ရဟတ်ယာဥ်ပျက်ကျမှုအတွင်း သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး သေဆုံးခဲ့တဲ့အီရန်မှာ ဘာဆက်ဖြစ်မှာလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန်သမ္မတ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်တန်းထဲက တစ်စင်း မတော်တဆမှု ဖြစ်ခဲ့တယ်လို့ အီရန်အစိုးရ သတင်းမီဒီယာက ထုတ်ဖော် ကြေညာပါတယ်။
တနင်္ဂနွေနေ့က ရဟတ်ယာဉ် ဆင်းသက်စဉ် အခက်အခဲ ကြုံခဲ့ရတဲ့ ရဟတ်ယာဉ် တစ်စင်းပေါ်မှာ သမ္မတ အီဗရာဟင် ရိုင်အီဆီ လိုက်ပါသွားတယ်လို့ အစိုးရ သတင်းမီဒီယာက ဆိုပါတယ်။
ရာသီဥတု ဆိုးဝါးနေတာကြောင့် ရဟတ်ယာဉ် မတော်တဆမှု ဖြစ်ခဲ့တဲ့ နေရာဆီ အရောက်သွားနိုင်ဖို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ခုချိန်ထိ ကြိုးစားနေကြရဆဲပဲလို့ အီရန် ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။
ဒေသန္တရသတင်းမီဒီယာတွေမှာတော့ သမ္မတ အီဗရာဟင် ရိုင်အီဆီ ဟာ အဇာဘိုင်ဂျန်နိုင်ငံနဲ့ ကပ်ရက်နယ်စပ်မှာရှိတဲ့ ကွစ်ဇ် ကလာဆီ ဆည်နဲ့ ခိုဒါးဖာရင် ဆည်တွေကို သွားရောက်ဖွင့်လှစ်ပေးခဲ့အပြီး အီရန်နိုင်ငံ အနောက်မြောက်ပိုင်းက တာဘရစ်ဇ်မြို့ဆီ သွားနေတာဖြစ်တယ်လို့ ဖော်ပြနေကြပါတယ်။
မြူတွေ ထူထပ်နေတာကြောင့် ရဟတ်ယာဉ် ဆင်းသက်ခဲ့ဖွယ် ရှိတဲ့ အခင်းဖြစ်ရာနေရာကို ရှာတွေ့ဖို့ ခက်ခဲနေတယ်လို့ Fars သတင်းအေဂျင်စီရဲ့ သတင်းထောက်တစ်ဦးရဲ့ အပြောအရ သိရပါတယ်။
တောင်တန်းထူထပ်ပြီး သစ်တောတွေ ဖုံးနေတဲ့ အဲဒီဒေသမှာ မြူခိုးတွေကြောင့် ၅ မီတာအကွာလောက်ပဲ မြင်နိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီဒေသဟာ တီဘရီးဇ်မြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၅၀ အကွာမှာ တည်ရှိပါတယ်။
သမ္မတ လိုက်ပါလာတဲ့ ရဟတ်ယာဉ် ဘယ်မှာ ရှိသလဲ ဆိုတာကို ကယ်ဆယ်ရေးဝန်ထမ်းတွေ ရှာမတွေ့သေးဘူးလို့ တာဘရစ်ဇ်မြို့ရဲ့ အီရန်အမတ် အာမက် အာလီရီဇာဘေဂီ က တီဟီရန်မြို့က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီ ရဟတ်ယာဉ်ပေါ်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီယာ အက်ဘ်ဒူလာယိမ်း လည်း ပါသွားတယ်လို့ သူကပြောပါတယ်။
ရဟတ်ယာဉ်တန်းထဲက တခြား ရဟတ်ယာဉ် နှစ်စင်းကတော့ ဘေးကင်းလုံခြုံစွာ ဆင်းသက်နိုင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။
