ ခုနှစ်ထဲမှာ ဒီစက်တစ်လုံးရဲ့ စျေးက ကျပ်သိန်း ၂၀၀ နီးပါး စျေးပေါက်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ်မှာ ကျပ် သိန်း ၃၀ ဝန်းကျင်နဲ့ ရနိုင်နေပါပြီ။

စတားလင့်ခ်စက်တွေ ဈေးကျလာတာနဲ့အတူ အင်တာနက်ဖြတ်တောက်ခံရတာများတဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာ ဒီစက်သုံးစွဲမှုက ပိုများလာပါတယ်။

ဒါပေမဲ့ နယ်မြေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်အများစုက အင်တာနက်အသုံးပြုခွင့်ကို ထိန်းချုပ်ထားတာကြောင့် အင်တာနက်သုံးစွဲခွင့်မှာ အကန့်အသတ်ရှိနေပါတယ်။

သတင်းအချက်အလက် အမှန်ရဖို့ အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံရဲ့ အခြေအနေမှာ ဘယ်လိုအကြောင်းပြချက်နဲ့ တော်လှန်ရေးတပ်တွေက ပိတ်ပင်ထိန်းချုပ်ကြတာလဲ။

ဘီဘီစီက ရခိုင်၊ ချင်း၊ ကရင်နီ၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲမှာ နေထိုင်သူ ၇ ဦးထက်မနည်းနဲ့ဆက်သွယ်စကားပြောကြည့်ခဲ့ပါတယ်။

ကာလရှည်အင်တာနက်ဖြတ်‌တောက်ခံရတဲ့ မြန်မာက မြို့တွေ

ရခိုင်ပြည်နယ်ဟာ မြန်မာမှာ အင်တာနက်သုံးစွဲခွင့်ဖြတ်တောက်ခံရမှု ကာလရှည်ခံရတဲ့ ပထမဆုံးပြည်နယ်ဖြစ်ပါတယ်။

၂၀၂၀ အရှေ့ပိုင်းကာလ ၂၀၁၉ မှာ အဲဒီအချိန်က အရပ်သားအစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်း ၇ မြို့နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းက ပလက်ဝ မြို့နယ် စုစုပေါင်း မြို့နယ် ရှစ်ခုမှာ အင်တာနက် ကွန်ရက် ဖြတ်တောက်ခဲ့ပါတယ်။

စစ်တပ်နဲ့ အေအေရဲ့ တိုက်ပွဲတွေကြောင့် တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေမယ့် အခြေအနေတွေနဲ့ အင်တာနက်ကို အသုံးပြုပြီး ဥပဒေနဲ့ မညီတဲ့လုပ်ငန်းတွေကို ချိတ်ဆက်လုပ်ဆောင်နေတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသံမထွက်အောင်ပိတ်ဆို့ခံထားရတယ်ဆိုပြီး အင်တာနက်ပြန်ရဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆန္ဒပြတောင်းဆိုခဲ့ကြပေမဲ့ အကြောင်းမထူးခဲ့ပါဘူး။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ရခိုင်က ဒေသအချို့မှာ အင်တာနက်လိုင်းတွေပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲပြန်ဖြစ်ချိန် ၂၀၂၃ ကစလို့ တပြည်နယ်လုံးနီးပါး အင်တာနက်ဖြတ်တောက်ခံရမှုတွေပြန်ရှိခဲ့ပါတယ်။

၂၀၂၃ နောက်ပိုင်း ရခိုင်ပြည်နယ်က မြို့နယ်အများစုကို အာရက္ခတပ်တော် (အေအေ) က ထိန်းချုပ်လိုက်ချိန်မှာ စတားလင့်ခ်အင်တာနက်နဲ့ အွန်လိုင်းသုံးစွဲခွင့် ရခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်မှုပြဿနာကြောင့် ၂၀၂၅ သြဂုတ်ကစပြီး အရပ်သားအနေနဲ့ စတားလင့်ခ်အင်တာနက် သုံးစွဲခွင့်ကို အေအေ က ထိန်းချုပ်ခဲ့ပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အင်တာနက်သုံးစွဲခွင့်ထိန်းချုပ်ထားတာကိုတော့ မကြိုက်ဘူး"လို့ အေအေ ထိန်းချုပ်နယ်မြေ မင်းပြားမြို့နယ်ထဲမှာ နေထိုင်သူတဲ့ ကိုသာ‌အောင်က ဆိုပါတယ်။

