တော်လှန်ရေးနယ်မြေတွေက စတားလင့်ခ် အင်တာနက်ကဖေးဆိုင်

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်က အင်တာနက် ကဖေးတချို့ မှာ ဗုံးခိုကျင်း ဝန်ဆောင်မှုပါ ရနေပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက နိုင်ငံတဝန်းက မြို့နယ် (၈၀) ကျော်ကို အင်တာနက်ဖြတ်တောက် ထားတာ သုံးနှစ်ဝန်းကျင်ရှိလာပြီးတဲ့နောက် တော်လှန်ရေးဒေသတွေမှာ အင်တာနက်ရဖို့ နည်းမျိုးစုံ အားထုတ်လာခဲ့ကြပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးလူသား အီလွန်မက် ရဲ့ အာကာသစူးစမ်းလေ့လာရေးကုမ္ပဏီ (SpaceX) ပိုင် စတားလင့်ခ် (Starlink) က အင်တာနက်ငတ်မွတ်နေတဲ့ အဲဒီဒေသတွေမှာ အားကိုးရာတစ်ခု ဖြစ်လာပါတယ်။

မြန်မာဟာ စတားလင့်ခ် အင်တာနက်တရားဝင်အသုံးပြုခွင့်ပေးထားတဲ့ နိုင်ငံမဟုတ်ပေမဲ့ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ကရင် နဲ့ ချင်းသာမက ရခိုင်အထိပါ စတားလင့်ခ်စက်ကို ခဲရာခဲဆစ်သယ်ယူသုံးစွဲနေပြီး အင်တာနက်ကဖေးဆိုင်တွေပါ ဖွင့်လှစ်လာနေပြီဖြစ်ပါတယ်။

အသက်ကို လောင်းကြေးထပ်ပြီး အင်တာနက်သုံးရ

စတားလင့်ခ်ကို ကမ္ဘာတဝန်းမှာ စီးပွားဖြစ် စတင်ဖြန့်ချိလာတာက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာပဲ ဖြစ်ပြီး မြန်မာမှာ အာဏာသိမ်းလိုက်ချိန်လည်း ဖြစ်ပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း နိုင်ငံပေါင်း ၁၀၀ တိတိသာ စတားလင့်ခ်တရားဝင်အသုံးပြုခွင့်ရသေးပြီး မြန်မာအပါအဝင် အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ လာအို၊ ဘင်္ဂလားဒေ့ရှ် နဲ့ ထိုင်းနိုင်ငံတွေမှာ အလုံးစုံ အသုံးပြုခွင့်မပြုထားသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၀ ရက်တုန်းက ကရင်နီပြည်နယ်မှာ စတားလင့်ခ် အသုံးပြုနိုင်ပြီ ဆိုတဲ့အကြောင်း Free Burma Rangers အဖွဲ့ခေါင်းဆောင် ဒေးဗစ်အွန်ဘက် ကလူမှုကွန်ရက်စာမျက်နှာက တဆင့်ထုတ်ပြောခဲ့ပါတယ်။

ဒါက မြန်မာပြည်မှာ တော်လှန်ရေးအဖွဲ့အစည်းနယ်မြေတွေထဲ စတားလင့်ခ် ကို ပထမဆုံး မြင်ရတာဖြစ်ပြီး တစ်နှစ်အတွင်း သိသိသာသာ အသုံးများလာပါတယ်။

ဒေးဗစ်ရဲ့ ဘီဘီစီကိုပြောပြချက်အရ FBR တစ်ခုတည်းကနေ ကရင်နီ နဲ့ ကရင် ပြည်နယ် နှစ်ခုအတွက် စတားလင့်ခ် အလုံး ၅၀ ကျော် ထောက်ပံ့ပေးထားပါပြီ။

FBR အဖွဲ့ဟာ မြန်မာနိုင်ငံအပြင် အီရတ်၊ ကာဒစ်စတန်နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း စစ်ပွဲတွေဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေအပေါ် လူသားချင်း စာနာမှုအထောက်အပံ့တွေပေးတာ၊ မိမိကိုယ်ကို ကာကွယ်နိုင်မယ့် သင်တန်းတွေပေးတာတွေကို လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်တယ်လို သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

“စစ်ကောင်စီက ဖုန်းလိုင်းရော အင်တာနက်ရောဖြတ်ထားပေမဲ့ စတားလင့်ခ်ရှိတယ်” လို့ ကိုရဲ က ပြောပြီး ဆက်သွယ်ရေး အတွက်အင်တာနက်တမျိုးတည်းကို အားထားနေရတဲ့အကြောင်း သူကပြောပါတယ်။

