မြန်မာ့ဒီဂျစ်တယ် ပလက်ဖောင်း ၊ စစ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ

စစ်ကောင်စီဟာ စစ်အာဏာသိမ်းပြီးတဲ့နေ့က စပြီး ဖုန်းနဲ့ အင်တာနက်ကို ဖြတ်တောက်ခဲ့သလို အာဏာသိမ်းကာလ တစ်နှစ်ပြည့်ခါနီးမှာတော့ လူတွေအသုံးများတဲ့ ဖုန်းကွန်ရက်နဲ့ အင်တာနက်လိပ်စာ ခြေရာခံတာကို ဖျောက်နိုင်တဲ့ VPN ( Virtual Private Network) လို့ခေါ်တဲ့ စနစ်ကို ခွင့်ပြုချက်မပါဘဲ သုံးရင် ထောင်ဒဏ် ၃ နှစ်အထိ ချလို့ရတဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းဖို့အပါဝင် ဒီဂျစ်တယ် ပလက်ဖောင်းကို ထိန်းချုပ်ဖို့ ပြင်လာပါတယ်။

မမှန်သတင်းတွေနဲ့ လှုံ့ဆော်မှုတွေကို ဖေ့စ်ဘွတ်ခ်ကနေ တစ်ဆင့် ပြုလုပ်နေတယ် ဆိုပြီး စစ်ကောင်စီက ဖေ့စ်ဘွတ်ခ်ကို မြန်မာပြည်တွင်းမှာ ပိတ်ခဲ့ပြီးဖေ့စ်ဘွတ်ခ် ပိတ်တာကို ကျော်လွှားနိုင်ဖို့ သုံးစွဲသူတွေက နောက်ပိုင်းမှာတော့ virtual private network လို့ခေါ်တဲ့ VPN ဆော့ဖ်ဝဲ တချို့ သုံးလာကြပါတယ်။

"သူတို့အခု ကြိုးစားနေတဲ့ဆိုက်ဘာလုံခြုံရေးဥပ‌ဒေသာ ထပ်ပြဋ္ဌာန်းရင် နိုင်ငံသားဆိုင်ရာ ပုဂ္ဂိုလ်ကလုံခြုံခွင့်၊လွတ်လပ်ခွင့်တွေဟာ ၁၀၀ ရာခိုင်နှုန်းလုံး ဆုံးရှုံးသွားပြီ။ ကောင်းတဲ့သဘောမရှိဘူး။" ပြည်တွင်းက ရှေ့နေတစ်ဦးက ပြောပါတယ်။

ဒီဂျစ်တယ်နည်းပညာသုံး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေသာမက နည်းပညာလုပ်ငန်းတွေ တဖြည်းဖြည်း ရပ်ဆိုင်းလာရသလို ဒီဂျစ်တယ်စီးပွားရေးတွေ ထိခိုက်လာတာ၊ လူထုရဲ့ အွန်လိုင်းပညာရေး သင်ယူခွင့်၊ သတင်းသိရှိနိုင်တဲ့အတိုင်းအတာတွေပါ ဆုံးရှုံးနေပြီလို့ ပြည်သူတွေပြောပါတယ်။

မြန်မာ့ဒီဂျစ်တယ်ရေစီးကြောင်း ခါးရိုက်ချိုးခံလိုက်ရပြီလား

"အခု ဒီဂျစ်တယ်တွေ လိုက်ပိတ်တာက တော်လှန်ရေးအင်အားစုတွေကို ကျပ်တည်းစေတာမှန်ပေမယ့် ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ၊ တိုင်းပြည်ရဲ့စီးပွားရေးကို ထိခိုက်လာမယ်၊ ဒီလိုသာဆိုရင် ပြည်သူတွေက စစ်ကောင်စီကို မုန်းတီးမှု၊ ရွံရှာမှုပိုများပြီး စီးပွားရေးကျပ်တည်းမှုကနေ အထွေထွေပေါက်ကွဲမှုတွေအထိ ဖြစ်လာနိုင်တယ်။" လို့ စစ်ကောင်စီရဲ့ ဒီဂျစ်တယ်ထိန်းချုပ်မှု နောက်ဆက်တွဲ သက်ရောက်နိုင်မှုတွေကို တက္ကသိုလ်ကျောင်းသား ဟောင်းများအင်အားစု ဦးဆောင်သူ ကိုနန်းလင်းက ရှင်းပြပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်အာဏာသိမ်းပြီးတဲ့နောက် ဒီအာဏာသိမ်းမှုဆန့်ကျင်ရေး တစ်နည်းအားဖြင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ ဘက်ကလည်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လာခဲ့တာကနေ အခု ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာတော့ ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းဖို့အထိပါကြိုးစားလာသလို silence strike (အသံတိတ်သပိတ်)တွေကိုပါ ဥပဒေတွေနဲ့ တရားစွဲမယ်လို့ သတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။