အေအေရဲ့ အင်တာနက်ထိန်းချုပ်မှုက အရင်အရပ်သားအစိုးရရဲ့ ပိတ်ပင်မှုပုံစံနဲ့ ကွာခြားပါတယ်။ ရခိုင်က အေအေ ထိန်းချုပ်တဲ့ဒေသတွေမှာ အင်တာနက်လုံးဝပြတ်တောက်နေတာမျိုး မဟုတ်ဘဲ အေအေ တပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးရှိတဲ့ တဝိုက်မှာ အသုံးပြုနိုင်တာမျိုးဖြစ်ပါတယ်။

သဘောက ရခိုင်ပြည်နယ်ထဲမှာ စတားလင့်ခ်အင်တာနက်ကို အေအေ ရုံး နဲ့ ‌အေအေက ဖွင့်ထားတဲ့ ဆိုင်မှာပဲ အချိန်၊ လူဦးရေအကန့်အသတ်နဲ့ သုံးကြရတာပါ။

"ရခိုင်မှာ လူတိုင်း အင်တာနက် မသုံးနိုင်ဘူး" လို့ ကိုသာအောင်က ပြောပါတယ်။

စတားလင့်ခ်အင်တာနက်ကို အေအေရဲ့ ရုံးတွေမှာ ရုံးဝန်ထမ်းတွေသာသုံးလို့ရပြီး အရပ်သားတွေက အေအေရဲ့ နည်းပညာဌာနကဖွင့်ထားတဲ့ဆိုင်တွေမှာ တစ်နာရီ ၂,၀၀၀ ကျပ်နဲ့ သုံးရပါတယ်။

ဒီလိုအင်တာနက်ဆိုင်တွေကလည်း မြို့နယ်တစ်ခုလုံးမှာ အများဆုံး ၂ ဆိုင်လောက်ပဲရှိတာကြောင့် မိုင်နဲ့ချီ ခရီးနှင်ပြီးမှ အင်တာနက်သုံးရသူတွေရှိနေပါတယ်။

"အဝေးကလာသုံးရတဲ့သူတွေက ခရီးစရိတ်၊ စားစရိတ်နဲ့ ညအိပ်ညနေအတွက် ပိုက်ဆံတွေအများကြီး ကုန်တာပေါ့။ အများသုံးနေရာက လူဦးရေများတာ တန်းစီရတာကြောင့် အချိန်လည်း တအားကုန်တယ်" လို့ ကိုသာအောင်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် အခု ၄ နှစ်ကျော် ၅ နှစ်ထဲဝင်လာချိန်မှာတော့ အင်တာနက်ဖြတ်တောက်တဲ့ အဖွဲ့အစည်းပြောင်းသွားပေမဲ့ ရခိုင်ပြည်နယ်က ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်လုနီးပါး ဖြစ်နေဆဲပါပဲ။

ပြည်နယ်ထဲနေသူတချို့ကတော့ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော်လောက် အင်တာနက် မသုံးကြရဘူးလို့ ခန့်မှန်းပြောဆိုကြပါတယ်။

စစ်တပ်သိမ်းထားတဲ့ စစ်တွေမြို့နယ်မှာတော့ နေရာတချို့မှာသာ ဖုန်းလိုင်းရပြီး ကျောက်ဖြူနဲ့ မာန်အောင်မှာတော့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်ထားပါတယ်။

အေအေသိမ်းထားတဲ့ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၄ မြို့နယ်နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်ကတော့ အေအေက ခွင့်ပြုပေးသလောက်သာ သုံးခွင့်ရကြတာပါ။

"လေကြောင်းက ပလက်ဝကို တော်တော်လေး လာပစ်နေတော့ အရပ်သားတွေအတွက် အင်တာနက်သုံးဖို့တော့ခက်ပါတယ်။ တပ်ဖွဲ့တွေမှာလောက်ပဲ အင်တာနက်ရှိတာ" လို့ ပလက်ဝ ဒေသခံ ကိုစိုးက ပြောပါတယ်။

အေအေနဲ့ ချင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်က မြို့နယ်တွေအပါအဝင် တစ်နိုင်ငံလုံးက မြို့နယ် ၁၃၂ မြို့နယ်မှာ စစ်တပ်ရဲ့ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်မှုကိုခံထားရတယ်လို့ အသံအဖွဲ့ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ အချက်အလက်က ဖော်ပြပါတယ်။

အသံအဖွဲ့ဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ကိစ္စရပ်များ ဆောင်ရွက်နေတဲ့ သုတေသနအဖွဲ့ဖြစ်ပါတယ်။

စစ်အာဏာသိမ်း ၅ နှစ်နီးပါးအထိ တစ်နိုင်ငံလုံးကမြို့နယ် ၃၃၀ ရဲ့ ၃ ပုံ ၁ ပုံမှာ ဖုန်းလိုင်း၊ မိုလ်ဘိုင်းအင်တာနက်၊ကေဘယ်လ်နဲ့ ဝိုင်ဖိုင်စတဲ့ ဘယ်လိုဆက်သွယ်ရေးနည်းလမ်းမှမရအောင်ပိတ်ဆို့ခံထားရတာဖြစ်ပါတယ်။