ကိုရဲက ၁၁၁၁ စစ်ဆင်‌ရေးကြောင့် ကယား (ကရင်နီ) ပြည်နယ်မြို့တော် လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်တိမ်းရှောင်လာသူပါ။

အစောပိုင်းကတည်းက စစ်တလင်းဖြစ်ခဲ့တဲ့ ဒီးမော့ဆို အနောက်ခြမ်းဟာ လက်ရှိမှာတော့တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီယန္တရားတွေမရှိတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

“အစတုန်းက ကျွန်တော်တို့ရှိတဲ့နေရာတွေကို စတားလင့်ခ်စက်တွေအလှည့်ကျလာရင် အင်တာနက်သုံးတယ်။ လပိုင်းလောက်မှာတင် ကဖေးဆိုင်တွေပေါ်လာတော့ ဆိုင်သွားသုံးတာပေါ့” လို့ သူက ပြောပါတယ်။

ကိုရဲက အနီးဆုံးအင်တာနက်ကဖေးဆိုင်ကိုသွားဖို့ တစ်နာရီနီးပါး ဆိုင်ကယ်မောင်း ရပါသေးတယ်။

တစ်နာရီကို တစ်ထောင်ပဲ ကုန်ကျပေမယ့် လူစုလူဝေးတွေ့ရင် ဗုံးကြဲလေ့ရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို သတိထားရလို့ အသက်ကို လောင်းကြေးထပ်ပြီး အင်တာနက် သုံးရတာပါ။

“တစ်နာရီစာငွေပေးသုံးတာလို့ပြောပေမဲ့ တစ်နာရီအပြည့်မသုံးရဲပါဘူး။ ၄၅ မိနစ်လောက်အတွင်းမှာပဲ အွန်လိုင်းကနေ အလုပ်လုပ်ပေးစရာရှိ မြန်မြန်လုပ်၊ မြန်မြန်ပြန်ပဲ” လို့ ကိုရဲက ရှင်းပြပါတယ်။

အညာက စတားလင့်ခ်

ကရင်နီတင်မကဘဲ စစ်ကောင်စီမကြာခဏလေကြောင်းတိုက်ခိုက်လေ့ရှိတဲ့ မကွေး၊ စစ်ကိုင်းတို့က ကျေးလက်ဒေသတွေမှာပါ စတားလင့်ခ် အင်တာနက်ကဖေးဆိုင်တွေဖွင့်နေပါပြီ။

ကောင်းကင်ပြာကို ကြည်ကြည်လင်လင်မြင်ရတဲ့နေရာမှာ စက်ကို မိုးပေါ်မျက်နှာမူထားပြီး ခလုတ်ဖွင့်လိုက် ရုံနဲ့ အင်တာနက်ရတဲ့ ကဖေးဆိုင်တွေမှာ တနေ့ကို လူဒါဇင်ချီလာရောက်အသုံးပြုပြီးစည်ကားနေပါတယ်။

အညာဓလေ့ ထန်းလက်မိုးထားတဲ့အောက်မှာ ဝါးပက်လက်ကုလားထိုင်တွေစီတန်းချထားတဲ့ဆိုင်ကိုရောက် ရင် တစ်နာရီစာ ငွေတစ်ထောင်ပေးတာနဲ့ အင်တာနက်အသုံးပြုဖို့ လျှို့ဝှက် (ပက်စဝေါ့) နံပါတ်ရမှာဖြစ်ပြီး ပါလာတဲ့လက်ကိုင်ဖုန်းနဲ့ ချိတ်ဆက်ပြီးတာနဲ့ အင်တာနက်စတင်သုံးနိုင်ပါပြီ။

လယ်ယာလုပ်ကိုင်တဲ့ မသီရိကတော့ “လယ်စိုက်ရင်သုံးမယ့်ပိုးသတ်ဆေးဘယ်လိုသုံးရမလဲရှာကြည့်တယ်” လို့ သူအင်တာနက်သုံးလေ့ရှိပုံကို ပြန်ပြောင်းပြောပြပါတယ်။

မသီရိနေရပ်လို လက်နက်ကိုင်ခုခံတော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာ ဂြိုဟ်တုတွေကနေလာတဲ့ နောက်ဆုံးပေါ်အင်တာနက်နဲ့ သတင်းအချက်အလက်ရှာဖွေရုံသာမက စစ်ကောင်စီစစ်ကြောင်းထိုးသွား လာတဲ့လမ်းကြောင်း၊ လေယာဉ်ပျံသန်းလာတဲ့အချက်အလက်တွေပါ ဖလှယ်ကြပါတယ်။