သမ္မတ ဘေးကင်းဖို့ ဘာသာရေးမြို့ဖြစ်တဲ့ မက်ရှ်ဟက်မြို့ မှာ လူတွေ ဝတ်ပြုဆုတောင်းနေကြပုံကို အစိုးရ ရုပ်မြင်သံကြားပေါ်မှာ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ သေဆုံးပြီလို့ အီရန် ကြေညာ
အီရန်သမ္မတ အီဘရာဟင် ရိုင်အီဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီယာ အက်ဘ်ဒူလာယိမ်းအပါအဝင် လူအချို့ဟာ တနင်္ဂနွေနေ့တုန်းက ရဟတ်ယာဥ် ပျက်ကျမှုမှာ သေဆုံးပြီလို့ နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ သေဆုံးပြီဆိုလို့ ဒေသတွင်း သတင်းတွေက ဖော်ပြခဲ့ပြီးနောက်မှာပဲ နိုင်ငံပိုင် ရုပ်သံကနေ အခုလို အတည်ပြုထုတ်ပြန်တာဖြစ်ပါတယ်။
ရဟတ်ယာဥ်ပျက်ကျမှုမှာ သေဆုံးသူတွေထဲ ဘယ်သူတွေပါသွားလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်မှာ တနင်္ဂနွေနေ့တုန်းက ဖြစ်ခဲ့တဲ့ ရဟတ်ယာဥ် ပျက်ကျမှုမှာ သမ္မတ အီဘရာဟင် ရိုင်အီဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး ဟိုစိန် အမီယာ အက်ဘ်ဒူလာယိမ်း တို့အပြင် နောက်ထပ် သေဆုံးသူတွေရဲ့နာမည်တွေ ထွက်ပေါ်လာပါတယ်။
သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့အပြင် ရဟတ်ယာဥ်ပေါ်မှာ လိုက်ပါသွားသူတွေဟာ တီဘရီးဇ်မြို့က သောကြာနေ့ဝတ်ပြုဆုတောင်းပွဲက အီမန်ရှင် အယာတိုလာ မိုဟာမက် အလီ အယ် ဟာရှမ်နဲ့ အီရန်နိုင်ငံရဲ့ အရှေ့အဇာဘိုင်ဂျန်ပြည်နယ်က အုပ်ချုပ်ရေးမှူး ဗိုလ်ချုပ် မာလိခ် ရာမာတီတို့လည်း ပါဝင်တယ်လို့ IRNA သတင်းမှာဖော်ပြပါတယ်။
သမ္မတ သက်တော်စောင့်တပ်ဖွဲ့က တပ်မှူး ဆာဒါ ဆာယစ် မာဒီ မူဆာဖီလည်း သေဆုံးခဲ့ပြီး သေဆုံးသူတွေထဲမှာ သက်တော်စောင့်အချို့နဲ့ ရဟတ်ယာဥ်အမှုထမ်းတွေပါဝင်ပေမဲ့ သူတို့ နာမည်တွေကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ရဟတ်ယာဥ် ပျက်ကျတဲ့နေရာမှာ အသက်ရှင်သူ အရိပ်အယောင် မတွေ့ရ - အီရန် နိုင်ငံပိုင် ရုပ်သံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတ ရိုင်အီဆီ လိုက်ပါသွားတဲ့ရဟတ်ယာဥ် ပျက်ကျရာနေရာမှာ အသက်ရှင်သူ အရိပ်အယောင် မတွေ့ရဘူးလို့ နိုင်ငံပိုင်ရုပ်သံဌာနက သတင်းဖော်ပြပါတယ်။
ရိုက်တာသတင်းဌာနကတော့ ရဟတ်ယာဥ်ဟာ ပျက်ကျမှုမှာ ‘’လုံးဝကို မီးလောင်သွားတယ်’’ လို့ဆိုပြီး အီရန် အရာရှိတစ်ယောက်ကို ကိုးကားပြီး သတင်းဖော်ပြပါတယ်။
