ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီလွန်မတ်က ယူကရိန်းကို စတားလင့်ခ်ဂြိုဟ်တုစနစ် ဘယ်လိုသုံးခွင့် ပေးနေသလဲ
ယူကရိန်းအစိုးရဟာ အီလွန်မတ်ပိုင်တဲ့ SpaceX ကုမ္ပဏီရဲ့ စတားလင့်ခ်ဂြိုဟ်တုစနစ်ကို အသုံးပြုပြီး မောင်းသူမဲ့ ဒရုန်းလေယာဥ်တွေကို ထိန်းကျောင်းနေတယ်လို့ သတင်းတွေ ထွက်လာအပြီးမှာ ယူကရိန်းက အခုလို စစ်ရေးရည်ရွယ်ချက်နဲ့ မသုံးနိုင်တော့အောင် SpaceX က ကန့်သတ်လိုက်ပြီ ဖြစ်ပါတယ်။
SpaceX ဟာ ယူကရိန်းစစ်တပ်ကို ဆက်သွယ်ရေးအတွက် စတားလင့်ခ် ကို အသုံးပြုခွင့် ဆက်ပေးမှာ ဖြစ်ပေမယ့် စစ်ရေးထိုးစစ်ဆင်တဲ့ နေရာတွေမှာ ပိတ်ပင်မှာဖြစ်ပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။
SpaceX ကုမ္ပဏီဟာ အစပိုင်းမှာ သူတို့ရဲ့ စတားလင့်ခ်ဂြိုဟ်တုစနစ်ကနေ အင်တာနက်သုံးနိုင်ဖို့အတွက် ယူကရိန်းကို ၁၅၀ဝ၀ လောက် အရေအတွက်ရှိတဲ့ ဂြိုဟ်တုချိတ် စလောင်းဗန်း(ပန်း)တွေ ပေးထားခဲ့တာ ဖြစ်ပါတယ်။
အခုလို ပေးအပ်ခဲ့တဲ့ ဂြိုဟ်တုချိတ် စလောင်းပြားတွေကို စတားလင့်ခ်က ချည်းပဲ တာဝန်ယူ ထောက်ပံ့တာ မဟုတ်ဘဲ နိုင်ငံတကာ အစိုးရတချို့က ထောက်ပံ့ထားတာလည်း ရှိတယ်လို့ ဆိုပါတယ်။
SpaceX က ယူကရိန်းကို စတားလင့်ခ်အသုံးပြုပုံ ကန့်သတ်လိုက်တာနဲ့ ပတ်သက်လို့ ယူကရိန်းအစိုးရပိုင်းဘက်ကတော့ SpaceX ကုမ္ပဏီဟာ သူတို့ ဘယ်ဘက်က ရပ်တည်မယ်ဆိုတာကို အစကတည်းက ရွေးထားရမှာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
SpaceX ဥက္ကဋ္ဌ ဂွင်းရှော့ဝယ်ကတော့ စတားလင့်ခ် ရဲ့ နည်းပညာဟာ ဘယ်တုန်းကမှ လက်နက်အနေနဲ့ အသုံးချဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရှင်းလင်းပြောဆိုထားခဲ့ပါတယ်။
စတားလင့်ခ် က ယူကရိန်းပြည်တွင်း အဓိက ဆက်သွယ်ရေး အူကြောင်းကြီးဖြစ်နေရာမှာ တာဝေး မောင်းသူမဲ့လေယာဉ် တိုက်ခိုက်ဖို့တော့ အသုံးပြုခွင့် မပေးနိုင်တဲ့ အခြေအနေ ရှိနေကြောင်း အီလွန်မတ် ကိုယ်တိုင်ကလည်း တွစ်တာမှာ ပြောဆိုထားခဲ့ပါတယ်။
ယူကရိန်းဟာ မောင်းသူမဲ့လေယာဉ်တွေကို အသုံးပြုပြီး ရုရှားစစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ထောက်လှမ်း ဗုံးချတာနဲ့ ရုရှားဘက်က မောင်းသူမဲ့ လေယာဉ်အသုံးပြုတာတွေကို တန်ပြန်နေတာလည်း ဖြစ်ပါတယ်။
စတားလင့်ခ်ကွန်ရက်ကို ယူကရိန်းက ဘယ်လို သုံးရတာလဲ