စစ်ပြေးလိုက် စားဝတ်နေရေးအတွက် လယ်ယာလုပ်ကိုင်လိုက် လည်ပတ်နေရတဲ့ဘဝမှာ အင်တာနက်ပြန်ရ လာလို့ သတင်းတွေနဲ့အဆက်မပြတ်တော့ဘူးလို့ မသီရိက ပြောပြပါတယ်။

မသီရိက သုံးရက်တစ်ခါလောက်သွားပြီး အင်တာနက်သုံးလေ့ရှိပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုအနောက်ခြမ်းကကျေးရွာတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြိမ်ကြိမ်စစ်ကြောင်းထိုးခံခဲ့ရတာကြောင့် နေအိမ်အများအပြားမီးလောင်ကျွမ်းထားပြီး ခက်ခက်ခဲခဲ ရှင်သန်ရပ်တည်နေကြရပါတယ်။

အဲဒီဒေသကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားပေမယ့် ဒီနှစ်ဆန်းပိုင်းကစလို့ စတားလင့်ခ်ရောက်လာတာဖြစ်ပါတယ်။

စစ်ဒဏ်ခံနေရတဲ့ အဲဒီနေရာတွေမှာ တစ်နာရီတစ်ထောင်ပေးရတဲ့ အင်တာနက်ကဖေးဆိုင်က ဘဝအမောတွေကိုပြေစေဖို့ တစ်ထောင့်တစ်နေရာက ကူညီပါတယ်။

“ကဖေးဆိုင်မှာ ဟိုရွာဒီရွာက သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံ စကားပြောဖြစ်တယ်။ ဘာတွေဖြစ်နေပြီလဲဆို တာလည်း သတင်းလေးဘာလေးဖတ်ဖြစ်တယ်” သူက ပြောပါတယ်။

မသီရိရော ကိုရဲပါ ပြောပြခဲ့တဲ့ အင်တာနက်ကဖေးဆိုင်တစ်ဆိုင်ဖြစ်လာဖို့ မြန်မာငွေ ကျပ်သိန်း ၂၀၀ အနည်းဆုံးရင်းနှီးမြှုပ်နှံရပါတယ်။

ဆိုင်ခန်းပြင်ဆင်စရိတ်၊ စတားလင့်ခ်စက်ဖိုး၊ လစဉ်အင်တာနက်ဖိုးသာမက သယ်ယူစရိတ် နဲ့ စက်အသုံးပြုနိုင်ဖို့ မီးရအောင် ဆိုလာပြားတွေကအစ လိုအပ်တာကြောင့်ပါ။

ဈေးကွက်ပေါက်ဈေးအရ စတားလင့်စက်တစ်လုံးကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၅၀ လောက်ရှိပြီး လစဉ်ကြေးက ဝယ်ယူတဲ့အမျိုးအစားအလိုက် ဒေါ်လာ ၂၀၀ ကစလို့ အမျိုးမျိုးကွဲပြားပါတယ်။

ဗုံးခိုကျင်းဝန်ဆောင်မှုပေးတဲ့ အင်တာနက်ကဖေးဆိုင်

စတားလင့်ခ် တရားဝင်ခွင့်မပြုထားတဲ့ မြန်မာက တော်လှန်ရေးနယ်မြေတွေကို စက်တစ်လုံးရောက် ဖို့အတွက်က ငွေကြေးလိုအပ်ချက်အပြင် လုံခြုံရေးကလည်း စိန်ခေါ်ချက်ကြီးမားပါတယ်။

စတားလင့်ခ် တရားဝင်ဝယ်ယူလို့ရတဲ့ နိုင်ငံတစ်နိုင်ငံမှာ အမည်ခံဝယ်ယူပေးသူကတဆင့် သင့်တော်တဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံကို ကနဦးပေးပို့ပါတယ်။ နယ်စပ်တွေကနေမှ စက်ကို အဆင့်ဆင့်သယ်ယူပြီး သက်ဆိုင်ရာဒေသကို ပို့ဆောင်ကြပါတယ်။

နယ်စပ်တွေကို ပို့တဲ့အချိန် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဖမ်းဆီးခံရတာတွေလည်း အခုနှစ်လယ်ပိုင်းမှာ ခပ်စိပ်စိပ်ကြုံတွေ့နေရပြီး အထူးသဖြင့် ထိုင်းမှာဆိုရင် စတားလင့်ခ်စက်တွေနဲ့အတူအဖမ်းခံရတဲ့ လူငယ်အချို့ တရားရင်ဆိုင်နေရဆဲလို့ မဲဆောက်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဒီတော့ နယ်စပ်နဲ့လည်းမနီး အလယ်ပိုင်းကုန်းပိတ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်းကို စတားလင့်ခ်စက်တစ်လုံး ရောက်လာချိန်မှာတော့ တန်ကြေးက သိန်းရာနဲ့ချီရှိလာသလို အဖိုးလည်းတန်ပါတယ်။