ဒီနယ်မြေတွေဟာ တော်လှန်ရေးအင်အားစုတွေဘက်က ထိန်းချုပ်ထားတဲ့နယ်မြေနဲ့ ဆက်စပ်နယ်မြေတွေ ဖြစ်ပါတယ်။ အဲဒီထဲကမှ စစ်ကိုင်းတနယ်လုံးဟာ စစ်တပ်ရဲ့အင်တာနက်ပိတ်ဆို့အခံရဆုံးဒေသဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၂ ခုအထိ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်ခံထားရတယ်လို့အသံအဖွဲ့က ကောက်ယူထားတဲ့ အချက်အလက်အရသိရပါတယ်။​

မြို့နယ် ၁၂ မြို့နယ်မှာ အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက မပိတ်ခိုင်းသရွေ့ စတားလင့်ခ်အင်တာနက် အသုံးပြုနိုင်ကြပါတယ်။ ဒါပေမဲ့ ဒေသ ပေါ် မူတည်ပြီး ထိန်းချုပ်ကန့်သတ်မှုတွေ ကြုံရပါတယ်။

စစ်ကိုင်းတိုင်းတစ်ခုထဲက မတူညီတဲ့ မြို့နယ် ၂ ခုမှာ နေထိုင်သူ ၂ ဦးကို ဘီဘီစီက အင်တာနက် အသုံးပြုခွင့်နဲ့ ပတ်သက်လို့ မေးမြန်းရာမှာ မတူညီတဲ့ အဖြေတွေရပါတယ်။

ရွှေဘိုနယ်ထဲ နေထိုင်သူက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အင်တာနက်ဆိုင်တွေကို ပိတ်ပင်တာ မရှိဘူးလို့ ဆိုပေမဲ့ ကနီနယ်ဘက်နေထိုင်သူကတော့ တပ်ဖွဲ့တွေက အကြောင်းပြချက် ရေရေရာရာမရှိဘဲ ပိတ်ခိုင်းတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းနယ်ထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဖွင့်ထားတဲ့ အင်တာနက်ဆိုင်တွေရှိသလို အရပ်သား‌ ဖွင့်ထားတဲ့ အင်တာနက်ဆိုင်တွေလည်းရှိပါတယ်။ တစ်နာရီကို ငွေကျပ် ၅၀၀ ပေးသုံးရပြီး သုံးနာရီကို ၁၀၀၀ ကျပ်ပေးရပါတယ်။

တစ်ရက်လုံးစာ ၂၄ နာရီကို ငွေကျပ် ၂၀၀၀ နဲ့ တစ်ပတ်စာကို ငွေကျပ် ၇၀၀၀ က စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ အင်တာနက်ဆိုင်တွေရဲ့ သတ်မှတ်ဈေးနှုန်းတွေပါ။

"ဒီဘက်မှာက လျှပ်စစ်မီးလည်းဖြတ်ခံထားရတာကြာပြီဆိုတော့ တီဗွီသတင်းလည်းမကြည့်ရဘူး။ အင်တာနက်ကနေပဲ သတင်းသိရလို့ အင်တာနက်ရဖို့က အရေးကြီးတယ်" လို့ ရွှေဘိုနယ်ထဲ နေထိုင်သူက ဆိုပါတယ်။

ကနီမြို့နယ်ဘက်မှာတော့ ၂၀၂၅ စက်တင်ဘာ ၁၈ ရက်ကစပြီး စစ်ရေးအခြေအနေအရ အင်တာနက် ဆိုင်တွေအားလုံး ယာယီပိတ်သိမ်းဖို့ NUG ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာနက စာထုတ်ခဲ့ပါတယ်။ ကနီနယ်ထဲက ပသုံးလုံးအဖွဲ့တွေကို ညွှန်ကြားစာထုတ်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်ကို အရပ်သားတွေ မသိခဲ့ရဘဲ ရပ်ရွာထဲ သတင်းအမှားအမှန် မသေချာတဲ့ ကောလဟလတွေ ပြန့်နှံ့ ခဲ့တယ်လို့ ကနီဒေသမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

"အဲဒီတုန်းက ဖမ်းထားတဲ့ ပအဖတွေကို အချင်းချင်းကပဲ အချုပ်ဖောက်လွှတ်ပေးလိုက်လို့ လွတ်သွားတယ်။ ဒါကြောင့်အင်တာနက်ပိတ်လိုက်တယ်ဆိုတဲ့ သတင်းတွေလည်းထွက်တယ်" လို့ သူက ပြောပါတယ်။

