တွစ်တာဘလူးမာ့ခ် ရောင်းပြီးမှ ပြန်ပြောင်းလိုက်ရတဲ့ အီလွန်မာ့စ်ခ်

ဘီလျံနာ သူဌေး အီလွန်မာ့စ်ခ်က ဝယ်ယူလိုက်တဲ့ တွစ်တာဟာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဘလူးမာ့ခ် တပ်ပေးမှု ဝယ်လို့ရအောင် ခွင့်ပြုတာကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

လူပုဂ္ဂိုလ် ဒါမှမဟုတ် အဖွဲ့အစည်းကုမ္ပဏီတခုခု တရားဝင်မှန်ကန်ကြောင်း သဘောသက်ရောက်တဲ့ အပြာရောင်အမှန်ခြစ် ဘလူးမာ့ခ်တပ်မှုကို တွစ်တာက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့မှာ တလ ၈ ဒေါ်လာနဲ့ ပေးဝယ်ခွင့် ပြုထားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရုပ်သိမ်းမှုကို တွစ်တာကုမ္ပဏီက နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာခဲ့တာပါ။ အခုလို ဘလူးမာ့ခ်ကို ငွေပေး ဝယ်ယူမှုကို လူပုဂ္ဂိုလ်တွေသာမက နာမည်ကြီး အမှတ်တံဆိပ်တွေကိုပါ တုပတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်လာခဲ့တဲ့နောက် အရှုပ်အရှင်းတွေလည်း ရှိလာအပြီးမှာ အခုလို ရုပ်သိမ်းလိုက်ရတာလည်း ဖြစ်ပါတယ်။

တွစ်တာဟာ အခုလို ဘလူးမာ့ခ် တပ်ပေးမှုကို ယခင်က အခမဲ့ စိစစ် အတည်ပြုပေးခဲ့ပြီး အကောင့်တု ကာကွယ်ရေးအတွက် လုပ်ခဲ့တာဖြစ်ပေမယ့် အခုလို လစဉ်ကြေးနဲ့ ဘလူးမာ့ခ် ဝယ်ယူနိုင်မှုကြောင့်ပဲ အကောင့်တု ပြဿနာတွေ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

တွစ်တာပိုင်ရှင် အီလွန်မာ့စ်ခ်က တွစ်တာမှာ သတင်းမှား ပျံ့နှံ့မှုတွေကို ဘယ်လို သက်ရောက်မှုရှိနိုင်မလဲ ဆိုတာ စိုးရိမ်မှုတွေ ရှိနေတဲ့အချိန်မှာ အခုလို ပေါ်လာတဲ့ ပြဿနာကြောင့် လူအများ ပိုပြီး စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။

တရားဝင်ယောင်ဆောင်တဲ့ အကောင့်တု ပြဿနာကြောင့် တွစ်တာကို ဘယ်လိုထိခိုက်နေသလဲ

တရားဝင်သယောင် ဘလူးမာ့ခ်နဲ့ အကောင့်တုတွေကြောင့် ကမောက်ကမတွေ ဖြစ်လာအပြီးမှာ နာမည်ကြီး အမှတ်တံဆိပ်တွေနဲ့ အရောင်းမြှင့်တင်ရေး ကုမ္ပဏီတွေက တွစ်တာနဲ့ အနာဂတ်ကို စိုးရိမ်လို့ တွစ်တာမှာ ငွေသုံးကြော်ငြာမှုတွေ ဆိုင်းငံ့ထားလိုက်ပြီလည်း ဖြစ်ပါတယ်။

အခုလို ဆိုင်းငံ့မှုကြောင့် နဂိုကတည်းက ဒစ်ဂျစ်တယ်ကြော်ငြာနဲ့ ဝင်ငွေရရှိမှု နည်းလာတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီးသား တွစ်တာအတွက် ပြဿနာ ထပ်တိုးသွားခဲ့ရပါတယ်။

အမေရိကန်အခြေစိုက် အများပြည်သူနှင့်ဆက်ဆံရေးဆိုင်ရာ နည်းဗျူဟာသမား ဖြစ်သူ မက်စ် ဘန်းစ်ကလည်း တချို့အကောင့်တုတွေဟာ လေကြောင်းလိုင်းတွေ အယောင်ဆောင်ပြီး လေကြောင်းလိုင်းအစစ်တွေကို ဆက်သွယ်ဖို့ ကြိုးစားသူတွေကို တုံ့ပြန်ပြောဆိုနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

အခုလို အကောင့်တုတွေဟာ လေယာဉ်ခရီးသည်တွေရဲ့ လက်မှတ်အချက်အလက်တွေကို ရယူပြီး ခရီးစဉ် ဖျက်သိမ်းတဲ့ နောက်ပြောင်မှုမျိုးကစလို့ အကြွေးဝယ်ကတ်ပြား ခရက်ဒစ်ကတ် အချက်အလက်တွေ ရယူပြီး သုံးပစ်တာမျိုးအထိ ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။