စတားလင့်ခ်စက်မြေပြင်ရောက်လာပေမဲ့ လိုအပ်တဲ့ လျှပ်စစ်မီးကို မရတဲ့အခါ ဆိုလာပြား၊ ဘတ္ထရီတွေ အသုံးပြုရပြန်ပါတယ်။

“သိန်း ၂၀၀ ရင်းနိုင်ဖို့ တစ်လကို ဆယ်သိန်းပြန်ဆပ်ပါမယ်ဆိုပြီး ဟိုလူ့ဆီကချေး ဒီလူ့ဆီကချေးနဲ့ ဝယ်ထားတာပါ။ ဖွင့်ထားတာက တစ်လပဲရှိတော့ အရင်းမကျေသေးဘူး” လို့ လို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက မြို့နယ်တစ်ခုမှာ ဖွင့်လှစ်ထားတဲ့ အင်တာနက် ကဖေးဆိုင်ပိုင်ရှင် ကိုဖေသန်း က တွက်ချက်ပြပါတယ်။

အကြွေးနဲ့ ဖွင့်လှစ်ထားတဲ့ အင်တာနက်က‌ဖေးဆိုင်ဟာ ရွာနားပတ်ဝန်းကျင်က ဒေသခံတွေအတွက် တိုင်းတပါးရောက်မိသားစုတွေနဲ့ ဆက်သွယ်ဖို့၊ သတင်းအချက်အလက်ရဖို့အပြင် ပညာရေးလေ့လာဖို့ အတွက်ပါ အထောက်အပံ့ဖြစ်လာပါတယ်။

“ကျွန်တော်တို့ဝယ်ထားတဲ့စတားလင့်ခ်က လူ လေးငါးဆယ်လောက်အထိ တပြိုင်နက်သုံးလို့ရတော့ တော်တော်များများလာသုံးကြတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကိုင်းမြေပြင်မှာလူစုလူဝေးလုပ်တိုင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ သာဓကတွေလည်းရှိတာကြောင့် ကဖေးဆိုင်လုံခြုံရေးအတွက် ဘယ်လိုစီစဉ်ထားလဲလို့ ဘီဘီစီက မေးခွန်းထုတ်ခဲ့ပါတယ်။

“ကျွန်တော့်ဆိုင်မှာ ဗုံးခိုကျင်းတူးထားပေးတယ်” လို့ ကိုဖေသန်းက ပြောပါတယ်။

ဒါပေမဲ့ တွင်ကျယ်လာတဲ့ အင်တာနက်ကဖေးဆိုင်တွေရဲ့ နောက်ဆက်တွဲမှာ စတားလင့်ခ်အေဂျင့်၊ ပွဲစားတွေ ရှိလာသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကလည်း အခွန်ကောက်ခံဖို့ကြိုးစားလာပါတယ်။

တစ်လဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်

စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်တာကနေ ထွက်ပေါက်အဖြစ် စတားလင့်ခ်အင်တာနက်ကို အစားထိုးသုံးလာပြီး အများစုက တော်လှန်ရေးအင်အားစုတွေ ဦးဆောင်ဝယ်ယူဖွင့်လှစ်တာပါ။

ဒေသခံတွေသတင်းအချက်အလက်ရရှိနိုင်ဖို့ အရေးပါသလို ဆိုင်ရဲ့ဝင်ငွေကနေ ‌တော်လှန်ရေးအင်အားစုတွေ အတွက် ထောက်ပို့အကူအညီလည်း ဖြစ်စေပါတယ်။

တချို့ဒေသတွေမှာဆို စီးပွားဖြစ်အင်တာနက်ကဖေးဆိုင်ဖွင့်ချင်ရင် စတားလင့်ခ်စက်တွေကို NUG ကတဆင့် မှာယူပြီး ကျသင့်ငွေကို အရစ်ကျပြန်ပေးနိုင်မယ့် ပုံစံအကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။

“လောလောဆယ်တော့ စီးပွားဖြစ်ဖွင့်ချင်သူတွေကို စက်မပေးနိုင်သေးဘူး။ စာရင်းယူထားတဲ့အခြေအနေ ပေါ့။ လက်ရှိ ကျွန်တော်တို့ကို အစိုးရ (NUG) က ချပေးထားတဲ့ စက်တွေနဲ့ပဲ ဆိုင်ဖွင့်ထားတာများပါတယ်” လို့ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇွန်လထဲမှာတော့ အင်တာနက်ကဖေးဆိုင်ဖွင့်လှစ်မယ့်သူတွေနဲ့ ပတ်သက်လို့ ညွှန်ကြားချက်အသစ်တစ်ခု စစ်ကိုင်းတိုင်းမှာထွက်ပေါ်လာပါတယ်။