ရပ်ရွာထဲက အင်တာနက်ဆိုင်တွေပိတ်ရပေမဲ့ တပ်ရင်းတပ်ဖွဲ့တွေထဲမှာတော့ အင်တာနက် ဆက်လက် အသုံးပြုခွင့်ရနေတာကိုလည်း ဒေသခံတွေဘက်က ဝေဖန်ကြပါတယ်။

"လေကြောင်းကြောင့်ဖြစ်ဖြစ် လုံခြုံရေးကြောင့်ပိတ်တယ်ဆိုရင် တပ်ဖွဲ့တွေထဲ သုံးခွင့်ရနေသေးတာက အခွင့်ထူးခံလိုဖြစ်နေတာပဲ။ သူတို့ကတော့ လိုအပ်ချက်ကြောင့် သုံးတာလို့ ပြောမှာပါပဲ" လို့ ကနီနယ်ထဲ နေထိုင်သူက ပြောပါတယ်။

ဒီလို ယာယီပိတ်ဆို့တာမျိုးကို ၂၀၂၅ မတ်လနှောင်းပိုင်းကစပြီး လေကြောင်းဗုံးမကြာခဏကြဲခံရတဲ့ ကရင်နီ ပြည်နယ်၊ မော်ချီးဒေသထဲမှာလည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က မေလ အစပိုင်းမှာ စတားလင့်ခ်အင်တာနက်တွေပိတ်ဖို့ ညွှန်ကြားခဲ့တာပါ။​

ဒါပေမဲ့ အင်တာနက်ပိတ်ထားတဲ့ကာလ မေ ၁၀ ရက်မှာ မော်ချီးဒေသထဲကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ခဲ့ပါတယ်။

" အင်တာနက်ပိတ်တာက အဖြေမဟုတ်ဘူးလို့ ပြောကြတော့ အင်တာနက်ပြန်ဖွင့်ပေးခဲ့တယ်။ ၁၅ ရက်၊ ရက် ၂၀ လောက်ပိတ်လိုက်တာပေါ့။ အင်တာနက်ပိတ်တာကို မကြိုက်ကြတာတော့ရှိတယ်" လို့ ကရင်နီ ပြည်နယ်ထဲ နေထိုင်သူတစ်ဦးက ပြောပါတယ်။

သူကိုယ်တိုင်က အင်တာနက်အသုံးပြုပြီး အလုပ်လုပ်ရတဲ့သူဖြစ်တာကြောင့် စတားလင့်ခ်စက်ရှိတဲ့ နေရာကို လမ်းခရီးဆိုးပေမဲ့ ရောက်အောင်သွားပြီး သုံးရတဲ့ရက်တွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

"မကြာသေးခင်က မိသားစု ၃ ယောက်ခရီးသွားရင်း ကားပျက်တယ်။ လမ်းမှာပဲအထုပ်တွေချပြီး လမ်းဘေးမှာအိပ်ရတယ်။ လိုင်းပေါ်ကနေ အကြောင်းကြားပြီး လူခေါ်လို့လည်းမရတော့ ကားကြုံမလာမချင်း စောင့်ရတာပေါ့" လို့ သူတို့မိသားစုကြုံခဲ့ရတဲ့ အခြေအနေကို ပြန်ပြောပြပါတယ်။

ဒီလို ဆက်သွယ်ရေးအခက်အခဲတွေကြောင့် တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေက စိုက်ပျိုးရေး၊ စီးပွားရေးလုပ်နေသူတွေမှာ ဝင်ငွေအပြည့်အဝမရနိုင်ကြဘဲ ဆုံးရှုံးနေရတယ်လို့ မန္တလေးတိုင်း၊ စဥ့်ကူးနယ်ဘက်မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးတိုင်း အထက်ပိုင်းဖြစ်တဲ့ မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းတကြောက တော်လှန်ရေးထိန်းချုပ်နယ်မြေတချို့မှာ အရပ်သားအင်တာနက်သုံးစွဲမှုကို တင်းကျပ်ထားတယ်လို့ ဒေသခံတချို့ဆီကသိရှိရပါတယ်။

"မီးဖွားတဲ့သူတွေဆို မဖွားနိုင်လို့ ဆရာဝန် အချိန်မီမခေါ်နိုင်ဘူး။ လမ်းပန်း ဆက်သွယ်ရေးလည်း မကောင်းတော့ မြို့ပေါ်လည်းမသွားနိုင်ဘူးဆိုတော့ ကလေးနဲ့ မိခင်ကိုလက်လွှတ်လိုက်ရတာရှိတယ်" လို့ စဥ့်ကူးဘက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနယ်တကြောမှာ တပ်ရင်းတပ်ဖွဲ့တွေ၊ တပ်ရင်းတပ်ဖွဲ့နဲ့ နီးစပ်သူတွေသာ အင်တာနက်သုံးခွင့်ရပြီး အရပ်သားတွေ သုံးခွင့်မရဘူးလို့ ဘီဘီစီနဲ့ မေးမြန်းခွင့်ရသူတချို့က ပြောပြပါတယ်။