‘’သမ္မတ ရိုင်အီဆီရဲ့ ရဟတ်ယာဥ်ဟာ ပျက်ကျမှုမှာ လုံးဝကို မီးလောင်သွားတယ် ... ကံမကောင်း အကြောင်းမလှစွာပဲ၊ ရဟတ်ယာဥ်ပေါ် ပါသွားတဲ့ခရီးသည်တွေ အားလုံး သေဆုံးတယ်ဆိုတဲ့ စိုးရိမ်စရာအခြေအနေရှိတယ်’’ လို့ အဲဒီအရာရှိက ပြောပါတယ်။
ရဟတ်ယာဥ် ပျက်ကျတဲ့နေရာကို ရှာဖွေရေးအဖွဲ့တွေရောက်ပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
သမ္မတကို တင်ဆောင်သွားတဲ့ရဟတ်ယာဥ် ပျက်ကျမှုဖြစ်တဲ့နေရာကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိပြီလို့ နိုင်ငံပိုင် မီဒီယာက သတင်းဖော်ပြပါတယ်။
အီရန်လခြမ်းနီ အကူအညီပေးရေးအဖွဲ့ခေါင်းဆောင်ကတော့ အခြေအနေ ‘’မကောင်းဘူး’’ မကောင်းဘူး လို့ နိုင်ငံပိုင် မီဒီယာကို ပြောထားပါတယ်။
အီရန်သမ္မတ အီဘရာဟင် ဆိုတာ ဘယ်လို လူလဲ
အသက် ၆၃ နှစ်အရွယ် မစ္စတာ ရိုင်အီဆီ ဟာ ၂၀၂၁ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ပြန်လည် အရွေးခံခဲ့ရတဲ့ သမ္မတ ဖြစ်ပါတယ်။ အယူစွဲကြီးတဲ့ ဘာသာရေးခေါင်းဆောင် တစ်ဦးအဖြစ် အများက သူ့ကို ရှုမြင်ထားကြပြီး ၁၉၈၉ ခုနှစ်ကတည်းက အီရန်နိုင်ငံရဲ့ ဘာသာရေး အကြီးအကဲခေါင်းဆောင် အဖြစ် တာဝန်ယူထားတဲ့ အယာတိုလာ ခါမေနီရဲ့ အရိုက်အရာကို တစ်နေ့ကျရင် ဆက်ခံမယ့်သူအဖြစ် မှတ်ယူထားကြပါတယ်။
၂၀၁၉ ခုနှစ်တုန်းက သြဇာ ကြီးမားတဲ့ တရားရေးဌာန အကြီအးကဲ ရာထူးနေရာမှာ သူ့ကို အယာတိုလာ ခါမေနီက ခန့်ထားခဲ့ပါတယ်။
မစ္စတာ ရိုင်အီဆီ ဟာ လာမယ့် ဘာသာရေးအကြီးအကဲသစ် ခန့်အပ်ရွေးချယ်ခွင့်ရှိတဲ့ အဖွဲ့ ဝင် ၈၈ ဦးပါ ဘာသာရေး ကျွမ်းကျင်သူများအဖွဲ့ရဲ့ လက်ထောက် ဥက္ကဋ္ဌ အဖြစ်လည်း ရွေးချယ် ခံခဲ့ရပါတယ်။
အီရန်မှာ အာဏာအထွတ်အထိပ်ကို ရောက်မယ့်သူလို့ ရှုမြင်ခံခဲ့ရသူ ရိုင်အီဆီ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အီရန်သမ္မတ ရိုင်အီစီဟာ အီရန်အစ္စလာမ္မစ်သမ္မတ နိုင်ငံမှာ ရာထူးအာဏာ အထွတ်အထိပ်ကိုရောက်မယ့်သူလို့ ရှုမြင်ခံခဲ့ရသူလို့ ဘီဘီစီ နိုင်ငံတကာသတင်းထောက်ချုပ် လူ့စ် ဒူးဆက်စ်က ပြောပါတယ်။ သူ့ရဲ့သုံးသပ်ချက်ကို လက်ဆက်ဖတ်ရှုပါ။
ဒါပေမဲ့ သမ္မတ ရိုင်အီဆီ တစ်ယောက် တနင်္ဂနွေနေ့က ရဟတ်ယာဥ် ပျက်ကျမှုမှာ ရုတ်တရက် သေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ လက်ရှိမှာ အသက် ၈၅ နှစ်အရွယ်ကိုရောက်နေပြီဖြစ်တဲ့ အီရန် ဘာသာရေးခေါင်းဆောင် အရာတိုလာ အလီ ခါမေနီနေရာမှာ တဖြည်းဖြည်းနဲ့အစားထိုးမယ့် သူ ဘယ်သူ ဖြစ်လာတော့မလဲလို့ ခန့်မှန်းတာတွေလည်း တိုးလာပါတယ်။
