"ကျွန်မ မျက်လုံးကို ချိန်ပစ်ခဲ့ပေမယ့် ကျွန်မနှလုံးက ခုန်နေဆဲပါ"

ဓာတ်ပုံ ရင်းမြစ်, Elahe Tavokolian
ဆေးရုံကုတင်ပေါ်မှာ အမျိုးသမီးလေး တယောက် လဲလျောင်းနေပါတယ်။
သူ့ညာမျက်လုံး ကို ပတ်တီးတွေ ဖုံးထားပါတယ်။ မကြာခင်ကမှ ခွဲစိတ်ထားတာ ကြောင့်ပါ။
သူဟာ ဘယ်ဘက်မျက်လုံးကို ပိတ်ထားရင်း ခပ်မဲ့မဲ့ ဖြစ်နေပါတယ်။ နာကျင်မှုကြောင့် သူ့ဆီက ညည်းတွားသံ တချို့ကိုလည်း ကြားနေရပါတယ်။
အလာဟေး တာဗာကိုလန်ရန် ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက အီရန် အရှေ့မြောက်ပိုင်းက မာရှတ်မြို့မှာ ဆန္ဒပြပွဲတွေအတွင်းမှာ အီရန် လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ပစ်ခတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။
အဲဒီ ပစ်ခတ်မှုကြောင့် ပါရဂူတန်း ကျောင်းသူတယောက်လည်းဖြစ်တဲ့ အလာဟေး တာဗာကိုလန်ရန် ရဲ့ ညာဘက်မျက်လုံးမှာ အမြင်အာရုံတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေ ဖြစ်ပြီး ၃ လ အကြာမှာပဲ သူက သူဖြတ်သန်းခဲ့ရတဲ့ အဖြစ်ဆိုးတွေကို အင်စတာဂရမ်မှာ ဗီဒီယိုနဲ့ သတ္တိရှိရှိ တင်ပြခဲ့ပါတယ်။
“ရှင်တို့ ကျွန်မ မျက်လုံးကို ချိန်ပစ်ခဲ့ပေမယ့် ကျွန်မနှလုံးက ခုန်နေဆဲ ပါ”လို့ သူက ရေးပြီး တင်ခဲ့တာပါ။ ကျွန်မ မျက်လုံးမှာ အမြင်ဆုံးရှုံးခဲ့ရပေမယ့် လူများစွာတော့ မျက်စိတွေ ပွင့်သွားစေခဲ့တဲ့အတွက် ကျေးဇူးပါလို့ ပြောပါတယ်။ ကျွန်မ နှလုံးသားထဲက အလင်းအားနဲ့ ကောင်းမွန်တဲ့ နေ့သစ်များကို စောင့်မျှော်ရင်း ပြုံးနေဦးမှာပါ၊ ဒါပေမဲ့ သင်နဲ့ သင်တို့ရဲ့ အကြီးအကဲတွေရဲ့ နှလုံးသားတွေကတော့ တနေ့ပြီး တနေ့ ပိုပြီး ဆိုးညစ် မှောင်မိုက်လာနေပြီ၊ ကျွန်မအတွက် မကြာခင်မှာ ဖန်မျက်လုံးတု ရမှာ ဖြစ်သလို သင်လည်း ဆုတံဆိပ် တစ်ခုတော့ ရမှာပေါ့လို့ ရေးထားပါတယ်။
တယောက်တည်း မဟုတ်
သူ့လိုပဲ မျက်လုံးတွေ အပစ်ခံခဲ့ရတဲ့ ဆန္ဒပြသူ တစ်ဒါဇင်လောက် ရှိနေတာကို ဘီဘီစီက တွေ့ရှိခဲ့ရပါတယ်။
အီရန်မှာ ကာ့ဒ်အမျိုးသမီး မာဆာအာမေနီ ကို သူ့ ခေါင်းခြုံပုဝါကို သေချာ မပတ်ထားဘူးဆိုကာ ရဲက ဖမ်းဆီးခဲ့စဉ် ရဲလက်မှာ သေဆုံးသွားခဲ့ရတာကို မကျေနပ်လို့ လူထောင်ပေါင်းများစွာက ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
ရဲက ဆန္ဒပြပွဲတွေကို ဖြိုခွဲခဲ့ရာ လူ ၂၀၀၀၀ နီးပါးကို ဖမ်းဆီးခံခဲ့ရသလို လူ ၅၀၀ လောက်လည်း သေဆုံးခဲ့ရပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီထဲက အမြင်အာရုံ ဆုံးရှုံးတဲ့ အထိ ဖြစ်ခဲ့ရတဲ့ လူငယ်တွေကတော့ သူတို့ဟာ တမင်တကာကို ပစ်မှတ်ထား ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် အီရန် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်မှူးချုပ် ဟာဆန် ခါရာမီကတော့ အီရန်မီဒီယာတွေမှာ ဒီလို စွပ်စွဲခံနေရတာနဲ့ ပတ်သက်လို့ ငြင်းချက်ထုတ်ခဲ့ပါတယ်။