အီလွန်မာ့စ်ခ်ရဲ့ တွစ်တာဝယ်အပြီး လုပ်လိုက်တဲ့ အပြောင်းအလဲ ဂယက်များ

မစ္စတာ မာ့စ်ခ်က တွစ်တာကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံနဲ့ ပြီးခဲ့တဲ့ လကုန်ပိုင်းက ဝယ်ယူမှု အပြီးသတ်ပြီး နောက်ပိုင်းမှာ တွစ်တာဝန်ထမ်း စုစုပေါင်းရဲ့ တဝက်လောက် ပမာဏဖြစ်တဲ့ ၃၇၀ဝ လောက်ကို အလုပ်ဖြုတ်လိုက်ပြီဖြစ်ပြီး တွစ်တာကို ကြော်ငြာလမ်းကြောင်းသာမက တခြားလမ်းကြောင်းတွေကနေလည်း ဝင်ငွေရရှိဖို့ ကြံစည် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အီလွန်မာ့စ်ခ်က တွစ်တာဝန်ထမ်းတွေကို နိုဝင်ဘာလ ၉ ရက်နေ့က ပထမဆုံး ပေးပို့တဲ့ အီးမေးမှာကတည်းက “ကုမ္ပဏီက ရှေ့ဆက်မယ့် လမ်းဟာ ကြမ်းတမ်းမှာ ဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကြိုးစားမှ အောင်မြင်မယ်” ဆိုပြီး သတိပေးခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် အဲဒီအီးမေးမှာပဲ တွစ်တာအသုံးပြုသူတွေဆီက ပုံမှန်ဝင်ငွေ တခုခုမရဘူးဆိုရင် နောက်ပိုင်း စီးပွားရေးကျချိန်မှာ တွစ်တာက ဆက်လက် ရှင်သန်နိုင်မှာ မဟုတ်ဘူး ဆိုပြီးတော့လည်း ပြောထားခဲ့ပါတယ်။

ဘလူးမာ့ခ်နဲ့ တရားဝင်အကောင့်တွေနဲ့ စင်ပြိုင်ရှိနေတဲ့ အကောင့်တုတွေအနေနဲ့ ဟာသသဘော လုပ်တာလို့ မဖော်ပြဘူးဆိုရင် ကြိုတင် သတိမပေးဘဲ ရာသက်ပန် ဖျက်သိမ်းတာမျိုး လုပ်မယ်လို့လည်း မစ္စတာ မာ့စ်ခ်က ပြောကြားထားခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း ဘလူးမာ့ခ် ပေးမှုကို သူက လစဉ်ကြေးနဲ့ ရောင်းလိုက်တာကြောင့် ဘလူးမာ့ခ်ရတဲ့ အကောင့်တု အသစ်တွေပါ ထပ်ပေါ်လာရတာ ဖြစ်ပါတယ်။

BP နဲ့ Nintendo အကောင့်တု အပါအဝင် ယခင် ဘလူးမာ့ခ် မရှိပဲ အကောင့်အတုတွေအဖြစ် ပေါ်ပေါ်ထင်ထင် ရှိခဲ့ပြီးသား အကောင့်တွေကိုတော့ တွစ်တာက ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။

အခုလို တွစ်တာရဲ့ ကမောက်ကမ ရှုပ်ထွေးမှုတွေအကြားမှာ မစ္စတာ မာ့စ်ခ်ရဲ့ အလုပ်ဖြုတ်ခံရတဲ့အထဲ မပါတဲ့ ထိပ်ပိုင်း ဝန်ထမ်းတချို့ နုတ်ထွက်မှုတွေလည်း ဖြစ်ပေါ်နေပြီး အဲဒီဝန်ထမ်းတွေထဲမှာ တွစ်တာအသုံးပြုသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကာကွယ်ပေးရတဲ့ ဝန်ထမ်းတွေလည်း ပါဝင်နေပါတယ်။

အဲဒီအထဲက တဦးကတော့ တွစ်တာရဲ့ လုံခြုံရေးဆိုင်ရာ အရာရှိချုပ် လီယာ ကစ်စ်နာ ဖြစ်ပြီး တွစ်တာကနေ အလုပ်ထွက်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက် ချလိုက်ရပြီလို့ ထွက်မသွားခင် တွစ်တာမှာ ရေးတင်ခဲ့တာကို တွေ့ရပါတယ်။

အခုလို ဖြစ်ရပ်တွေအပေါ် အမေရိကန်အစိုးရရဲ့ စားသုံးသူအခွင့်အရေး ကာကွယ်ပေးတဲ့အဖွဲ့အစည်းဖြစ်တဲ့ Federal Trade Commission က စိုးရိမ်တကြီး စောင့်ကြည့်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဘလူးမာ့ခ်နဲ့ အကောင့်တု ပြဿနာတွေ ဘယ်လောက်ဆိုးသွားခဲ့သလဲ