"ဒီထဲမှာ စဥ့်ကူးနယ်တစ်ခုကပဲ လက်ပန်လှသွားတဲ့ လမ်းဘေးမှာ တစ်နာရီ ၂၀၀၀ နဲ့သုံးလို့ရတာ။ အဖွဲ့အစည်းနဲ့ နီးစပ်တဲ့သူတွေက အောက်ဆိုက်ရအောင်လုပ်တာမျိုးပဲရှိတာ"လို့ သူကဆိုပါတယ်။

လွန်ခဲ့တဲ့ ၃ လဝန်းကျင်လောက်ကစပြီး စဥ့်ကူးနယ်ထဲမှာလည်း စတားလင့်ခ်တွေ ပိတ်ထားဖို့ ညွှန်ကြားချက်ရှိခဲ့ပြီး ဒါကို မလိုက်နာဘဲဆက်လက်ဖွင့်လှစ်ခဲ့တဲ့နေအိမ်တစ်ခုက မိသားစုတွေနဲ့ MDY PDF တပ်ဖွဲ့ဝင်တွေအကြား အငြင်းပွားပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါသေးတယ်။

ဒီနယ်ဘက်မှာ အင်တာနက်ကတဆင့်သတင်းပေးတဲ့ စစ်တပ်သတင်းပေးတွေကြောင့် လေကြောင်းတိုက်ခိုက်မှုတွေ ပိုများနေရတယ်ဆိုတဲ့ အချက်ကိုတော့ ဘီဘီစီက စကားပြောဖြစ်ခဲ့သူက လက်ခံပါတယ်။

"ဒီဘက်မှာက လေကြောင်းတိုက်ခိုက်မှုက အင်မတန်ဆိုးတယ်။ တစ်နေ့ကို အနည်းဆုံး ၅ ကြိမ်လောက်က ဗုံးခိုကျင်းထဲဆင်းပြေးရတယ်။ ဒါက အင်တာနက်ကြောင့်လည်းဖြစ်နိုင်သလို ဖြတ်သွားဖြတ်လာ ကားတွေကနေ ကြည့်သွားရင်လည်း ဘယ်နေရာ ဘာရှိတယ် မြင်နေရတာပဲ"

"နောက်တစ်ပိုင်းကတော့ လူထုက အင်တာနက်မရတဲ့ ကြားက စားဝတ်နေရေးအတွက် ရသလောက်ရုန်းတယ်။ ဒါပေမဲ့ အင်တာနက်ရလို့ ရလာမယ့် အကျိုးထက်အင်တာနက်ကြောင့် ဗုံးလာကြဲခံရရင်လည်း ကမ္ဘာပျက်သလိုပဲ" လို့ စဥ့်ကူးနယ်ဘက်မှာ နေသူက ဆိုပါတယ်။

ထိန်းချုပ်နယ်မြေအလိုက် စတားလင့်ခ်အင်တာနက် အသုံးပြုခွင့်ကန့်သတ်ချက်နဲ့ပတ်သက်လို့ NUG၊အာရက္ခတပ်တော်၊ IECနဲ့ MDY PDF တို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းချက်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိပါဘူး။​

ပိုကောင်းတဲ့ အဖြေရှာစေချင်တဲ့ အရပ်သားတွေ

"သပိတ်ကျင်းထဲမှာ ၂ ကြိမ်တိတိဗုံးကြဲခံရတာက အင်တာနက်က သတင်းပေးလို့ ဖြစ်ရတာပဲ" လို့ စဥ့်ကူးနယ်မှာနေသူက ဘီဘီစီကို ပြောပြပါတယ်။

ဖြစ်စဥ်ကတော့ MDY PDF က တပ်ဖွဲ့ဝင် ရဲမေကို သူ့ရဲ့ချစ်သူ သပိတ်ကျင်း ပကဖရဲဘော်က တည်နေရာပို့မိတာကြောင့်လို့ ဆိုပါတယ်။

ဒီရဲမေကို MDY PDF က စစ်တပ်သတင်းပေးအဖြစ် ကြေညာခဲ့ပါတယ်။

"အဲဒီရဲဘော်က မောင်တို့နေရာက ဘယ်နားမှာဆိုပြီး Point တွေပို့ထားတာ။ အဲဒီနေ့က လာကြဲတော့ ဗုံးက ကျပြီးမကွဲဘူး။ အဲဒါကို တော်သေးတယ် မောင်တို့နားကျတဲ့အလုံးကမကွဲဘူးလို့ စာထပ်ပို့ထားတာ" လို့ သူက ပြောပါတယ်။