“အခုလ ၅ ရက်နေ့လောက်ကပဲ မိုဆစ် (MOCIT) ရဲ့ မြို့နယ်ကိုယ်စားလှယ်က စာတစ်စောင်လာပေးပြီး လက်ခံ၊ မခံပြန်ပြောခိုင်းတယ်” လို့ ကိုဖေသန်းက သူလက်ခံရရှိခဲ့တဲ့ NUG ရဲ့ ဆက်သွယ်ရေး၊ သတင်းအချက် အလက်နဲ့ နည်းပညာဝန်ကြီးဌာနရဲ့ ညွှန်ကြားစာကို ရည်ညွှန်းပြောပါတယ်။

ဘီဘီစီ ဖတ်ရှုခွင့်ရတဲ့ ကန့်သတ်စာနှစ်စောင်ဟာ အင်တာနက်ဆိုင်ဖွင့်ခွင့်လိုင်စင်လျှောက်ထားဖို့နဲ့ ဆိုင်တွေက လိုက်နာရမယ့်အချက်တွေကို ဖော်ပြထားပါတယ်။

အင်တာနက်ဆိုင်ဖွင့်ခွင့်လျှောက်ထားမယ်ဆိုရင် ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်ကိုအဓိကလိုက်နာဖို့ပါရှိပြီး မှတ်ပုံတင်ကြေး ကျပ်ငါးသိန်းအရင်ပေးဆောင်ရမှာဖြစ်သလို လစဉ်ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ငွေကျပ် ၆ သိန်းပေးသွင်းဖို့ ညွှန်ကြားထားပါတယ်။

ဒီလိုလစဉ်ငွေသွင်းရာမှာလည်း ဒီရွေးချယ်စရာနှစ်မျိုးထဲက ပမာဏများတာကို လဆန်း (၁၀) ရက်နေ့ထက် နောက်မကျဘဲပေးရမှာပါ။

“လတိုင်းသိန်းဆယ်နဲ့ချီအကြွေးပေးနေရတာနဲ့ ဒီလိုအခွန်ပါပေးရမှာဆိုရင် ဘာမှအမြတ်မကျန်ဘူး” လို့ ကိုဖေသန်းက ပြောပါတယ်။

ဖွင့်လှစ်ထားပြီးသားအင်တာနက်ဆိုင်တွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က လုံခြုံရေးအရ လိုအပ်တာ ကြောင့်ဆိုပြီး စစ်ဆေးရင် ခြွင်းချက်မရှိခွင့်ပြုရမှာဖြစ်သလို သက်ဆိုင်ရာမြို့နယ်က ထုတ်ပြန်တဲ့လမ်းညွှန် ချက်တွေကိုလိုက်နာရမယ်လို့ ဆိုပါတယ်။

ဒါဟာ NUG နယ်မြေစိုးမိုးနိုင်တဲ့ စစ်ကိုင်း၊ မကွေးဒေသတွေမှာ ထုတ်ပြန်တာလို့သိရပြီး ကရင်နီ နဲ့ ချင်း လို တခြားဒေသတွေမှာတော့ ဒီလိုစည်းကမ်းထုတ်ပြန်ထားတာမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“သူတို့ကိုအခွန်ဆောင်ပြီဆိုရင် စတားလင့်ခ်ဝယ်ဖို့ မှာပေးမှာလား၊ နည်းပညာပိုင်းဆိုင်ရာအကူအညီပေးမှာလား ဒါမှမဟုတ် လျှပ်စစ်မီးရအောင်လုပ်ပေးမှာလား၊ စစ်ကြောင်းထိုးလာရင် လုံခြုံရေးတာဝန်ယူ‌ပေးမှာလား၊ ဘယ်လိုအကာအကွယ်ပြန်ရမှာလဲ” လို့ ကိုဖေသန်းက ဘီဘီစီကို ပြောပါတယ်။

ကိုယ်ပိုင်အစီအစဉ်နဲ့ ချိတ်ဆက်ပြီး စတားလင့်ခ်ဝယ်ယူထားရတဲ့ ဆိုင်ရှင်တွေအတွက်တော့ ဒီလိုညွှန်ကြားချက်က အကျပ်ရိုက်စေတယ်လို့ သူကဆက်ပြောပါတယ်။

အခွန်ကောက်ခံရတဲ့အကြောင်း နဲ့ အခွန်ငွေကို ဘယ်လိုစီးဆင်းမှာလဲဆိုတာ အပါအဝင် အင်တာနက် ကဖေးဆိုင်တွေနဲ့ပတ်သက်လို့ NUG ရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ဖြေကြားပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

