အီရန်မှာ ပြုပြင်ပြောင်းလဲရေးသမား မာဆုပဇာရှကီယန်း ရွေးကောက်ခံသမ္မတဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, Masoud Pezeshkian
ပြုပြင်ပြောင်းလဲရေးသမားလို့ ထင်ရှားတဲ့ မာဆုပဇာရှကီယန်း ဟာ သဘောထားတင်းမာပြီးရှေးရိုးစွဲဆန်တယ်လို့ သတ်မှတ်ခံထားရတဲ့ သူ့ရဲ့ ပြိုင်ဘက် ဆာယိ ဂျာလီလီ ကို အနိုင်ရပြီးအီရန်သမ္မတသစ်ဖြစ်လာပါတယ်။
မဲခွဲဆုံးဖြတ်မှုတွေအရ ဒေါက်တာ ပဇာရှကီယန်း က မဲပေးခဲ့တဲ့ အီရန်လူဦးရေ သန်း ၃၀ ကျော်ရဲ့ ၅၃ ဒသမ ၃ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ပါတယ်။ မစ္စတာ ဂျာလီလီ ကတော့ ၄၄ ဒသမ ၃ ရာခိုင်နှုန်း သာရရှိခဲ့ပါတယ်။
အီရန်မှာ မဲပေးသူနည်းပြီး သမ္မတဖြစ်ဖို့ ရာခိုင်နှုန်းပြည့်မရလို့ ရွေးကောက်ပွဲကို နှစ်ကျော့ကျင်းပခဲ့ရတာဖြစ်ပါတယ်။
သမ္မတဖြစ်ဖို့ မဲဆန္ဒရှင် ငါးဆယ်ရာခိုင်နှုန်း အနိုင်ရဖို့ လိုပေမယ့် ပထမအကျော့တုန်းက နှစ်ယောက်လုံး လေးဆယ်ရာခိုင်နှုန်းဝန်းကျင်ကျင်ပဲ ရခဲ့ကြပါတယ်။
ပြီးခဲ့တဲ့မေလက အီရန် သမ္မတ အီဗရာဟင် ရိုင်အီဆီဟာ ရဟတ်ယာဥ်ပျက်ကျမှုတစ်ခုမှာ သေဆုံးခဲ့တာကြောင့် အီရန်မှာ သမ္မတရွေးကောက်ပွဲပြန်ကျင်းပဖို့ အကြောင်းဖန်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, AFP
အီရန်ပြည်ထဲရေးဝန်ကြီးဌာနက နောက်ဆုံးရလဒ်ကို မကြေညာခင်မှာပဲ ဒေါက်တာမာဆု ပဇာရှကီယန်း ကိုထောက်ခံသူတွေက တီဟီရန်လမ်းတွေပေါ်တက်ပြီး အောင်ပွဲခံနေပါပြီ။
ဒီအောင်ပွဲခံပွဲတွေကို တခြားမြို့တွေမှာလည်းလုပ်ဖို့ရှိနေပါတယ်။
လူမှုကွန်ရက်ပေါ် မှပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေမှာတော့ အီရန်လူငယ်အများစုက သူတို့ရဲ့ မဲဆွယ်စည်းရုံးရေး အစိမ်းရောင်အလံတွေကို ဝှေ့ယမ်းရင်း ကခုန်နေကြပါတယ်။ လမ်းပေါ်က ကားတွေကလည်း ဟွန်းသံပေးပြီး ထောက်ခံကြောင်းပြသနေပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ နှလုံးခွဲစိတ်ဆရာဝန်နဲ့ ကျန်းမာရေးဝန်ကြီးဟောင်း မစ္စတာ ပဇာရှကီယန်းဟာ အီရန်ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို ဝေဖန်ပြစ်တင်ခဲ့သူဖြစ်ပါတယ်။
အီရန်ကို စည်းလုံးညီညွတ်မှုရှိအောင်လုပ်မယ်လို့ ပြောထားပြီး ဒီစည်းလုံးညီညွတ်မှုကနေ ကမ္ဘာနဲ့ ကင်းကွာတဲ့ အီရန်ရဲ့ အထီးကျန်မှုကိုအဆုံးသတ်မယ်လို့ ကြွေးကြော်ထားတာပါ။