"တော်တော်ကို ကြဲလို့ အခုတပ်ဖွဲ့တွေဘက်က ပိတ်တာပါ။ အဲဒါကိုတော့ လက်ခံပါတယ်" လို့ ဆိုပါတယ်။

မန္တလေးတိုင်းအထက်ပိုင်းမှာ အရပ်သားတွေကို အင်တာနက်သုံးခွင့်မပေးထားဘဲ တပ်ရင်းတပ်ဖွဲ့၊ အဖွဲ့အစည်းနဲ့ နီးစပ်သူတွေကသာ သုံးခွင့်ရနေတာကြောင့် အခွင့်ထူးခံဖြစ်နေတယ်လို့ ဒေသခံ ၅ ဦးထက်မနည်းက ဝေဖန်ပါတယ်။

ဒီဒေသက အရပ်သားလုပ်ကိုင်ခွင့်ရ စီးပွားရေးအနေနဲ့ NUG ထံအခွန်ပေးပြီး ကမ်းရိုးတန်းဖုန်းတွေကို အများသုံးဖုန်းဆိုင် အဖြစ် ဖွင့်ခွင့်ပေးထားပါတယ်။

စီးပွားရေးနဲ့ အရေးကြီးကိစ္စတွေအတွက် ဒီအများသုံးဖုန်းဆိုင်တွေကို သုံးကြပါတယ်။

"အရင် PCO ခေတ်ပြန်ရောက်တာပေါ့။ ဘေးမှာ ဆိုင်ရှင်ကရှိနေတော့ လွတ်လွတ်လပ်လပ် ပြောဆိုလို့မရဘူးလေ" လို့ သူကပြောပါတယ်။

အင်တာနက်အသုံးပြုခွင့်ရနေတာတွေက စစ်ရေးနဲ့ လုံခြုံရေး သတင်းအချက်အလက်ကျိုးပေါက်မှုတွေ ဖြစ်နိုင်ပေမဲ့ အလုံးစုံသက်ရောက်တယ်လို့ ပြောဖို့ခက်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပါတယ်။

"အင်တာနက်ကို အလုံးစုံပိတ်ခိုင်းတာထက် စစ်သတင်းလုံခြုံရေးအပိုင်းမှာ ပကဖအဖွဲ့တွေ၊ တော်လှန်ရေး တပ်ဖွဲ့တွေ၊ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ကိုယ့်ရဲ့ စစ်ရေး၊လုံခြုံရေးနဲ့ အုပ်ချုပ်ရေးသတင်းတွေ မပေါက်ကြားဖို့ ပိုပြီးထိန်းသိမ်းလုပ်ဆောင်တာက ပိုပြီးအရေးကြီးမယ်လို့ မြင်ပါတယ်" လို့ ကိုနောင်ရိုးက ပြောပါတယ်။

အင်တာနက်အပြင် စစ်ဘက်ထောက်လှမ်းရေးနယ်ပယ် ချိတ်ဆက်ဆောင်ရွက်မှုတွေဖြစ်တဲ့ ဖုန်း၊သင်္ကေတ စနစ်စသဖြင့် ထောက်လှမ်းရေးနည်းလမ်းတွေနဲ့ ပေးပို့တာတွေလည်းရှိနိုင်တယ်လို့ MDSI စစ်ဘက်ရေး ရာတာဝန်ခံကဆိုပါတယ်။

စစ်တပ်ဟာ တော်လှန်ရေးနယ်မြေက သတင်းတွေ ထောက်လှမ်းဖို့အတွက် မြေပြင်သတင်းပေးတွေ၊ဆက်သွယ်ရေးလိုင်းတွေကို ကြားဖြတ်နားထောင်တာအပြင် ဝေဟင်ကနေ ကင်းထောက်လေယာဥ်၊ ဒရုန်းနဲ့ ဒီနှစ်ကုန်ပြီးမှာ သူလျှိုပူဖောင်း(Spy Balloon)တွေကိုပါ သုံးလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောထားကြပါတယ်။

ဒေသတွင်း လုံခြုံရေးအတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြေပြင်ကလူထုကို ရှင်းလင်းပြတ်သားတဲ့ စစ်သတင်းလုံခြုံမှုအတွက် သိရှိလိုက်နာသင့်တဲ့အချက်တွေကို သတင်းစကားပါးဖို့ကိုလည်း MDSI က အကြံပြုပါတယ်။

တဖက်မှာလည်း လုံခြုံရေးအတွက် အင်တာနက်တားဆီးထားချိန်မှာ အရပ်သားတွေ သတင်းအချက် အလက်သိရှိဖို့ ပြန်လည်ချိန်ဆလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ကိုနောင်ရိုးက ဆိုပါတယ်။

ဘီဘီစီက စကားပြောခွင့်ရခဲ့တဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ နေထိုင်သူတွေကလည်း ဒေသကို ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းတွေဘက်က သတင်းအချက်အလက်အတွက် အင်တာနက်ပိတ်ပစ်တာထက် ကျော်လွန်တဲ့ အဖြေနည်းလမ်းကောင်းတစ်ခုဖြစ်လာဖို့ မျှော်လင့်တယ်လို့ ဆိုကြပါတယ်။

"အင်တာနက်က အခွင့်ထူးခံမဟုတ်ဘဲ အခွင့်အရေးဖြစ်သင့်တယ်။ လုံခြုံရေးလို့ဆိုရင် နယ်မြေကို ထိန်းထားတဲ့ဘက်က အဝင်အထွက်ကအစ သေချာစိစစ်လုပ်ဆောင်တာမျိုးလုပ်မလားပေါ့။ အဲဒီလိုစဥ်းစား စေချင်တယ်"လို့ စစ်ကိုင်းတိုင်း ကနီနယ်ထဲ နေထိုင်သူက ဆိုပါတယ်။

ကျားဖြန့်စနက်သက်ရောက်မှာစိုးရိမ်ကြတဲ့ စတားလင့်ခ်မပြတ်တောက်ရေး

လက်ရှိ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေထဲမှာ စတားလင့်ခ်အင်တာနက်တွေ ဘယ်အချိန်ကာလအထိ အသုံးပြုနိုင်မယ်ဆိုတာကလည်း အားလုံးစိုးရိမ်နေရတဲ့ အခြေအနေတစ်ခု ဖြစ်လာနေပါပြီ။

မြန်မာဟာ အီလွန်မက်ရဲ့ SpaceX ကုမ္ပဏီကနေ စတားလင့်ခ်အင်တာနက်ကို တရားဝင်အသုံးပြုခွင့်ပေးထားတဲ့ ဒေသထဲမှာ မပါဝင်သေးပါဘူး။

စတားလင့်ခ်အသုံးပြုခွင့်ရတဲ့ နိုင်ငံက အလုံးတွေကို အဲဒီမှာနေထိုင်သူတွေ၊ နိုင်ငံတကာ ဘဏ်အကောင့်ရှိသူတွေနဲ့ ချိတ်ဆက်ဝယ်ယူပြီး အဆင့်ကျော်ပြီး သုံးစွဲနေကြရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာ ဒီလိုကျော်သုံးနေသူတွေကို ခွဲခြမ်းကြည့်ရင်တော့ အသိုင်းအဝိုင်း ၂ ပိုင်းကွဲနေတာ မြင်နိုင်ပါတယ်။

ပထမအသိုင်းအဝိုင်းကတော့ စစ်တပ်ရဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးဖြတ်တောက်တဲ့ဒဏ်ကို စတားလင့်ခ်နဲ့ သုံးနေကြရတဲ့ တော်လှန်ရေးဒေသနေထိုင်သူတွေပါ။

နောက်ထပ်အသိုင်းအဝိုင်းတစ်ခုကတော့ ထိုင်း-မြန်မာနယ်စပ်တကြောက နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေဖြစ်ပါတယ်။

စတားလင့်ခ်ကို တော်လှန်ရေးဒေသမှာသုံးသလို ထိုင်း-မြန်မာနယ်စပ်တကြောက အွန်လိုင်း ငွေလိမ်ဂိုဏ်း တွေကလည်း အသုံးပြုနေတာကြောင့် မကြာသေးခင်ကာလကပဲ စတားလင့်ခ် အလုံးပေါင်း ၂၅၀၀ ကို ကုမ္ပဏီဘက်က ပိတ်ချလိုက်ပါပြီ။

ကျားဖြန့်နဲ့ရောပြီး လူထုအတွက် ဆက်သွယ်ရေးနည်းလမ်းတစ်ခုဖြစ်တဲ့ စတားလင့်ခ်ကို ပိတ်ပင်ခံရတာဟာ စစ်တပ်ဘက်က လိုလားချက်လည်း ဖြစ်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ မြန်မာ့ဒစ်ဂျစ်တယ်လ်အရေး စောင့်ကြည့်တဲ့ Access Now တာဝန်ခံ မဝေဖြိုးမြင့်က ဘီဘီစီကို ပြောပါတယ်။