အယူစွဲကြီးတဲ့သမ္မတ ရိုင်အီဆီရဲ့ စိတ်မကောင်းဖွယ်ရာကံကြမ္မာဟာ အီရန်ရဲ့ မူဝါဒပိုင်း ဆက်တည်ရှိမှုကိုတော့ ပျက်ပြားစေမှာမဟုတ်ပါဘူး။
ဒါပေမဲ့ သမ္မတ ရုတ်တရက်သေဆုံးမှုကြောင့် ရွေးကောက်ခံရော၊ ရွေးကောက်ခံမဟုတ်သူတွေပါ ပါဝင်နေတဲ့ နိုင်ငံ့မဏ္ဍိုင် အကိုင်းအခက်အားလုံးမှာ အခုဆို ရေးရိုးစွဲ အယူစွဲကြီးသူတွေ ပိုပြီး လွှမ်း မိုးလာတာကိုတော့ အီရန်နိုင်ငံအနေနဲ့ စမ်းသပ်ခံ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
သူ့ရဲ့ အတိုက်အခံတွေကတော့ ၁၉၈၀ ပြည့်နှစ်တွေမှာ နိုင်ငံရေးအကျဥ်းသားတွေကို သတ်ဖြတ်မှုမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလို့ စွပ်စွဲခံရတဲ့ သမ္မတ ရိုင်အီဆီ အခုလို ရုတ်တရက်ဖြစ်ရပ်နဲ့ သေဆုံး နုတ်ထွက်သွားတာကို ကြိုဆိုကြမှာဖြစ်ပါတယ်။ သမ္မတ ရိုင်အီဆီရဲ့အုပ်ချုပ်မှု အခုလို အစောတလျင် အဆုံးသတ်သွားရာကနေ လက်ရှိ အီရန်အုပ်စိုးသူတွေရဲ့ခေတ် အဆုံးသတ်သွားဖို့ကိုလည်း သူတို့ မျှော်လင့်ကြမှာဖြစ်ပါတယ်။
လက်ရှိ အီရန်ရဲ့အာဏာရ ရှေးရိုးစွဲခေါင်းဆောင်တွေအတွက်တော့ သမ္မတရဲ့နိုင်ငံတော် စျာပနဟာ စိတ်ခံစားချက်တွေနဲ့ရောပြွမ်းနေမယ့် အခမ်းအနားဖြစ်သလို သူတို့ ဘယ်လိုရှေ့ဆက်မယ်ဆိုတာကိုလည်း အချက်ပြနိုင်ရေးစတင်ဖို့ အခွင့်အလမ်းဖြစ်လာမှာဖြစ်ပါတယ်။
အာဏာအကူးအလွှဲ အပြောင်းအလဲတွေ ချက်ချင်းလုပ်လာရတဲ့အခါ နောက်ထပ် အရေးပါတဲ့ရာထူးကတော့ Assembly of Experts ဆိုတဲ့အဖွဲ့ထဲမှာ လက်ရှိ အလယ်အလတ်အဆင့် ဘာသာရေးခေါင်းဆောင်အဖြစ် သမ္မတ ရိုင်အီဆီ ရယူထားခဲ့တဲ့နေရာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ အီရန်ရဲ့အထွတ်အထိပ် ဘာသာရေးခေါင်းဆောင်ကို ရွေးချယ်တာဖြစ်ပါတယ်။
အီရန်မှာ သမ္မတ ဘယ်သူဖြစ်လာမလဲ၊ ဘာဆက်ဖြစ်မလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန်မှာ သမ္မတက နာမကျန်းတာ၊ သေဆုံးတာ ဒါမှမဟုတ် လွှတ်တော်ကနေ သမ္မတကို အယုံအကြည်မရှိဆိုတင်ပြီး ဖယ်ရှားတာ၊ စွပ်စွဲပြစ်တင်တာတွေရှိလာတာကြောင့် သမ္မတ တစ်ယောက် သူ့တာဝန် ဝတ္တရားတွေကို ဆက်ပြီးထမ်းဆောင်ဖို့ မစွမ်းသာတော့ဘူးဆိုရင် ဒီအခြေအနေကို ထိန်းဖို့ အီရန်ဖွဲ့စည်းပုံက တန်းတန်းမတ်မတ်ကို ပြဋ္ဌာန်းထားတာရှိပါတယ်။
ဒုတိယသမ္မတကို တာဝန်ယူစေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒုသမ္မတတာဝန်ထမ်းဆောင်နေတဲ့ မိုဟာမက် မော့ခ်ဘာက တာဝန်ယူရဖို့ဖြစ်လာမှာပါ။ ဒုသမ္မတဟာ နောက်လာမယ့် ရက်ပေါင်း ၅၀ အတွင်း သမ္မတသစ်ကို ခန့်အပ်မယ့် ရွေးကောက်ပွဲမတိုင်ခင်အထိ နိုင်ငံ့ရေးရာတွေကို လွှတ်တော် ဥက္ကဋ္ဌတွေအပြင် တရားရေးမဏ္ဍိုင်ခေါင်းဆောင်တွေနဲ့အတူ ပူးတွဲစီမံရမှာဖြစ်ပါတယ်။
ဒါကိုတော့ လက်ရှိမှာ အီရန်မှာ နိုင်ငံတော်အဆင့် အရေးကိစ္စတွေအားလုံးကို နောက်ဆုံးအတည်ပြုပေးတဲ့ သာသာရေးခေါင်းဆောင်ရဲ့ အတည်ပြုချက်ပေးမှလုပ်နိုင်မှာဖြစ်ပါတယ်။
အခုတော့ သမ္မတ ရိုင်အီဆီသေဆုံးပြီလို့ နိုင်ငံပိုင်မီဒီယာကနေ ကြေညာ အတည်ပြုခဲ့ပြီးဖြစ်လို့ လက်ရှိ အီရန်အုပ်စိုးသူတွေဟာ ရွေးကောက်ပွဲ ကျင်းပရဖို့ရှိနေသလို့ အခုတစ်ကြိမ်ရွေးကောက်ပွဲကို လူထုက လည်း အရင်တစ်ခေါက်တုန်းကထက် ပိုပြီး အာရုံထား စိတ်ဝင်စားလာနိုင်ခြေရှိနေပါတယ်။
ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ ရိုင်အီဆီကို အကြိတ်အနယ် ပြိုင်နိုင်ခြေရှိတဲ့ သမ္မတလောင်းတွေ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ခံခဲ့ရပါတယ်။ ဒါကြောင့်ပဲ မစ္စတာ ရိုင်အီဆီဟာ ရွေးကောက်ပွဲမှာ မဲပေးသူ ၃၀ ရာခိုင်နှုန်းရဲ့မဲရရင်နိုင်တယ်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း မဲအနည်းဆုံးရပြီး သမ္မတရုံးဆီ ရောက်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်ရွေးကောက်ပွဲကိုတော့ ကြိုတင်စီစဥ်ထားတဲ့ရွေးကောက်ပွဲ လို့ မြင်ကြလို့ မဲဆန္ဒရှင်အများစု မဲရုံသွား မဲမထည့်ခဲ့ကြပါဘူး။
ဒုသမ္မတကို သမ္မတ အဖြစ်ခန့်အပ်တဲ့အကြောင်း တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမဲ့ အီရန်အစိုးရအဖွဲ့ဟာ သေဆုံးသွားတဲ့ နိုင်ငံခြားရေးဝန်ကြီးနေရာအတွက် လက်ရှိမှာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူနေတဲ့ အလီ ဘဂါရီ ခါနီကို ယာယီနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီလို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
အီရန်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားရေးမဏ္ဍိုင်တွေ တွေ့ဆုံမှုအပြီးမှာ အခုခန့်အပ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
သမ္မတ လိုက်ပါသွားတဲ့လေယာဥ် ပျက်ကျမှုနောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေပါတယ်။ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။