စတားလင့်ခ် ကွန်ရက်ကို ပြုပြင်ထိန်းသိမ်း မောင်းနှင်နိုင်ဖို့အတွက် တလကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျတယ်လို့ အီလွန်မတ်က ပြောဆိုထားပြီး ယူကရိန်းမှာ အင်တာနက်ရနေဖို့အတွက် စတားလင့်ခ် က အမေရိကန်ဒေါ်လာ သန်း ၈၀ သုံးထားခဲ့ပြီးဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ သူက ပြောဆိုထားခဲ့ဖူးပါတယ်။
ဒီ ကွန်ရက်ကို ယူကေမှာ နေထိုင်သူတဦးက အသုံးပြုချင်တယ် ဆိုရင် စတားလင့်ခ် ဂြိုဟ်တုချိတ် စလောင်းပြားကို ပေါင်စတာလင်ငွေ ၄၉၅ ပေး ဝယ်ယူရမှာဖြစ်ပြီး တလကိုလည်း ၈၉ ပေါင် ကုန်ကျမယ်လို့ ဆိုပါတယ်။
ယူကရိန်းဟာ ဒီ စတားလင့်ခ် ကွန်ရက်ကို အသုံးပြုဖို့အတွက် ဂြိုဟ်တုချိတ် စလောင်းပြားတွေကို ခလုတ်ဖွင့်ဖို့သာ လိုအပ်ပြီး ဒီလိုဖွင့်လိုက်တာနဲ့ ၁၅ မိနစ်လောက် အတွင်း ဒီစလောင်းပြားက အနီးဆုံး စတားလင့်ခ် ရဲ့ ဂြိုဟ်တုတခုနဲ့ အလိုအလျောက် ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။
အခုလို ချိတ်မိဖို့အတွက် ကောင်းကင်ရှင်းလင်းနေဖို့နဲ့ အပင်တွေနဲ့ တခြားအရံအတားတွေ မရှိဖို့ လိုအပ်ပြီး အထူးသဖြင့် ယူကရိန်းက အသုံးပြုသူတွေ အနေနဲ့ ရုရှားတပ်တွေ မမြင်ရအောင် သုံးဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
စတားလင့်ခ် ကွန်ရက်မှာ အခုလို ဂြိုဟ်တုငယ်တွေ အလုံး ၂၀ဝ၀ ကျော် ပါဝင်ပြီး ကမ္ဘာကို လည်ပတ်နေကြတာပါ။
အခုလို ချိတ်မိသွားတဲ့ ဂြိုဟ်တုက အနီးဆုံး မြေပြင်မှာရှိတဲ့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ စနစ်နဲ့ ပြန်လည် ချိတ်ဆက်ပေးခြင်းအားဖြင့် ယူကရိန်းမှာ အင်တာနက် ရသွားစေတာ ဖြစ်ပါတယ်။
အခုလို အနီးဆုံး မြေပြင်မှာရှိတဲ့ အင်တာနက်ဝန်ဆောင်မှု စနစ်တခုကို ပြန်ချိတ်ဖို့အတွက် ယူကရိန်းက အိမ်နီးချင်း ပိုလန်မှာရှိတဲ့ အင်တာနက် ဝန်ဆောင်မှု စနစ်ကို အားကိုးရပါတယ်။
စတားလင့်ခ်ကို ယူကရိန်းသုံးရတာ ဘယ်လောက် စိတ်ချရသလဲ
ရုရှားဘက်ကလည်း စတားလင့်ခ် ချိတ်ဆက်တဲ့ ကြိုးမဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပြန်လည် နှောင့်ယှက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိနေပါတယ်။
အီလွန်မတ် ကိုယ်တိုင်ကလည်း သူတို့ စတားလင့်ခ် ကွန်ရက်ကို ဆိုက်ဘာတိုက်ခိုက်မှုတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်း နှောက်ယှက်မှုတွေရှိတာကို ကာကွယ်ရကြောင်း ပြောဆိုထားခဲ့ဖူးပါတယ်။
ရုရှားဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို စတင် ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း မကြာခင်မှာပဲ ယူကရိန်းပြည်တွင်း လူမှုကွန်ရက် စာမျက်နှာတွေ အသုံးပြုမှု အပါအဝင် အင်တာနက် ဝန်ဆောင်မှုတွေကို ပိတ်ပင်လိုက်တဲ့အတွက် အီလွန်မတ်က သူတို့ရဲ့ စတားလင့်ခ် ဂြိုဟ်တုစနစ်သုံး အင်တာနက် ဝန်ဆောင်မှုတွေကို ယူကရိန်းမှာ သုံးခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။
ရုရှားဘက်က အခုလို ဂြိုဟ်တုဆက်သွယ်ရေး လမ်းကြောင်း အသုံးပြုသူတွေရဲ့ တည်နေရာကို ထောက်လှမ်းပြီး ပစ်မှတ်ထား တိုက်ခိုက်တာမျိုး လုပ်နိုင်တယ်လို့ သတိပေးတဲ့ သုတေသီတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ရုရှားက ထိန်းချုပ်မိထားပြီးဖြစ်တဲ့ နယ်မြေအတွင်းမှာ ဒီဂြိုဟ်တုချိတ် စလောင်းပြားတွေ လက်ဝယ်မိသွားမယ်ဆိုရင်လည်း သုံးနေသူတွေ အန္တရာယ် ကျရောက်နိုင်ပါတယ်။
စတားလင့်ခ် ကို အီလွန်မတ်က ဘယ်လို မူလရည်ရွယ်ရင်းနဲ့ ထူထောင်ခဲ့တာလဲ
စတားလင့်ခ် ဂြိုဟ်တုကွန်ရက်သုံး အင်တာနက် ဝန်ဆောင်မှုကို ဝေးလံခေါင်ဖျားတဲ့ သဲကန္တာရနဲ့ တောင်ပေါ်ဒေသတွေကလို လူတွေအတွက် အင်တာနက်ဝန်ဆောင်မှု ရအောင် ရည်ရွယ်ထူထောင်ခဲ့တာလို့ ဆိုပါတယ်။
ဒီကွန်ရက်အတွင်းက ဂြိုဟ်တုတွေကို မြေပြင်နဲ့ မြန်မြန် ဆက်သွယ်နိုင်အောင် ကမ္ဘာပတ်လမ်း အနိမ့်မှာ ထားရှိ လည်ပတ်နေအောင်လည်း စီမံထားပါတယ်။
ဒီကွန်ရက်ကို တကမ္ဘာလုံးက အသုံးပြုနိုင်အောင် လွှမ်းခြုံထားရှိဖို့အတွက် ဂြိုဟ်တုငယ် တသောင်းကျော် လိုအပ်မှာဖြစ်ပေမယ့် ၂၀ဝ၀ ကျော်သာ လွှတ်တင်ရပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လ စာရင်းအရ စတားလင့်ခ် ကို ဝယ်ယူ အသုံးပြုနေတဲ့ အကောင့် ၄၀ဝ,၀ဝ၀ လောက်က နိုင်ငံ ၃၆ နိုင်ငံလောက်မှာ ဖြန့်ကြက်တည်ရှိနေပြီး မြောက်အမေရိက၊ ဥရောပ၊ သြစတြေးလျအနီးအနားက အာရှဒေသ တဝိုက်က နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စတားလင့်ခ် ကို အင်တာနက် ရရှိမှုနည်းတဲ့ အာဖရိက၊ တောင်အမေရိကနဲ့ အာရှဒေသအတွင်းမှာ ပိုမိုဖြန့်ကြက်ဖို့ ရှိနေပြီး အထူးသဖြင့် ကျောင်းတွေနဲ့ ဆေးရုံတွေအတွက် အရေးပါမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။