နောက်ပြီး မတူကွဲပြားတဲ့ ချဉ်းကပ်မှုကို သုံးမယ်ဆိုပြီး ကတိပြုထားသူပါ။
အမျိုးသမီးတွေအပေါ် တင်းကျပ်တဲ့ အဝတ်အစားစည်းကမ်းတွေ လိုက်နာခိုင်းတဲ့ အီရန် ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းရေးရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေဟာ ကျင့်ဝတ်နဲ့မညီဘူးလို့ သူက ပြောထားပါတယ်။
သူ့ကို ပြုပြင်ရေးသမားလို့ မြင်ကြပေမယ့် မစ္စတာ ပဇာရှကီယန်းဟာ အီရန် ဘာသာရေး ခေါင်းဆောင်အပေါ် အင်မတန် သစ္စာရှိတဲ့သူပါ။
ဒါကြောင့် အစောပိုင်းတုန်းကတော့ သူ အရွေးခံရရင်တောင်မှ အီရန်မှာ သိပ်ထူးထူးခြားခြား ပြောင်းဖို့ မမြင်ကြောင်း တချို့သုံးသပ်သူတွေက ဆိုထားပါတယ်။
မစ္စတာ ပဇာရှကီယန်း က ၂ဝ၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းဖို့ အသစ်ပြန်လည်ဆွေးနွေးသဘောတူညီချက်ကို ဆက်ကြိုးပမ်းလိုသူပါ။
အနောက်နိုင်ငံတွေရဲ့ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ '' အပြုသဘောဆောင်သော စေ့စပ်ညှိနှိုင်းမှု'' တွေ ပြုလုပ်ဖို့အတွက်လည်း သူကတောင်းဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
သူ့ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ မစ္စတာ ဂျာလီလီကတော့ ၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်နဲ့ ပတ်သက်ရင် အခုလို ပိုနေမြဲ ကျားနေမြဲ အခြေအနေကိုပဲဆက်ရှိနေစေချင်တာပါ။ နျူကလီးယားစေ့စပ်ညှိနှိုင်းရေးမှူးဟောင်းဖြစ်တဲ့ သူ့ကိုတော့ အီရန်ဘာသာရေးအသိုင်းအဝန်းများကြားမှာ ထောက်ခံမှုများပါတယ်။
မစ္စတာ ဂျာလီလီက အနောက်နိုင်ငံတွေကို ဆန့်ကျင်ရေးရပ်တည်ချက်နဲ့ နျူကလီးယား သဘောတူညီချက်နဲ့ ပတ်သက်ရင် သဘောထားတင်းမာပါတယ်။
၂၀၁၅ အီရန်နျူကလီးယား သဘောတူညီချက်အရ အီရန်ဟာ သူ့ရဲ့ ယူရေနီယံသန့်စင်မှုကို ကန့်သတ်ဖို့ ကုလသမဂ္ဂစစ်ဆေးရေးမှူးတွေ ရဲ့စောင့်ကြည့်မှုအောက်မှာ စီးပွားရေးပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ဆိုပြီး အပြန် အလှန်အားဖြင့် သဘောတူညီခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီထဲကနေ အမေရိကန် နုတ်ထွက်ပြီးနောက် ကျန်တဲ့ လက်မှတ်ထိုးနိုင်ငံတွေကို ဖိအားပေးဖို့ ကြိုးပမ်းနေတဲ့ အီရန်က သဘောတူညီချက်မှာ ပြဋ္ဌာန်းထားတဲ့ သန့်စင်ယူရေနီယံနဲ့ Heavy water သိုလှောင်မှုကန့်သတ်ထားခြင်းကို လိုက်နာတော့မှာမဟုတ်ကြောင်း ကြေညာထားလို့ စာချုပ်က ရှေ့ဆက်မတိုးဘဲ ဖြစ်နေတာပါ။