မြန်မာ့ဒီဂျစ်တယ်လွတ်လပ်ခွင့် ဆင့်ကဲပြောင်းလဲမှုများ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအထိ မြန်မာနိုင်ငံပြည်သူ ၂၃.၆၅ သန်းဟာ အင်တာနက်အသုံးပြုနေကြပြီး ၂၀၂၀ခုနှစ်နဲ့ ၂၀၂၁ခုနှစ်ကြားမှာ အင်တာနက်အသုံးပြုသူ (၁၂)ရာခိုင်နှုန်းအထိတိုးလာခဲ့တယ်လို့ ဒေတာရီပိုတယ်(Datareportal) ရဲ့ မြန်မာ့ဒီဂျစ်တယ် ၂၀၂၁ခုနှစ်စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အဲ့ဒီစစ်တမ်းအရ ဆိုရှယ်မီဒီယာအသုံးပြုသူတွေ (၃၂)ရာခိုင်နှုန်းအထိ များလာခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက် မနက်အစောပိုင်းမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး မနက်အစောပိုင်းကစကာ ဖုန်းလိုင်း၊ အင်တာနက်တွေသာမက ပြည်တွင်းရုပ်သံလိုင်းတွေပါ အကုန်ပြတ် တောက်သွားခဲ့ပါတယ်။

ရုတ်တရက် လူတွေရဲ့ သတင်းရရှိမှု ဖြတ်တောက်ခံလိုက်ရပြီး မနက်ပိုင်းမှာတော့ စစ်တပ်ကနေ အာဏာထိန်းသိမ်းတယ်လို့ နိုင်ငံပိုင်မီဒီယာရုပ်သံနဲ့ ရေဒီယိုတွေမှာ ထုတ်လွှင့်ခဲ့ပါတယ်။

အဲ့ဒီကနေစကာ ပြည်တွင်းကလူတွေရဲ့ ဒီဂျစ်တယ်အသုံးပြုခွင့် စတင်ကန့်သတ်ခံလာရပြီး ပြည်သူတွေရဲ့ နေ့စဉ်လူနေမှု ဘဝမှာ သက်ရောက်မှုတွေ ရှိလာခဲ့ပါတယ်။

အာဏာသိမ်းမှုနဲ့ ဒီဂျစ်တယ်ရေစီးကြောင်း

အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုဟာလည်း ဖေဖော်ဝါရီ (၅)ရက်က စကာ ပိုမိုအားကောင်းလာခဲ့ ပြီး တနိုင်ငံလုံးက နေ့စဉ်ဖြစ်ပျက်နေမှုတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်တွေမှာ ဖြန့်ဝေကြသလို ပြည်တွင်းက အာဏာသိမ်းမှုလက်မခံတဲ့ ဆန္ဒသဘောထားတွေကိုလည်း ဆိုရှယ်မီဒီယာပလက်ဖောင်းက တစ်ဆင့် ဖော်ထုတ်ခဲ့ကြပါတယ်။

အာဏာသိမ်းမှု ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုအတွင်း သေဆုံးမှုဖြစ်စဉ်တွေကိုလည်း နိုင်ငံတကာသိအောင် ဒီဆိုရှယ်မီဒီယာကနေ အချိန်နဲ့တပြေးညီ ပြည်သူတွေကိုယ်တိုင် တင်ပြခဲ့ကြပါတယ်။

"၈၈က အချိုးတွေ ၂၁မှာ လာမချိုးနဲ့"ဆိုတဲ့ သပိတ်စစ်ကြောင်းတွေမှာ ကြွေးကြော်မှုတွေဟာ အရင် အာဏာသိမ်းမှုတွေကလို သတင်း ဖုံးဖိထားလို့မရဘဲ ၂၁ ရာစု ဒီဂျစ်တယ်နည်းပညာခေတ်မှာ ထိန်းချုပ်လို့မရနိုင်ဘူးဆိုတာ ပြတ်ပြတ်သားသား ပြသခဲ့တာလို့ ဆန္ဒပြသပိတ်ပါဝင်သူတွေက ပြောပါတယ်။

စစ်တပ်ကအာဏာရယူပြီး ရက်ပေါင်း ၃၆ ရက်အကြာ မတ်လ ၈ ရက်နေ့မှာတော့ ပြည်တွင်းသတင်းဌာနတွေကို ပိတ်ခဲ့ပြီး သတင်းထောက်တွေကိုဖမ်းဆီးကာ သတင်းစီးဆင်းမှုကိုထိန်းချုပ်လာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူထုအများစုအသုံးပြုတဲ့ ဆိုရှယ်မီဒီယာတခုဖြစ်တဲ့ ဖေ့ဘွတ်ခ်ကို အသုံးပြုခွင့်ပိတ်ခဲ့ သလို အင်စတာဂရမ်၊ ယူကျူ့စ်စတာတွေကိုလည်း Virtual Private Network လို့ခေါ်တဲ့ VPN ကြားခံထားမှသာ အသုံးပြုလို့ရပါတော့တယ်။

နောက်ဆက်တွဲအနေနဲ့ ဖုန်းအော်ပရေတာတွေမှာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တဆင့်ကြားခံ ဖြတ်ယူတဲ့စနစ်တွေတပ်ဆင်တော့မယ်ဆိုတဲ့ သတင်းတွေလည်း အာဏာသိမ်းပြီးလအနည်းငယ်အကြာမှာ ခပ်စိတ်စိတ် ထွက်လာပါတယ်။

ဇူလိုင်လ ဝန်းကျင်မှာတော့ မြန်မာပြည်ရဲ့အခြေအနေတွေဟာ ပြည်သူတွေရဲ့ လုံခြုံရေးစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ တယ်လီနောအတွက် စိန်ခေါ်မှုတွေ တိုးမြှင့်လာတာကြောင့် မြန်မာပြည်ကနေ ထွက်ခွာဖို့ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောဆက်သွယ်ရေးကုမ္ပဏီ က ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလိုနဲ့ ပြည်သူလူထုရဲ့ နည်းပညာဆိုင်ရာရပိုင်ခွင့်(Digital Rights)နဲ့ အင်တာနက်လွတ်လပ်ခွင့် (Internet Freedom) ‌တွေတဖြည်းဖြည်းထိခိုက်လာနေပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်သူတွေက ထောက်ပြကြပါ တယ်။

ဒါ့အပြင် အခု ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှာ ဒီဂျစ်တယ်ဟာ ပင်မရေသောက်မြစ်တခုလို ဖြစ်နေပြီး ဒီလမ်းကြောင်းကိုဖြတ်တောက်နိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတာလို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာ့ဒီဂျစ်တယ်အခြေအနေကိုပြောတဲ့အခါမှာ တစ်ဖက်က အမျိုးသားညီညွတ်ရေး အစိုးရ (NUG)ဟာလည်း ဒီဂျစ်တယ်ကိုအခြေခံကာ အင်တာနက်ကတဆင့် လူထုနဲ့ဆက်သွယ်ဆောင်ရွက်နေ သလို သတင်းအချက်အလက်ကအစ ရံပုံငွေလှုပ်ရှားမှုတွေကိုပါ ဒီဂျစ်တယ်နည်းပညာကိုသာ အသုံးပြုနေ မှုကလည်း စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေလုပ်ဆောင်ရတဲ့ အကြောင်းတချက်ဖြစ်လာတယ်လို့ ဒီဂျစ်တယ်အရေး စောင့်ကြည့်သူတွေက ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားသူတွေရဲ့ ဒီဂျစ်တယ်သပိတ်(Digital Strike) အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မရပါဘူး။

အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပါဝင်သူတွေကို ထောက်ပံ့ပေးဖို့ကအစ လမ်းမထက်မှာ ဆန္ဒပြရင်းလူသေဆုံးမှုတွေကနေပြီး လက်နက်ကိုင်ခုခံတော်လှန်ရေး လမ်းစဉ်ကို ပြောင်းလဲလာတဲ့အခါ အွန်လိုင်းက အလှူခံတာတွေ အများအပြားတွေ့လာရပါတယ်။

ဒီ့အတွက် လူတွေအကြားငွေသားရရှိဖို့ ခက်ခဲလာတဲ့အပြင် ပိတ်ပင်တားမြစ်တဲ့အခြေအနေတွေပါ ကြုံတွေ့လာခဲ့ရတာကို ဖြေရှင်းဖို့ ကြိုးစားတာ ကနေ Digital Strike နည်းလမ်းကို အသုံးပြုလာခဲ့တာလို့ လူငယ်တဦးလည်းဖြစ်၊ ANTS ရန်ပုံငွေ ရှာဖွေရေး အဖွဲ့ ဦးဆောင်သူ ကိုမိုးတိမ်က ဘီဘီစီကို ရှင်းပြပါတယ်။

Digital Strike ဆိုတာဘာလဲ

Digital Strike ဆိုတာက ဆိုရှယ်ပလက်ဖောင်းတွေပေါ်က ဝဘ်ဆိုက်တွေ၊ ဗီဒီယိုတွေအပြင် ဂိမ်းတွေကို ဆော့ကစားပေး၊ကြည့်ပေးရာမှာ အွန်လိုင်းကြော်ငြာ တက်လာတာတွေကို ကြည့်ပေးရင်းကနေ ဝင်ငွေတွေ ရရှိတာဖြစ်ပါတယ်။

"C2D ကိုစပြီး လုပ်တုန်းက ဘာမှန်းလည်းမသိကြသလို၊ ဒီကနေ ပိုက်ဆံရတယ်ဆိုတာလည်း လူထုက သိပ်စိတ်မဝင်စားကြဘူးပေါ့ဗျာ။ နောက်ပိုင်းအဖွဲ့တွေဆီကို ပိုက်ဆံပို့ပေးတော့ သူတို့ကရောက်ရှိကြောင်း စာတွေ၊ ဗီဒီယိုတွေပြန်ပို့ပေးတော့မှ လူထုကသိလာကြတယ်။ အဲ့နောက် ၁ မီလီယံ စိန်ခေါ်မှုဆိုတာတွေ လုပ်လာတော့မှ လူပိုသိသွားကြတယ်။ ဒါပေမဲ့လည်း နေ့စဉ် Click ပါဝင်နေသူက လူ (၂)သောင်းခွဲ ဝန်းကျင် (၃)သောင်းလောက်မှာပဲ ရှိနေသေးတယ်။"လို့ ဒီဂျစ်တယ်ရန်ပုံငွေရှာဖွေရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Click to Donate ဦးဆောင်သူတဦးက ပြောပါတယ်။

ဒီလိုလှုပ်ရှားမှုတွေ အားကောင်းနေတာနဲ့အတူ တစ်ဖက်စစ်ကောင်စီဘက်ကလည်း ၂၀၂၁ခုနှစ် ဒီဇင်ဘာလ အတွင်းမှာပဲ ပြည်သူအများစုအသုံးပြုတဲ့ မိုဘိုင်းလ်အင်တာနက်‌ဒေတာစျေးတွေကို တိုးမြှင့်ကောက်ခံခဲ့ ပါတယ်။

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလဆန်းမှာတော့ ဖုန်းဆင်းကတ်တစ်ကတ်ကို အခွန် (၂)သောင်းပေးဆောင်ရ မယ် ဆိုကာ အခွန်အကောက်ဥပဒေကို ပြင်ဆင်လိုက်ပါတယ်။

"နိုင်ငံတကာမှာဖြစ်ပေါ်နေတဲ့ စျေးနှုန်းတွေအရ‌ရော၊ ကူးသန်းရောင်းဝယ်မှုတို့ နည်းပညာ၊ ပညာရေးပိုင်းဆိုင် ရာတွေမှာတော့ ကျွန်တော်တို့က သီးသန့်ထပ်မံပြီးလျော့ပေးမှာဖြစ်ပါတယ်။ အင်တာနက်အလွန်အကျွံသုံးစွဲ မှုမဖြစ်စေဖို့ ဒါတွေအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။"