စတားလင့်ခ်လိုအပ်ချက်တွေကြောင့် တစ်ဆင့်ခံဝယ်ယူပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်း နဲ့ ပွဲစားတွေလည်း ပေါ်ပေါက်နေပြီး မြန်မာကိုစတားလင့်ခ်ရောက်တဲ့ တစ်နှစ်အတွင်း သိန်းဆယ်ဂဏန်းအထိ ဈေးမြင့်တက်လာပါတယ်။

“အညာမှာအစက ဈေးနဲ့ အခုက သိန်း ၃၀၊ ၄၀ ဟနေပြီ။ ပွဲစားတွေဆိုတာလည်း မြေပြင်မှာခြေချင်းလိမ်နေ တာပဲ” လို့ ကိုဖေသန်းက ပြောပါတယ်။

ခဲရာခဲဆစ်သယ်ယူအသုံးပြုရတဲ့ စတားလင့် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဟာ Generation 1 ကနေ 3 အထိ မျိုးဆက်သစ်တွေ ထွက်လာနေပါတယ်။

ကမ္ဘာလုံးဆိုင်ရာ Global နဲ့ ဒေသတွင်းဆိုင်ရာ Regional အမျိုးအစားတွေ ကြား နည်းပညာစိန်ခေါ်ချက်တွေလည်း ရင်ဆိုင်ရပြန်ပါတယ်။

စတားလင့်ခ်၊ မြန်မာ့အိမ်နီးချင်း နဲ့ နည်းပညာ

အနိမ့်ပိုင်း ကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲမှာရှိနေတဲ့ ဂြိုဟ်တုတွေကိုအသုံးပြုထားတဲ့ စတားလင့်ခ် အင်တာနက်ဟာ ကေဘယ်အင်တာနက်၊ ဝိုင်ဖိုင်ရရှိဖို့ ခဲယဉ်းတဲ့နေရာတွေမှာ ကျန်းမာရေး၊ ပညာရေးအဆက်မပြတ်ဖို့ ရည်ရွယ်ခဲ့ပြီး စီးပွားဖြစ်လည်း ဖြန့်ဖြူးနေတာ ဖြစ်ပါတယ်။

ကမ္ဘာကျော်သူဌေးကြီး အီလွန်မက် ကတော့ တကမ္ဘာလုံးကို ဂြိုဟ်တုဆက်သွယ်ရေးစနစ်လွှမ်းခြုံနိုင်ဖို့ အနိမ့်ပိုင်းကမ္ဘာ့ဂြိုဟ်ပတ်လမ်းထဲ ဂြိုလ်တုပေါင်း ၄ သောင်း ၂ ထောင်လွှတ်တင်ဖို့ ရည်ရွယ်ထားပါတယ်။

ဒီနေရာမှာ ပထဝီဝင်နိုင်ငံရေးအမြင်တွေပေါင်းစပ်လာပြီး စတားလင့်ခ်ရဲ့ နောက်ကွယ်ကနေ အမေရိကန် ပါဝင်လာမှာကို စိုးရိမ်ချက်ရှိတဲ့ တရုတ်က စတားလင့်ခ် အင်တာနက်ကို မလိုလားပါဘူး။

အိန္ဒိယမှာ ဆိုရင်လည်း နိုင်ငံပိုင်ဆက်သွယ်ရေးကွန်ရက်အောက်မှာပဲ စတားလင့်ခ်ကို ထားရမယ်ဆိုတဲ့ အချက်ကြောင့် ညှိုနှိုင်းမရတဲ့ အခြေအနေပါ။

ဒီလိုအခြေအနေတွေကြောင့် တရုတ် - မြန်မာ၊ အိန္ဒိယ - မြန်မာ နယ်စပ်တွေမှာ စတားလင့်ခ် အသုံးပြုလို့ မရဘဲ ဘယ်လိုကန့်သတ်တားမြစ်ထားတာလဲဆိုတာတော့ တိတိကျကျမသိရှိနိုင်ဘူးလို့ နည်းပညာ ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ လာအို နဲ့ ထိုင်းနိုင်ငံတွေကတော့ စတားလင့်ခ် မကြာခင်ရောက်လာနိုင်မယ့် coming soon အဆင့်လို့ စတားလင့်ခ်ရဲ့ တရားဝင်ဝဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာတော့ အခုနှစ်အစောပိုင်းမှာမှ ရေကြောင်းဆိုင်ရာအစီအစဉ်တစ်ခုအတွက် စတားလင့်ခ်ကို ၆ လတာ အသုံးပြုခွင့်ပေးထားပြီး အများပြည်သူအသုံးပြုဖို့ တားမြစ်ထားပါတယ်။