အခု ဒုတိယအကျော့ ရွေးကောက်ပွဲမှာတော့ မဲပေးသူက ၅၀ ရာခိုင်နှုန်းရှိလို့ ပြီးခဲ့တဲ့ ပထမအကျော့ ကထက်တော့ ပိုများပါတယ်။ ဒါပေမဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ္မစ် တော်လှန်ရေးနောက်ပိုင်း မဲပေးသူ အနိမ့်ဆုံးဖြစ်ခဲ့ပြီး သိသိသာသာ နည်းနေပါသေးတာပါ။
ဒါဟာ အီရန် အစိုးရစနစ်ကို မကြိုက်သူ များလာတာကို ပြနေတာဖြစ်ပြီး သန်းနဲ့ချီလူထုက ရွေးကောက်ပွဲသပိတ်မှောက်တာလို့ အကဲခတ်တွေကသုံးသပ်ပါတယ်။
သဘောထားတင်းမာတဲ့ အစ္စလာမစ်ကိုယ်စားလှယ်လောင်းတွေ လွှမ်းမိုးထားတာ ၊ ရွေးချယ်စရာ ကိုယ်စားလှယ်လောင်း မရှိသလောက်နည်းပါးတာစစ်မှန်တဲ့အပြောင်းအလဲဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ ယူဆချက်တွေလူထုမှာရှိနေတာပါ။
ထိပ်တန်းခေါင်းဆောင်တွေစိတ်ပျက်စရာ ပေါ်လစီတွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားသရွေ့လည်း သူတို့မဲပေးတာ ထိရောက်မှာမဟုတ်ဘူးလို့ လက်ခံထားကြတာပါ။
မစ္စတာဂျာလီလီကို သမ္မတမဖြစ်စေချင်သူတွေက ဒုတိယအကျော့မှာ ဒေါက်တာ ပဇာရှကီယန်း ကို မဲပေးဖို့ ဆော်သြခဲ့ကြတာဖြစ်ပါတယ်။
မစ္စတာဂျာလီလီသာ အနိုင်ရခဲ့ရင် အီရန်ဟာ ပြင်ပကမ္ဘာနဲ့ ပိုထိပ်တိုက်တွေ့လာမှာဖြစ်ပြီး အီရန်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အတူ နောက်ထပ်အထီးကျန်ဖြစ်စေမယ်လို့ စိုးရိမ်နေကြတာပါ။
သမ္မတကိုယ်စားလှယ်လောင်း ၂ ဦးလုံးက သမ္မတသစ်ရွေးချယ်တာလုပ်တဲ့ ကြီးကြပ်ရေးအဖွဲ့လို့ခေါ်တဲ့ ဂါးဒီးယန်း ကောင်စီ(Guardian Council) ကို ကျော်ဖြတ်ခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
Guardian Council ဆိုတာက ဘာသာရေး ခေါင်းဆောင်တွေ နဲ့ ဥပဒေ ပညာရှင် ၁၂ ယောက် ပါတဲ့ အဖွဲ့ဖြစ်ပြီး အီရန်ရဲ့ အထင်ကရ ဘာသာရေး ခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီရဲ့ သစ္စာခံတွေ ဖြစ်ကြပါတယ်။
အဲဒီလုပ်ငန်းစဥ်နဲ့ အဲဒီကောင်စီကို ကျော်ဖြတ်ရတာကြောင့် အမျိုးသမီးအများအပြား အပါအဝင် အခြား ကိုယ်စားလှယ်လောင်း ၇၄ ဦးဟာ ပြိုင်ပွဲကနေ ဖယ်ရှားခံခဲ့ရတာပါ။ ဒါကြောင့် ကိုယ်စားလှယ်လောင်း အရေအတွက်က နည်းခဲ့တာပါ။