မိုဘိုင်းလ်ဆင်းကတ် အခွန်တိုးကောက်တာနဲ့ပတ်သက်ပြီး ဘီဘီစီရဲ့ဆက်သွယ်မေးမြန်းချက်ကို စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ (၉)ရက်မှာအခုလို ဖြေကြားခဲ့တာပါ။

တက်ကြွလှုပ်ရှားသူတွေကတော့ ဒါဟာစစ်ကောင်စီဘက်က Digital Strike တွေကိုတားဆီးဖို့ အဓိက ဦးတည်လာ တာလို့ တုံ့ပြန်ကြပါတယ်။

ဒါပေမဲ့လည်း အင်တာနက်အသုံးပြုဖို့ စျေးနှုန်းတွေကြီးမြင့် လာတာနဲ့အတူ စစ်ကောင်စီရဲ့ ဒီဂျစ်တယ်နည်းပညာအသုံးပြုဖို့ ကန့်သတ်လာတာတွေဟာ တော်လှန်ရေး အင်အားစုတွေကိုသာမက ပြည်သူလူထုတရပ်လုံးကိုပါ သက်ရောက်မှုရှိတယ်လို့ ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူ မဝေဖြိုးက ဘီဘီစီကိုပြောပါတယ်။

ဥပ‌ဒေတွေပြင်ဆင်ပြဋ္ဌာန်းပြီး အင်တာနက်လွတ်လပ်ခွင့်တွေကန့်သတ်ခံလာရ

မြန်မာပြည်သူတွေရဲ့ ဒီဂျစ်တယ်အခွင့်အရေး၊ အင်တာနက်လွတ်လပ်ခွင့်တွေ အပြင် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေဟာ ဥပဒေဘောင်အတွင်းဆိုတာကနေပဲ ဆုံးရှုံးနေတာဖြစ်တယ်လို့ ရှေ့နေအသိုင်းအဝိုင်းက ထောက်ပြပါတယ်။

ဒီဂျစ်တယ်နဲ့ပတ်သက်ပြီး အာဏာသိမ်းပြီးနောက် ဥပဒေပြင်ဆင်ပြဋ္ဌာန်းမှုအခြေအနေတွေကို ပြန်လေ့လာ ကြည့်မယ်ဆိုရင်

အာဏာသိမ်းစဖေဖော်ဝါရီ (၉)ရက်မှာတင် စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း)ထွက်ပေါ်လာခဲ့ပြီး အသင်းအဖွဲ့တွေကို သဘောထားမှတ်ချက်တောင်းခံ တာတွေရှိခဲ့ပါတယ်။

ဒီဥပဒေမူကြမ်းဟာ လုပ်ငန်းတွေလည်ပတ်လုပ်ကိုင်နိုင်ဖို့အတွက် လိုက်နာရမယ့် ခက်ခဲတဲ့ ထိန်းချုပ်ချက်တွေ၊ တောင်းဆိုချက်၊ ကန့်သတ်ချက်၊ တားမြစ်ချက်တွေ အများကြီးပါဝင်နေ တယ်လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကနေ ဒီမူကြမ်းကို ဥပဒေအဖြစ် စောလျင်စွာမပြဋ္ဌာန်းဖို့ ဖေဖော်ဝါရီ (၁၅)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နဲ့ ကွန်ပျူတာအသင်းတွေဘက်ကလည်း ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးနဲ့ ဒီဂျစ်တယ် စီးပွားစနစ်တည်ဆောက်ရေးကို မလွဲမသွေ အဟန့်အတားဖြစ်စေမှာဖြစ်လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တာပါ။