တွစ်တာက ဘလူးမာ့ခ် တပ်ချင်သူတွေကို လစဉ်ကြေးနဲ့ ခွင့်ပြုခဲ့အပြီး နောက်တရက် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဘလူးမာ့ခ်ပါတဲ့ အကောင့်တုတွေ မျိုးစုံ ထွက်ပေါ်လာခဲ့ရာမှာ နိုင်ငံရေးသမားတွေ၊ လူသိထင်ရှား ကျော်ကြားသူ အမျိုးမျိုး၊ နာမည်ကျော် အဖွဲ့အစည်းကြီးတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ အကောင့်တုတွေလည်း ပါဝင်ခဲ့ပါတယ်။

အခုလို အကောင့်တုတွေ ပေါ်လာတဲ့အထဲမှာ ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီ မတ်တာ ရဲ့ အကြီးအကဲ မာ့ခ် ဇပ်ကာဘဘာ့ခ်၊ လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့တကွ ယခင် သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဒေါ်နယ်ထရမ့်၊ ဂျော့ဒဘလျူ ဘုရှ်တို့အပြင် ယူကေဝန်ကြီးချုပ်ဟောင်း တိုနီဘလဲလည်း ပါဝင်ပြီး ဒီအကောင့်တွေကို တွစ်တာက ပိတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ယခင် အီလွန် မာ့စ်ခ်က တွစ်တာကို မဝယ်ခင်က အမေရိကန်က လက်ယာစွန်း တက်ကြွလှုပ်ရှားသူတချို့ရဲ့ ဘလူးမာ့ခ်တွေကို တွစ်တာက ဖြုတ်ထားခဲ့ရာမှာ တချို့က လစဉ်ကြေးပေးပြီး ပြန်ဝယ်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် တကယ်အပြင်မှာမရှိတဲ့ တရားဝင် အရေးကြီးသူသဖွယ် အယောင်ဆောင်ထားတဲ့ အကောင့်တု အသစ်တွေ ပေါ်လာတာကိုလည်း သုတေသီတွေက တွေ့ရှိခဲ့ရပါတယ်။

အခုလို အကောင့်တွေဟာ နိုင်ငံ ဒါမှမဟုတ် အဖွဲ့အစည်း အသိုင်းအဝိုင်းတခုက တခြားနိုင်ငံတခုကို နိုင်ငံရေးအရ သက်ရောက်မှု အပြောင်းအလဲ ဖြစ်စေဖို့ ဖန်တီးလေ့ရှိတဲ့ အကောင့်မျိုးတွေလည်း ဖြစ်ပါတယ်။

ဒီလို ထွက်ပေါ်လာတဲ့ အကောင့်အတော်များများကို တွစ်တာက ပိတ်ပင်ခဲ့ပေမယ့် အရှုပ်အရှင်းတချို့ ဖြစ်သွားအပြီးမှ လိုက်လံ ပိတ်ပင်မှု လုပ်နိုင်တာကို တွေ့ရပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ဆိုရင် Eli Lilly ဆိုတဲ့ ဆေးကုမ္ပဏီ အယောင်ဆောင်ထားတဲ့ အကောင့်တုတခုက “အင်ဆူလင်ဆိုတာ အခမဲ့ရခဲ့တဲ့ဟာ ဖြစ်တယ်” လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာ Eli Lilly အကောင့်အစစ်က တောင်းပန်စာထုတ်ပြန်ခဲ့ပေမယ့် နောက်တရက်မှာ ကုမ္ပဏီရှယ်ယာ ၄ ရာခိုင်နှုန်းကျသွားတဲ့အထိ သက်ရောက်မှု ရှိသွားခဲ့ပါတယ်။

အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူးလောင်း ဖြစ်သူ ရီပတ်ဘလီကန် ပါတီက ကယ်ရီလိတ်ကို တုပတဲ့ ဘလူးမာ့ခ်နဲ့ အကောင့်တုက သူဟာ ဒီမိုကရက်တစ်ပါတီဘက်က အုပ်ချုပ်ရေးမှူးလောင်းကို အရှုံးပေးလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်လို့ ကယ်ရီလိတ် အစစ်က ပြန်ရှင်းခဲ့ရပါသေးတယ်။

အဲဒီ အရီဇိုးနားပြည်နယ် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲက အကြိတ်အနယ်ရှိခဲ့လို့ မဲတွေ ရေတွက်လို့ မပြီးသေးတဲ့အချိန်မှာ အခုလို အကောင့်တုက ရေးတင်လိုက်တာဖြစ်ပြီး တွစ်တာဘက်က အဲဒါကို ဖျက်ဖို့ရော၊ အကောင့်တုကို ဖျက်ဖို့ပါ နာရီပိုင်းနဲ့ ချီပြီး ကြာသွားခဲ့ပါတယ်။