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာတော့ ဆန္ဒပြလှိုင်းကြီး တစ်လှိုင်းကြောင့် လှုပ်ခတ်မှုရှိခဲ့ပါတယ်။ အဲဒါကတော့ ခေါင်းခြုံပုဝါ မဆောင်းလို့ ဆိုပြီး ရဲက ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးသွားခဲ့သူ အသက် ၂၂ နှစ်အရွယ် ကာ့ဒ်စ်အမျိုးသမီးငယ် မာဆာ အာမီနီ သေဆုံးခဲ့မှုအပြီး ထွက်ပေါ်လာတဲ့ ဆန္ဒပြပွဲတွေဖြစ်ပါတယ်။
လူ့အခွင့်အရေးအဖွဲ့တွေကတော့ အီရန်အစိုးရက ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေမှာ ရာနဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပြီး နောက်ထပ် လူထောင်ချီ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီဆန္ဒပြပွဲဟာ ဝတ်စားဆင်ယင်မှု လွပ်လပ်ခွင့်တောင်းဆိုရာကနေ အီရန်အုပ်စိုးသူတွေအပေါ် ကျတဲ့ ဒေါသအဖြစ် နောက်ပိုင်းမှာ ကျယ်ပြန့်သွားခဲ့ပါတယ်။
ဒီအချက်တွေက မဲပေးမှုနည်းစေခဲ့တဲ့အချက်တွေပါ။ အီရန်ဆိုရှယ်မီဒီယာမှာဆိုရင် '' ပါရှန်း သစ္စာဖောက် လူနည်းစု '' ဆိုတဲ့ ( hashtag - #) က ပျံ့နှံ့သွားခဲ့ပြီး ကိုယ်စားလှယ်လောင်းတစ်ဦးကို မဲပေးတာနဲ့ သစ္စာဖောက်လို့အမည်တပ်တဲ့ ကမ်ပိန်းပါ။
အီရန်မှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဟာ ၁၉၈၉ ခုနှစ်ကတည်းက ဘာသာရေးခေါင်းဆောင်အဖြစ်ရှိနေတဲ့ အယာတိုလာ ခါမေနီဖြစ်ပါတယ်။
သူဟာ နိုင်ငံ့ဥသျှောင်ဖြစ်သလို ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ပါတယ်။သူကတော့ ဒီလို မဲပေးတာနည်းတာက အုပ်ချုပ်မှုနဲ့ အုပ်ချုပ်သူတွေကို ငြင်းပယ်တာဆိုတဲ့ အကြံပြုချက်နဲ့ ယူဆချက်တွေကို ပယ်ချပါတယ်။
'' အဲဒါက ( မဲပေးတာနည်းရတဲ့နောက်ကွယ်) အကြောင်းရင်းရှိပါတယ်။ ဒါက နိုင်ငံရေးသမားတွေနဲ့ လူမှုဗေဒပညာရှင်တွေက ဆန်းစစ်ရမှာပါ။ ဒါပေမယ့် မဲမပေးတဲ့သူတွေက အုပ်ချုပ်ရေးကို ဆန့်ကျင်တယ်လို့ ထင်ရင်တော့ တော်တော်ကိုမှားနေတာပဲ” လို့ ပြောပါတယ်။
ရှားတောင့်ရှားပါးဝန်ခံ ချက်အနေနဲ့ '' လက်မခံတဲ့လှုပ်ရှားမှုတချို့ရှိတာ သိပါတယ်'' လို့ လက်ရှိအစိုးရကို အီရန် နိုင်ငံသားတချို့ မကြိုက်တာကို သိတဲ့အကြောင်း ခါမေနီကဝန်ခံပါတယ်။
“ သူတို့ပြောတာကိုကျွန်တော်တို့အလေးထားပြီးနားထောင်နေပါတယ်။ သူတို့ပြောချင်တာတွေ ဆန္ဒတွေ ဒီအတိုင်း အချည်းနှီး မဖြစ်စေရပါဘူး”လို့ ခါမေနီက ပြောပါတယ်။