ဒီလိုကန့်ကွက်မှုတွေနောက် ဆိုက်ဘာလုံခြုံရေးဥပဒေ(မူကြမ်း)ကိစ္စ သတင်းထပ်မံမထွက်ပေါ်တော့ဘဲ အရပ်သားအစိုးရလက်ထက်မှာ လွှတ်တော်မှာ ဆွေးနွေးပြီးပြဋ္ဌာန်းခဲ့တဲ့ ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးမယ့် နိုင်လွတ်လုံဥပဒေပါ အချက်တချို့ကိုလည်း အာဏာသိမ်းစ ဖေဖော်ဝါရီ (၁၃)ရက်မှာတင် ရပ်ဆိုင်းခဲ့သလို အီလက်ထရောနစ် ဆက်သွယ်‌ဆောင်ရွက်ရေးဥပဒေကို ဖေဖော်ဝါရီ (၁၅)ရက်မှာ ပြင်ဆင်ခဲ့ပါတယ်။

အာဏာသိမ်းပြီး (၉)လပြည့်တဲ့နေ့မှာတော့ အွန်လိုင်းမီဒီယာကို ထိန်းချုပ်ဖို့ရုပ်သံဥပ‌ဒေမှာ စစ်ကောင်စီက ထောင်ဒဏ်တွေထပ်တိုးခဲ့ပါတယ်။

ဥပဒေတွေတစ်ခုပြီးတစ်ခု ပြင်ဆင်ဆောင်ရွက်ပြီးနောက် အခုဇန်နဝါရီလဆန်းထဲမှာ ဆိုက်ဘာလုံခြုံရေးဥပဒေ (မူကြမ်း)ကို အချောသတ်ပြင်ဆင်ပြီး အတည်ပြုပြဋ္ဌာန်းဖို့ပြင်ဆင်လာတာကို တွေ့ရပြီး ပြည်သူတွေဘက်က လည်း ဝေဖန်မှုတွေမြင့်တက်နေတာပါ။

"ဒီဆိုက်ဘာဥပဒေဟာ ပြည်သူတွေကို ကာကွယ်တာမျိုးမဖြစ်ဘူး။ အထူးသဖြင့် ဒီဥပဒေအရဆိုရင် အစိုးရလို့ခေါင်းစဥ်တပ်မယ်ဆိုရင် စစ်တပ်ပဲဖြစ်ဖြစ် သူတို့လုပ်ချင်တာလုပ်ခွင့်ရှိတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။တကယ်တမ်းပြောရရင် ကိုယ်ရေးကိုယ်တာ အချက်အလက်ဆိုင်ရာ လုံခြုံခွင့် Privacy Rights က အဆိုးရွားဆုံး ချိုးဖောက်ခံရနိုင်တယ်။"လို့ ဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူ မဝေဖြိုးကပြောပါတယ်။

ဒီလို ဥပဒေတွေပြဋ္ဌာန်းကာ ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ကဆိုင်ရာလုံခြုံခွင့်တွေကို တဖြည်းဖြည်းလျော့နည်းအောင် လုပ်ဆောင်နေတာလို့ ရှေ့နေတဦးကလည်း အခုလိုထောက်ပြပါတယ်။

"ဖေဖော်ဝါရီလဆန်းကနေ ဒီကနေ့အထိ ဥပဒေပေါင်း (၃၀)နီးပါးကို အသစ်ပြဋ္ဌာန်းတာ၊အစားထိုးပြင်ဆင်မှုတာတွေကို အရေးပေါ် ကာလအခြေအနေကို အကြောင်းပြပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံမှာပါတဲ့ နိုင်ငံသား‌တွေရဲ့ မူလအခွင့်အရေးတွေနဲ့ အားလုံးဆန့်ကျင်ပြီး ပြဋ္ဌာန်းထားတာကို တွေ့ရတယ်။ နိုင်ငံသားဆိုင်ရာ ပုဂ္ဂိုလ်ကလုံခြုံခွင့်၊လွတ်လပ်ခွင့်တွေဟာ ၇၀ရာခိုင်နှုန်း ဆုတ်ယုတ်နေပြီ၊ ဒါကို သူတို့အခု ကြိုးစားနေတဲ့ ဆိုက်ဘာလုံခြုံရေးဥပ‌ဒေသာ ထပ်ပြဋ္ဌာန်းရင် ၁၀၀ရာခိုင်နှုန်းလုံး ဆုံးရှုံးသွားပြီ။ ကောင်းတဲ့သဘောမရှိဘူး။" လို့ရှေ့နေတစ်ဦးကပြောပါတယ်။