ဒီတော့ မြန်မာမှာ စတားလင့်ခ် ဘယ်လိုသုံးနေလဲလို့ ဘီဘီစီက စုံစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ “တရားဝင်ရောင်းပေးတဲ့နိုင်ငံတွေကတဆင့်ဝယ်ယူရတယ်၊ တရားဝင်ခွင့်မပြုထားတဲ့နိုင်ငံတွေမှာ Mobile Global Plan နဲ့ စတားလင့်ခ်ဝဘ်ဆိုဒ်မှာတင် ကိုယ်တိုင်ဘေဆောင်လို့ရတယ်” လို့ နည်းပညာကျွမ်းကျင်သူ တစ်ဦး က ပြောပြပါတယ်။

စတားလင့်ခ် ချိတ်ဆက်ဖို့ကရိုးရှင်းပြီး သူ့ရဲ့ စက်တစ်ခုသာလိုအပ်ပါတယ်။ ပြီးရင် စက်မှာပါတဲ့ နံပါတ် (KIT) နဲ့ ဝယ်ယူထားတဲ့စက်က အကောင့်ဝင်ထားတာရှိမရှိစစ်ဆေးပြီးရင် အသက်သွင်း (activation) လုပ် အသုံးပြုလို့ရပါပြီ။

ဆိုလိုတာက စတားလင့်ခ် ဝယ်ယူလို့ရတဲ့နိုင်ငံကနေ စက်ကိုဝယ်ယူရုံနဲ့ မြန်မာမှာ စက်ကိုအသုံးပြုပြီး လွယ်လွယ်ကူကူ အင်တာနက်သုံးလို့ရပါတယ်။

ဒါ့အပြင် လစဉ်ကြေးဆောင်ဖို့အတွက်လည်း ဝယ်ယူထားတဲ့နိုင်ငံက ဘဏ်အကောင့်ရှိထားသူရဲ့ ဘဏ်ကတ်နဲ့ပဲ ငွေပေးချေနိုင်ပါတယ်။

ဒီတော့ စက်ဝယ်ယူရေးကအစ မြေပြင်မှာစတားလင့်ခ်သုံးနိုင်ဖို့သယ်ယူရေးတွေအထိ အာဏာသိမ်းမှုကို လက်သင့်မခံတဲ့ မြန်မာတွေရဲ့ အဆင့်ဆင့်ပူးပေါင်းဆောင်ရွက်တဲ့အနေအထားကို တွေ့နိုင်ပါတယ်။

စတားလင့်ခ်ကုမ္ပဏီက တရားဝင်သုံးခွင့်မပေးသေးတဲ့ မြန်မာကနေ အင်တာနက်ချိတ်ဆက်သုံးရင် ကုမ္ပဏီက တစုံတရာအရေးယူနိုင်လားဆိုတဲ့ မေးခွန်းတွေလည်းရှိနေပါတယ်။

“ကျွန်တော်တို့မှာ အတွေ့အကြုံရှိထားပါတယ်။ ကုမ္ပဏီဘက်က သူတို့ပေါ်လစီနဲ့ ငြိတာမျိုး၊ သံသယရှိတာ မျိုးဆို စက်တွေကိုလုံးဝပိတ်ပစ်တာမျိုးလုပ်နိုင်ပါတယ်” လို့ စတားလင့်ခ် အင်တာနက်အကြောင်းနားလည်တဲ့ လူငယ်နည်းပညာသမားတစ်ဦးက ရှင်းပြပါတယ်။

စတားလင့်ခ်ရဲ့ စက်တွေဟာ Generation 1၊ 2 နဲ့ 3 အထိ Hardware ဆိုင်ရာ အသစ်ထည့်သွင်းထားတဲ့မျိုးဆက် သစ်တွေထုတ်ထားပြီး အင်တာနက်အမျိုးအစားကလည်း တကမ္ဘာလုံးသုံး Global နဲ့ ဒေသတွင်းသုံး Regional ဆိုပြီးရှိပါတယ်။

Global ဆိုတဲ့အတိုင်း တကမ္ဘာလုံးမှာသုံးလို့ရပြီး Regional ကတော့ စတားလင့်ခ် က တရားဝင်အသုံးပြုခွင့်ပေး ထားတဲ့နိုင်ငံတိုင်းမှာ စက်ကိုရွှေ့ပြောင်းသယ်ယူပြီးအသုံးပြုလို့ရပါတယ်။