တွစ်တာဟာ အခုလို ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် official တရားဝင် ဆိုတဲ့ မီးခိုးရောင် အမှတ်အသားတွေကို တချို့အရေးကြီးတဲ့ အကောင့်အစစ်တွေမှာ ဖော်ပြပေးမှုကိုလည်း ပြန်ဖျက်သွားပြီးမှ နိုဝင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာ ပြန်ထည့်ပေးခဲ့ပါတယ်။

တွစ်တာအကောင့်က တဆင့်ပြောတာကို စိတ်မချရတော့ဘူးလား

တွစ်တာရဲ့ ဘလူးမာ့ခ်ကို လစဥ်ကြေးနဲ့ ရောင်းချမှုကို မသမာသူတွေက ချက်ချင်းအသုံးချကြမှာ ဖြစ်ပြီး တွစ်တာကို လူအများ ယုံကြည်မှုလည်း ဆုံးရှုံးရလိမ့်မယ်ဆိုပြီး ကျွမ်းကျင်သူတွေက သတိပေးတဲ့ကြားက အခု ဖြစ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို တွစ်တာအပေါ် ယုံကြည်မှု ကျဆင်းတဲ့ ပြဿနာဟာ အစုလိုက် အပြုံလိုက် ပစ်ခတ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်လာချိန်မှာ ပိုပြီး သိသာနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အခုလို အဖြစ်အပျက်မျိုး ဖြစ်လာချိန်မှာ ဒေသခံ အာဏာပိုင်တွေ၊ ရဲတွေ၊ အရေးပေါ်ကယ်ဆယ်ရေးသမားတွေနဲ့ စာနယ်ဇင်းသမားတွေက တွစ်တာ အသုံးပြု ထုတ်ပြန်လေ့ရှိတဲ့အတွက် တရားဝင်အကောင့် ဟုတ်မဟုတ် စိတ်ချရမှု မရှိဘူးဆိုရင် ဆိုးကျိုးတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

လူတွေအနေနဲ့ ဘာကို ယုံရမှန်း မသေချာဘူးလို့ ခံစားရတာဟာ ဆိုးကျိုးတွေ အမျိုးမျိုး ဖြစ်နိုင်တယ်ဆိုတာကို ကိုဗစ် ကပ်ရောဂါ အခြေအနေ၊ လတ်တလော ဖြစ်ခဲ့တဲ့ ပဋိပက္ခ အမျိုးမျိုးနဲ့ ရွေးကောက်ပွဲတွေမှာ သတင်းမှား ပျံ့နှံ့မှုကြောင့် ဆိုးကျိုးတွေ ရှိခဲ့တာကို ကြည့်ပြီး သုံးသပ်နိုင်တယ်လို့ ဘီဘီစီ 'သတင်းမှားနဲ့ ဆိုရှယ်မီဒီယာဆိုင်ရာ' သတင်းထောက် မာရီယားနား စပရင်းက ဆိုပါတယ်။

တွစ်တာမှာ ဘလူးမာ့ခ်နဲ့ အကောင့်ပိုင်ရှင်ကို ယုံကြည်နိုင်တယ်ဆိုတဲ့ စိတ်ချရမှု ကျဆင်းသွားချိန်မှာ တွစ်တာအသုံးပြုသူတွေ အနေနဲ့ တခြားနည်းလမ်းတွေနဲ့ အကောင့်စစ် ဟုတ်မဟုတ်ဆိုတာကို ဆန်းစစ်လို့ ရပါသေးတယ်လို့လည်း မာရီယားနား စပရင်းက ဆိုပါတယ်။

တွစ်တာသုံးသူတွေအနေနဲ့ သူတို့ တွေ့ရတဲ့ ဘလူးမာ့ခ်ရှိတဲ့ အကောင့်က တခြား တင်ထားတာတွေကို ထပ်ကြည့်တာ၊ အဲဒီအကောင့်ကို စောင့်ကြည့်သူ အရေအတွက်ကို ကြည့်တာ၊ တွစ်တာမှာ အကောင့်ရှာကြည့်ပြီး အရင်ဆုံးပေါ်လာမယ့် တရားဝင် အကောင့်ဟုတ်မဟုတ် ကြည့်တာနဲ့ တရားဝင် ဝက်ဘ်ဆိုဒ်တွေမှာ ဖော်ပြထားတဲ့ လင့်ခ်က တဆင့်ပဲ တရားဝင် တွစ်တာ အကောင့်ကို သွားကြည့်တာမျိုးတွေ လုပ်နိုင်တယ်လို့လည်း သူက အကြံပြုခဲ့ပါတယ်။