သူက ဒါဟာ သူ့တပ်ဖွဲ့တွေက ဆန္ဒပြသူတွေရဲ့ မျက်နှာကို ရည်ရွယ်ချက် ရှိရှိ ချိန်ရွယ်ပစ်ခတ်ခဲ့တယ်ဆိုပြီး စွပ်စွဲဝါဒဖြန့်ချက်သာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အဲဒီလို အပစ်ခံခဲ့ရသူတွေထဲမှာ ဥပဒေ ကျောင်းသူ ဂါဇားရန်ရှန်းကစ်ရှ် လည်း ပါဝင်ပါတယ်။ သူကတော့ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဗန်ဒါအာဘတ်စ် မြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အပစ်ခံခဲ့ရတာဖြစ်ပါတယ်။
၂၁ နှစ်အရွယ် ကျောင်းသူက အစပိုင်းမှာ သူ့ ဒဏ်ရာနဲ့ ပတ်သက်လို့ လူမှုကွန်ရက်တွေပေါ်မှာ လူထု သတိပြုမိကြအောင် ပေါ်တင်ပဲ တင်ထားခဲ့ပါတယ်။
သူ့ ဆေးရုံ ကုတင်ပေါ်ကနေ တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ သူ့ ညာဘက် မျက်လုံးက သွေးတွေ စီးကျနေတာကို မြင်ရပေမယ့် သူကတော့ အောင်ပွဲအမှတ်အသားအဖြစ် လက် ထောင်ပြခဲ့ပါတယ်။ ဗီဒီယိုက တော်တော်ပျံ့နှံ့သွားတာကြောင့် ပြည်တွင်းနဲ့ ပြည်ပက အီရန်လူမျိုးတွေအကြား လူငယ်တွေကို အာဏာပိုင်တွေက ဘယ်လို ပစ်မှတ်ထားနေသလဲ ဆိုတာ သိသွားခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ghazal Ranjkesh
ဂါဇားက ကျွန်မကို ပစ်တုန်းက ဘာလို့ ပြုံးနေခဲ့ကြတာလဲ ဆိုပြီး ဗီဒီယိုနဲ့ အတူ မေးခွန်းထုတ်ထားပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ဆေးရုံက ဝန်ထမ်းတွေရဲ့ အသံတွေ ပါနေတာကြောင့် သူတို့ကို ကာကွယ်ပေးနိုင်ဖို့ အဲဒီ ဗီဒီယိုကို သူပြန်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် ဂါဇား က နောက်တမျိုး ထူးထူးခြားခြား ထပ်လုပ်ပါတယ်။
ဒါကတော့ သူ့လို ဒဏ်ရာမျိုးတွေ ရခဲ့ကြတဲ့ လူငယ် အမျိုးသား၊ အမျိုးသမီးတွေကို စိတ်ဒဏ်ရာတွေ ကုစားရာမှာ အထောက်အကူ ဖြစ်စေဖို့ သူတို့ချည်း ကြုံရတာမျိုးမဟုတ်ဘဲ အွန်လိုင်းပေါ်မှာလည်း ဘဝတူတွေ ရှိကြောင်း သိနိုင်ဖို့ လုပ်ခဲ့ပါတယ်။
မျက်လုံးတွေရဲ့ အသံက ဘယ်ဟစ်အော်သံထက်မဆို ကျယ်လောင်ပါတယ်လို့ သူ့ရဲ့ အင်စတာ ဂရမ်ပေါ်မှာ ပါရှန်ဘာသာနဲ့ ဂါဇား က ရေးတင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ghazal Ranjkesh
အရေအတွက် မသိ
အီရန်နိုင်ငံအတွင်းမှာ အခုလိုအလားတူ ဒဏ်ရာမျိုး ဘယ်နှစ်ယောက် ရခဲ့သလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။
ဆေးရုံတက်နေတုန်း အဖမ်းခံရမှာ စိုးရိမ်လို့ တချို့ ဆန္ဒပြသူတွေမှာ ဆေးကုတောင် မခံရဲတဲ့ အထိ ဖြစ်ပါတယ်။
နယူးယောက် တိုင်းမ်စ် သတင်းစာကတော့ တဟီရန်မြို့က ဆေးရုံ ၃ ခုမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကနေ နိုဝင်ဘာလ အတွင်း ဒီလို ဒဏ်ရာမျိုးတွေကြောင့် ကုသမှု ခံယူခဲ့ရသူပေါင်း ၅၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mohammad Farzi