“စတားလင့်ကလည်း Regional ကို တရားဝင်သုံးခွင့်မပေးထားတဲ့နိုင်ငံမှာသုံးလို့ရတယ်ဆိုတာမျိုး သူတို့ဘက်ကထုတ်ပြောထားတာမျိုးမတွေ့ရဘူး။ ပြည်တွင်းမှာ Regional သုံးလို့ရတယ်ပြောကြတယ်” လို့ နည်းပညာကျွမ်းကျင်သူကရှင်းပြပါတယ်။

ဒါပေမဲ့ မြန်မာမှာ စတားလင့် Regional ဘာကြောင့်အသုံးပြုလို့ရလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိကြတာ ကြောင့် “ကျွန်တော်တို့ကတော့ Mobile Global ကိုပဲ ရွေးချယ်ဖို့ အကြံပေးဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ကဖေးဆိုင်ပိုင်ရှင် ကိုဖေသန်းကတော့ “ကျွန်တော်တို့ Regional ပဲသုံးတယ်။ ဈေးသက်သာတယ်လေ” လို့ သူအသုံးပြုတဲ့အမျိုးအစားအကြောင်းပြောပါတယ်။

ဒီလိုနောက်ဆုံးပေါ် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို ရုရှားနဲ့စစ်ပွဲဖြစ်ပွားနေတဲ့ ယူကရိန်းမှာအသုံးပြုခွင့် ပေးသလို မြန်မာကိုတရားဝင်သုံးခွင့်ပေးဖို့ တော်လှန်ရေးအစုအဖွဲ့တွေက တောက်လျှောက်တောင်းဆိုနေကြ ပေမဲ့ တစုံတရာ ထူးခြားတဲ့အခြေအနေမတွေ့ရသေးပါဘူး။

အညာ နဲ့ ကရင်နီမှာနေထိုင်တဲ့ လူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အတွက် အင်တာနက် လိုအပ်တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

“တော်လှန်ရေးအင်အားစုတွေအတွက်ဆိုတာထက် မြန်မာပြည်အလယ်ပိုင်းကစစ်ဘေးဒဏ်ခံရတဲ့ပြည်သူ တွေအတွက် အီလွန်မက်အနေနဲ့လုပ်ပေးသင့်တယ်လို့ယူဆတယ်” လို့ ကိုဖေသန်းက ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ကို ပိတ်ပင်တားဆီးနေတဲ့ စစ်ကောင်စီက အခုလိုတော်လှန်‌ရေးနယ်မြေတွေမှာအရေးပါလာတဲ့စတားလင့်ခ်ကိုရော ပိတ်လာနိုင်မလားဆိုတာက နောက်ထပ်မေးခွန်းတစ်ခုဖြစ်လာပါတယ်။

စတားလင့်ခ် ကို စစ်ကောင်စီ ပိတ်လို့ရလား

ဒီးမော့ဆိုအနောက်ခြမ်းမှာ စတားလင့်ခ်အင်တာနက်အသုံးပြုခဲ့တဲ့ ကိုရဲတစ်ယောက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ကိုရောက်တဲ့အခါ VPN ခံပြီး အင်တာနက်သုံးနေရပါတယ်။

“စတားလင့်ခ်က လိုင်းအတော်ကောင်းတယ်ဗျ။ အခုက ဘယ် VPN နဲ့ အဆင်ပြေမလဲချိတ်နေရတာလေ” အလုပ်ရှာဖို့ တောင်ကြီးကို ရောက်နေတဲ့ ကိုရဲက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းချိန်က တစ်နိုင်ငံလုံးအင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။ အာဏာသိမ်းပြီးချိန်မှာလည်း တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေကို ဖုန်းနဲ့ အင်တာနက်ဖြတ်တောက်ခဲ့သလို အွန်လိုင်းဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာစာမျက်နှာ အချို့ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

မြန်မာ့လူဦးရေရဲ့ အင်တာနက်အသုံးပြုသူ ၅ ပုံမှာ ၄ ပုံကတော့ VPN ကို နေ့စဥ်သုံးစွဲနေရတယ်လို့ ဒစ်ဂျစ်တယ်သုံးစွဲမှုအခွင့်အရေးဆိုင်ရာ လှုပ်ရှားသူတွေက ထောက်ပြထားပါတယ်။

ပြည်တွင်းက ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ အင်တာနက်ဆာဗာကိုဖြတ်သန်းတာမျိုးမဟုတ်လို့ VPN ခံစရာမလိုသလို Space X ကုမ္ပဏီဘက်က ပူးပေါင်းဆောင်ရွက်တာမရှိရင် စတားလင့်ခ် အင်တာနက်ကို ပိတ်လို့မရပါဘူး။

စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်မှု နဲ့ လူမှုကွန်ရက်ပိတ်ပင်မှုတွေမှာ စတားလင့်ခ်က ချွင်းချက်တစ်ခုဖြစ်လာပါတယ်။