"စတားလင့်ခ်က ကျားဖြန့်တွေတင်သုံးတာမဟုတ်ဘူး။ လူထုက ပညာရေး၊ကျန်းမာရေးနဲ့ လူသားစာနာ အတွက်ပါ သုံးနေရတာဖြစ်လို့ ကျွန်မတို့အနေနဲ့ကတော့ ကျားဖြန့်နဲ့အကုန်ပေါင်းပြီး ထိခိုက်တာ မဖြစ်သင့်ဘူးလို့ အမေရိကန်လွှတ်တော်ကို ရှင်းပြနေတာရှိတယ်"လို့ မဝေဖြိုးမြင့်က တော်လှန်ရေးနယ်မြေ စတားလင့်ခ်ဆက်လက်ရရှိရေး လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ ပြောပြပါတယ်။

ကျားဖြန့်တွေအတွက်က စတားလင့်ခ်ပိတ်လိုက်လည်း တခြားဆက်သွယ်ရေးနည်းလမ်းတွေကို အသုံးပြုဖို့ လွယ်ကူတဲ့အနေအထားဖြစ်တယ်လို့ သူကထောက်ပြပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ တရုတ်နိုင်ငံသားသရုပ်ဆောင်ကို မြန်မာဘက်က ရွှေကုက္ကို ကျားဖြန့်ရုံကနေ ပြန်ရှာတွေ့တာရဲ့ နောက်ဆက်တွဲအဖြစ် ကျားဖြန့်နှိမ်နင်းရေးလုပ်ချိန်မှာ ဒီနယ်ဝိုက်မှာ သုံးနေတဲ့ အင်တာနက်က ထိုင်းဆက်သွယ်ရေးကုမ္ပဏီတွေရဲ့ ဆက်သွယ်ရေးလိုင်းတွေဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းဘက်က အင်တာနက်၊ လျှပ်စစ်နဲ့ စက်သုံးဆီဖြတ်တောက်တာတွေလုပ်ခဲ့ချိန်မှာတောင် ကျားဖြန့်ဂိုဏ်းတွေ ဆက်လက်လည်ပတ်နိုင်နေသေးတာ ဖြစ်ပါတယ်။

"စတားလင့်ခ်ဖြတ်တာက ကျားဖြန့်ကို တိုက်ဖျက်ရာမရောက်ဘဲနဲ့ စတားလင့်ခ်ကို တည်မှီနေရတဲ့ အရပ်သားကို ထိခိုက်တာဖြစ်တယ်။ ကုမ္ပဏီဘက်က ကျားဖြန့်ပါလို့ သေချာတဲ့အလုံးကိုပဲ ဖြတ်ဖို့လိုတယ်။ အရပ်သားအလုံးကိုမှားဖြတ်မိရင် လွယ်ကူတဲ့နည်းလမ်းနဲ့ပြန်ရအောင်လုပ်နိုင်ဖို့ စတားလင့်ခ်ဘက်က စဥ်းစားဖို့ လိုတယ်"လို့ မဝေဖြိုးမြင့်ကဆိုပါတယ်။

ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့တဲ့ ရခိုင်၊ ချင်း၊ ကရင်နီ၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲမှာ နေထိုင်သူတချို့က တော့ သူတို့နေထိုင်ရာဒေသကစက်တွေက SpaceX ကုမ္ပဏီက ပိတ်ချလိုက်တဲ့ အလုံးတွေထဲ မပါသေးဘူး လို့ ဆိုကြပါတယ်။

"ကရင်ခွင်ဖြစ်တဲ့ မြဝတီဘက်ကိုပဲ လုပ်သွားတာထင်တယ်။ ဒီဘက်မှာတော့ အဲဒီနေ့က ရင်တထိတ်ထိတ် နဲ့ပဲ။ ကွန်ရက်ကို ပြန်ချိန်ညှိနေတယ်ဆိုတဲ့ စာပို့ပြီး အဝါရောင်အချက်ပြခဲ့တာပဲရှိတယ်" လို့ စဥ့်ကူးနယ်မှာနေသူက ဆိုပါတယ်။

အီလွန်မက်ရဲ့ SpaceX ကုမ္ပဏီကနေ မြန်မာနိုင်ငံထဲက စတားလင့်ခ်စက်တွေ အားလုံးပိတ်ချလိုက်မှာကို စိုးရိမ်တယ်လို့ ဘီဘီစီမေးမြန်းခဲ့တဲ့ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ နေထိုင်သူတွေက ပြောကြပါတယ်။

အသိပေးချက်- ဒီဆောင်းပါးထဲမှာ တော်လှန်ရေးထိန်းချုပ်နယ်မြေက အင်တာဗျူးဖြေဆိုသူတွေရဲ့နာမည်ကို လုံခြုံရေးအရ အမည်ပြောင်းလဲအသုံးပြုထားပါတယ်။