တဟီရန်မြို့တော်က လမ်းမတွေပေါ်မှာ ဖျော်ဖြေတင်ဆက် တယောက်ဖြစ်တဲ့ ၃၂ နှစ် အရွယ် မိုဟာမက်ဖာဇီ ဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ညာဘက် မျက်လုံးကို အပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူက ပြည်သူလူထု လွတ်လပ်ဖို့ အတွက် သူ့ မျက်လုံးတစ်ဖက် စတေးရတာအတွက် ဂုဏ်ယူကြောင်းနဲ့ နောင်တလည်း မရတဲ့ အကြောင်း ပြောပါတယ်။ သူ့မှာ အန္တရာယ်တွေ ရှိနေတဲ့ ကြားကပဲ ဆေးရုံတက် ကုသမှု ခံယူခဲ့ပါတယ်။ သူ့မျက်စိလည်း ပြန်ကောင်းလာနိုင်ပေမယ့် ကုသမှု ခံယူနေစဉ်အတွင်း စရိတ်ကုန်သွားခဲ့တာကြောင့် တတိယအကြိမ် ခွဲစိတ်မှု မလုပ်ရသေးခင်မှာပဲ ကုသမှုတွေကို ရပ်ဆိုင်းခဲ့ရပါတယ်။
အဓိက ပြဿနာက ငွေကြေးအရ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဆေးဝါးပိုင်း ပံ့ပိုးနိုင်မှု မရှိတဲ့ အတွက်ကြောင့်လို့ ပြောပါတယ်။ သူ့အတွက် ဆေးရုံစရိတ် ဒေါ်လာ ၂၅၀၀ လောက် ကုန်ခဲ့လိမ့်မယ်လို့ မှန်းပါတယ်။
အဲဒီလို မျက်စိ ဒဏ်ရာ ရထားသူတွေအတွက် ပိုမို ထောက်ပံ့ ကူညီမှုတွေ ပေးဖို့ စာရေး တောင်းဆိုတဲ့ မျက်စိ ဆရာဝန်ပေါင်း ၄၀၀ နီးပါးထဲမှာ ဒေါက်တာ မိုဟာမက်ဂျာဖာ ဂီဖန လည်း ပါဝင်ပါတယ်။ သူက အမြင်အာရုံ ဆုံးရှုံးခဲ့ရတဲ့ ဆန္ဒပြသူတွေဟာ တစ်သက်တာလုံး လူ့အသိုင်းအဝိုင်းကြား ထင်ထင်ရှားရှား ဖြစ်နေမှာလို့လည်း ဆိုပါတယ်။ ဒီလို အမြင်အာရုံ ဆုံးရှုံးခဲ့ရတဲ့ လူငယ်တယောက်ဟာ သူရှင်သန်နေသမျှ ကာလပတ်လုံးမှာ အီရန်အစိုးရရဲ့ ဖြိုခွဲမှုတွေအတွက် သက်ရှိ ထင်ရှား သက်သေတယောက် ဖြစ်နေမှာပါလို့ ပြောထားတဲ့သူ့ ဗီဒီယိုကလည်း တော်တော်ကို ပျံ့နှံ့သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mohammad Farzi
နောက်ပြီး ဒီလို အွန်လိုင်းပေါ်က ဖေးမကူညီမှုတွေကနေ တကယ့် လက်တွေ့ဘဝမှာပါ မိတ်ဆွေ တွေလို ခင်မင်လာနိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ မိုဟာမက် က နောက်ထပ် ဒဏ်ရာရ အမျိုးသမီးတယောက် ဖြစ်တဲ့ ကိုဆာ အက်ဖတီဟာရီနဲ့ အတူ ကီလိုမီတာ ၉၀၀ အဝေးမှာ ရှိတဲ့ ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ အလာဟေး ကို မခွဲစိတ်ခင် လာတွေ့ခဲ့ပါတယ်။
တတ်နိုင်တာကတော့ ဒီတခုပဲ ရှိပါတယ်။ နာကျင်မှုတွေ၊ သောကတွေကို နားလည်ပါတယ်။ အချင်းချင်း ဖေးမကူညီကြရမှာပေါ့ လို့ မိုဟာမက် က ပြောပါတယ်။ လူမှုကွန်ရက်ပေါ်မှာလည်း အလားတူ ဒဏ်ရာရခဲ့သူတွေရဲ့ အောင်ပွဲ အမှတ်အသားလက် ၂ ချောင်း ထောင်ပြနေတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပါတယ်။
သူ့ ခွဲစိတ်မှု အပြီးမှာ နာကျင်မှုတွေ ကြားကပဲ အလာဟေး ကလည်း အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။ သူ့ နံဘေးမှာ ရှိပေးခဲ့ကြတဲ့ ဖခင်ဖြစ်သူ၊ မိုဟာမက် နဲ့ ကိုဆာတို့ကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။
ကျွန်မ ဒဏ်ရာချက်ကနေ မျှော်လင့်ချက်တွေ ဖူးပွင့်လာခဲ့ပြီလို့ အလာဟေး ကရေးသားထားပါတယ်။








