အီရန်ရွေးကောက်ပွဲ မဲပေးသူနည်းလို့ ထပ်ပြိုင်ရမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ကာဆရာ နာဂျီ
- ရာထူးတာဝန်, ဘီဘီစီ ပါရှားဌာန
- ရေးသားသူ, ဆိုဖီယာ ဖဟီရာ ဆန်းတော့စ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
ပြုပြင်ရေးသမားလို့ မြင်ကြတဲ့ မာဆု ပဇာရှကီယန်းနဲ့ သဘောထားတင်းမာတဲ့ ဆာယိ ဂျာလီလီတို့ နှစ်ယောက်လုံး အီရန်သမ္မတရွေးကောက်ပွဲမှာ အများစုနေရာ မရကြတဲ့အတွက် လာမယ့်သောကြာနေ့မှာ မဲထပ်ပေးကြရဖို့ ရှိပါတယ်။
သမ္မတဖြစ်ဖို့ မဲဆန္ဒရှင် ငါးဆယ် ရာခိုင်နှုန်း အနိုင်ရဖို့ လိုပေမယ့် နှစ်ယောက်လုံး လေးဆယ် ရာခိုင်နှုန်း ပတ်ချာလည်ပဲ ရကြပါတယ်။
နှလုံးခွဲစိတ်ဆရာဝန်နဲ့ ကျန်းမာရေးဝန်ကြီးဟောင်း မစ္စတာ ပဇာရှကီယန်းကတော့ သူ့ပြိုင်ဘက် အဏုမြူအရေး ညှိနှိုင်းပေးသူဟောင်း မစ္စတာ ဂျာလီလီထက် မဲတစ်သန်းလောက် ပိုရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က မဲထွက်ပေးသူလည်း နည်းခဲ့ပါတယ်။ ဒါဟာ အီရန် အစိုးရစနစ်ကို မကြိုက်သူ များလာတာကို ပြနေတာလို့ သတင်းထောက်တွေက ဆိုပါတယ်။
မေလက ရဟတ်ယာဉ်ပျက်ကျလို့ သေဆုံးခဲ့တဲ့ သမ္မတ အီဘရာဟင် ရိုင်အီဆီနေရာကို ဆက်ခံဖို့ ဒီရွေးကောက်ပွဲကို ကျင်းပတာပါ။
စစ္စတန် ဘလူချီစတန်နယ်မှာတော့ မဲပုံးတွေ သယ်လာတဲ့ ကားကို ဘယ်သူဘယ်ဝါမသိရတဲ့ သေနတ်သမားတွေက တိုက်ခိုက်လို့ လုံခြုံရေး တပ်သားနှစ်ယောက် သေဆုံးခဲ့ကြောင်း အီရန် အစိုးရသတင်းမှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မတူကွဲပြားတဲ့ ချဉ်းကပ်မှုကို သုံးမယ်ဆိုပြီး မစ္စတာ ပဇာရှကီယန်းက ကတိပြုခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ် တင်းကျပ်တဲ့ အဝတ်အစားစည်းကမ်းတွေ လိုက်နာခိုင်းတဲ့ အီရန် ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းရေးရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေဟာ ကျင့်ဝတ်နဲ့မညီဘူးလို့ သူက ဆိုပါတယ်။
သူ့ကို ပြုပြင်ရေးသမားလို့ မြင်ကြပေမယ့် မစ္စတာ ပဇာရှကီယန်းဟာ အီရန် ဘာသာရေး ခေါင်းဆောင်အပေါ် အင်မတန် သစ္စာရှိတဲ့သူပါ။
သူ အရွေးခံရရင်တောင်မှ အီရန်မှာ သိပ်ထူးထူးခြားခြား ပြောင်းဖို့ မမြင်ကြောင်း တချို့သုံးသပ်သူတွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အီရန်မှာ မဲပေးခွင့်ရှိသူ ၆၁ သန်းခွဲ ရှိပေမယ့် လေးဆယ်ရာခိုင်နှုန်းလောက်ပဲ မဲထွက်ပေးကြပါတယ်။ ဒါဟာ ၁၉၇၉ အီရန် တော်လှန်ရေး နောက်ပိုင်း အနည်းဆုံး ဖြစ်ပါတယ်။
အီရန်မှာ အာဏာအရှိဆုံးဖြစ်တဲ့ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီက လူတွေကို အများဆုံး မဲထွက်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။
အီရန်မှာ ၂၀၂၂ က ဖြစ်တဲ့ ဆန္ဒပြပွဲတွေကြောင့် ရိုက်ခတ်မှု ကြီးခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် မာဆာအမီနီကို အဝတ်အစား စည်းကမ်း ချိုးဖောက်လို့ ဆိုပြီး ကိုယ့်ကျင့်သိက္ခာ ထိန်းသိမ်းရေးရဲတွေက ဖမ်းဆီးပြီးတဲ့နောက် သေဆုံးသွားခဲ့လို့ ဒီလို ဆန္ဒပြပွဲကြီးတွေ ဖြစ်ပွားခဲ့တာပါ။
ဆန္ဒပြပွဲတွေကို ဖြိုခွဲချိန်မှာ လူရာချီ သတ်ဖြတ်ခံရပြီး ထောင်ချီ ဖမ်းဆီးခံရကြောင်းလည်း လူ့အခွင့်အရေး အဖွဲ့တွေက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters










