မိုဘိုင်းဖုန်း သုံးသူတွေ ထောင်ထဲ အချိန်မရွေး ရောက်သွားနိုင်တဲ့ အီရန်နိုင်ငံက အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရေးသားသူ - ခိုဆရို ခါလ်ဘာစီ အစ္စဖာဟာနီ၊ ဘီဘီစီ Monitoring
အီရန်နိုင်ငံက လူငယ်တွေ မိုဘိုင်းဖုန်းကနေတဆင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြောင်း ကမ္ဘာသိအောင်မျှဝေနိုင်ပေမယ့် တစ်ဖက်မှာလဲ အဲ့ဒီမိုဘိုင်းဖုန်းကြောင့် ထောင်ထဲ အချိန်မရွေးရောက်သွားနိုင်သလို အဲဒီထက် ဆိုးရွားတဲ့ အခြေအနေတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။
“ပါ့စ်ဝပ်နဲ့ ဖုန်းကိုဖွင့်ပေးစမ်း” အီရန်ရဲအရာရှိတစ်ယောက်က သူတို့ဖမ်းထားတဲ့ ဆန္ဒပြသမားတစ်ယောက်ကို အော်ငေါက်ပြီးဖုန်းကို အတင်းဖွင့်ခိုင်းနေတာပါ။
အဲဒီလို အော်ပြောတာနဲ့အတူ ဆန္ဒပြသမားရဲ့ မျက်နှာကိုလည်း လက်သီးနဲ့ထိုးပါတယ်။အသက်၂၀အရွယ် လူငယ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလနှောင်းပိုင်း အီရန်နိုင်ငံ တီဟီရန်မြို့က ဆန္ဒပြပွဲတစ်ခုမှာ အဖမ်းခံခဲ့ရတာပါ။
ရဲတွေလက်ကနေ အမျိုးသမီးတစ်ဦး လွတ်မြောက်ဖို့ သူဝင်ကူပြီးတဲ့နောက် ရဲတစ်ယောက်က သူ့ကို မြေပေါ်ဆွဲလှဲပြီး ဖမ်းချုပ်တာကို ခံလိုက်ရပါတယ်။
“ရဲ နှစ်ယောက်က ကျွန်တော့်ကျောနဲ့ မျက်နှာကို ခြေထောက်နဲ့ ဖိတယ်။ တတိယ တစ်ယောက်က ကျွန်တော့်ကို အကြိမ်ပေါင်းများစွာ ထိုးတာရိုက်တာတွေလုပ်တယ်”
ပြီးတော့ ရိုက်တာကို ခဏရပ်ပြီး သူ့ ဖုန်းကိုတောင်းတဲ့အတွက် သူ ပေးလိုက် ရပါတယ်။
ပြီးတော့ သူ့ ဖုန်းတင်မက ဖုန်းပါ့စ်ဝပ်ကိုပါတောင်းပြီး သူ့ကို ဗင်ကား တစ်စီးပေါ် ဖမ်းခေါ်သွားပါတယ်။ဒီဆောင်းပါးထဲမှာပါတဲ့ လူငယ်လေးနဲ့ အခြားလူတွေရဲ့ နာမည်ကို သူတို့ရဲ့ လုံခြုံရေးအရ မဖော်ပြထားပါဘူး။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခြားရဲတစ်ယောက်က ကျွန်တော့်ဖုန်းကို ဖွင့်ပြီး လှန်လှောမွှေနှောက်ရှာဖွေနေတဲ့အချိန် ဆက်အရိုက်ခံနေရသေးတယ်လို့ သူက ဘီဘီစီကိုပြောပါတယ်။
သူ့ဖုန်းထဲကို မိနစ်ပိုင်း ဝင်ရှာပြီးတဲ့အချိန် ရှာတဲ့သူက ဘာမှမတွေ့ဘူးလို့ ပြောတဲ့ အတွက် သူ့ကို ပြန်လွှတ်ပေးလိုက်တာပါ။
ရဲတွေက သူ့ဖုန်းထဲမှာရှိတဲ့ ဓာတ်ပုံတွေစုထားတဲ့ ဖိုင်ထဲဝင်ပြီး ဆန္ဒပြပွဲဓာတ်ပုံတွေ သူရိုက်ထားတာရှိလားလို့ ဝင်ကြည့်တဲ့အကြောင်း သူကပြောပြပါတယ်။
တကယ်လို့သာ သူ့ဖုန်းထဲမှာ ဆန္ဒပြပွဲ ဓာတ်ပုံ၊ ဗီဒီယိုတွေတွေ့ခဲ့ရင် တခြားဆန္ဒပြ သမားတွေလိုပဲ “နိုင်ငံတော်ကို ဆန့်ကျင် ဝါဒဖြန့်မှု” နဲ့ တရားစွဲခံရနိုင်ပါတယ်။
အီရန်အစိုးရက ဆန္ဒပြပွဲတွေကို နှိမ်နင်းနိုင်ဖို့ ပိုကြိုးစား လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ ဗီဒီယိုတွေ ရိုက်ကူးတာနဲ့ မျှဝေတာတွေကို ရာဇဝတ်မှုအဖြစ်အရေးယူလို့ရမယ့် ဥပဒေကြမ်းတစ်ခုကို ပြဋ္ဌာန်းဖို့ အီရန်လွှတ်တော်က ပြန်လည်သုံးသပ်နေပါတယ်။ အဲဒီပုဒ်မက ထောင်ဒဏ်ငါးနှစ်အထိ ချနိုင်ပြီး အဲဒီထဲမှာ “ဆန္ဒပြပွဲတွေကို တရား မဝင်ရိုက်ကူးမှု ” ဆိုတာလည်း ပါဝင်လာမယ်လို့ ယူဆရပါတယ်။
ပြီးတော့ ဆန္ဒပြတဲ့သူတွေကို ထောက်ခံနေတဲ့သူတွေထဲက လူသိအများဆုံး နာမည်ကြီးသူတချို့ကို အရေးယူနိုင်မယ့် ရာဇသတ်ကြီးဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့လည်း အီရန်လွှတ်တော်က ကြိုးပမ်းနေပါတယ်။
အဲဒီပုဒ်မအရ ဆူပူအုံကြွမှုဖြစ်စေနိုင်တဲ့ လှုံ့ဆော်မှုအဖြစ် သူတို့သတ်မှတ်တဲ့ ပြောဆိုမှုတွေ ကျူးလွန်တဲ့ဘယ်သူ့ကိုမဆို ထောင်ဒဏ်၁၅နှစ်အထိ ချမှတ် နိုင်ပါတယ်။
အင်စတာဂရမ်သုံးလို့ သေဒဏ်ပေးခံရတဲ့ အမှု
အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက 'ဆိုက်ဘာစပေ့' အင်တာနက်ကို စစ်မြေပြင်တစ်ခုလို သတ်မှတ်ထားပြီး အင်တာနက်ပေါ်က ဝေဖန်တိုက်ခိုက်နေတဲ့သူတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး ပြန်လည်တိုက်ခိုက်ကြဖို့ အီရန်အ စိုးရကို အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။
သူတို့ အီရန်အစိုးရနဲ့ သဘောထားကွဲလွဲမှု မှန်သမျှကိုလည်း အမေရိကန်နဲ့ မဟာမိတ် တွေက နောက်က အားပေးနေတာလို့ စွပ်စွဲနေပါတယ်။
ဆန္ဒပြတဲ့ နောက် လူငယ်တစ်ဦးက သူနဲ့ တခြားသူတွေကို "မုဒိမ်းကျင့်ပစ်မယ် ၊ သေဒဏ်ပေးခံရမယ်၊ မိသားစုဝင်တွေ အဖမ်းခံရမယ်" ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဖုန်းတွေ အတင်းဖွင့်ပြခိုင်းခဲ့တယ်လို့ ပြောပါတယ်။ သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက အခြားလူ ၃၀၀ နဲ့အတူ ဂိုဒေါင်တစ်ခုမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အဲဒီမှာ သူတို့မှာ အပြစ်ရှိကြောင်းကို ဝန်ခံကတိတွေ အတင်းလက်မှတ် ထိုးခိုင်းတာတွေ လုပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်တရားရေးဌာနက သေဒဏ်ချမှတ်ခဲ့တဲ့ ဆယ်ကျော်သက်တစ်ဦး အမှုမှာဆိုရင် သူ့မှာ အပြစ်ရှိကြောင်း သက်သေပြဖို့အတွက် အင်စတာဂရမ်က စတိုရီတွေ၊ အွန်လိုင်းမှာ ဆက်သွယ်စကားပြောတာတွေကို စခရင်ရှော့လုပ်ပြီး သက်သေအဖြစ် တရားခွင်မှာ တင်ပြခဲ့ပါတယ်။
အသက်၁၉နှစ်အရွယ် မိုဟာမက်ဘိုရိုရာနီကို “ဘုရားသခင်ကို ရန်ငြိုးဖွဲ့မှု”၊ လုံခြုံရေး အရာရှိတစ်ဦးကို ဓားနဲ့ထိုးမှု၊ ဆန္ဒပြပွဲတွေမှာ လူတွေပါဝင်လာအောင် “လှုံ့ဆော် အားပေး” မှုတွေနဲ့ သေဒဏ်ချခဲ့ပါတယ်။
သူသေဒဏ်ချခံရတဲ့ကိစ္စကို လူမှုကွန်ရက်မှာ လှုံ့ဆော်ကန့်ကွက်တာ၊ သူ့ကိုထားတဲ့ ထောင် အပြင်ဖက်မှာ စုရုံးတာတွေ ဇန်နဝါရီလထဲမှာ လုပ်ခဲ့တာကြောင့် သူ့ကိုအမိန့် ချထားတဲ့ အမှုကို ပြန်လည်စစ်ဆေးဖို့ တရားရုံးချုပ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။
ဟားဗတ်တက္ကသိုလ်က နည်းပညာ၊ ဥပဒေနဲ့ လူ့အခွင့်အရေးဆိုင်ရာ သုတေသီ အာဖဆန်နာ ရီဂေါ့က မိုဘိုင်းဖုန်းကိုင်တွယ်သုံးစွဲတဲ့ကိစ္စဟာ အီရန်မှာ ရာဇဝတ်မှု တစ်ခုလို ဖြစ်လာနေပြီလို့ ပြောပါတယ်။
သူဟာ အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်းအာဖရိကမှာ ဒစ်ဂျစ်တယ် အထောက်အထားတွေကို အသုံးပြုပြီး LGBTQ လိင်စိတ်ကွဲပြားသူ အသိုင်းအဝန်းက လူတွေကို အနိုင်ကျင့် နှိပ်စက်ညှဉ်းပန်းမှုတွေပြုလုပ်နေတာတွေနဲ့ ပတ်သက်ပြီး ဆယ်စုနှစ် တစ်ခုကြာ လေ့လာနေတဲ့သူဖြစ်ပါတယ်။
"အထူးသဖြင့် အစိုးရနဲ့ ရဲတပ်ဖွဲ့က ဒစ်ဂျစ်တယ်အထာက်အထားရှာတဲ့ နည်းပရိယာယ်ကို အသုံးပြုပြီး LGBTQ တွေရဲ့ တွေးခေါ်မှု၊ ထုတ်ဖော်ပြောဆိုမှုတွေကို ဖိနှိပ်၊ ရာဇဝတ်မှုနဲ့ တရားစွဲဖို့ ကြိုးစားနေတာတွေ့ရပါတယ် "
ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ သို့မဟုတ် အက်ပ်တွေ အသုံးပြုတဲ့ ဒစ်ဂျစ်တယ်အထောက်အထားတွေကို “မကြာခဏ တရားမ၀င်” ရယူပြီး သက်သေအထောက်အထား အဖြစ် အသုံးပြုနေတယ်လို့ သူကဆိုပါတယ်။
တစ်စုံတစ်ယောက်ရဲ့ အင်တာနက်အသုံးပြုမှု ရာဇဝင်မှတ်တမ်းက အီရန်အစိုးကို ဆန့်ကျင်တဲ့သူတွေကို သူတို့ရဲ့ “အတုအယောင်တရားရုံး”မှာ ရုံးတင်တရားစွဲဖို့ အကောင်းဆုံး သက်သေအထောက်အထားတွေ ဖြစ်လာပါတယ်။
“အီရန်လိုနိုင်ငံမျိုးမှာ LGBTQ တွေကို ရာဇ၀တ်သားတွေလို ပြုမှုဆက်ဆံပြီး၊ သူတို့ က ရာဇဝတ်မှုကျုးလွန်တဲ့ အတွေးအခေါ်ရှိတဲ့သူတွေ ခုခံတွန်းလှန်တတ်တဲ့သူတွေ၊ အပြစ်ရှိတဲ့သူတွေအဖြစ်သတ်မှတ်ခံနေရတယ်” လို့သူက ဆိုပါတယ် ။
"လူတစ်ယောက်မှာ အပြစ်ရှိတယ်လို့ ယူဆထားပြီး အရေးယူမယ်ဆိုရင် အထောက်အထားတွေ ရှာတာ၊ ဒါမှမဟုတ် အထောက်အထားတွေ အတုလုပ်ဖို့ပဲလိုတာ" လို့ သူက ဆက်ပြောပါတယ်။
ပစ်မှတ်ထား ရှာဖွေမှုတွေ
အီလက်ထရွန်းနစ်ပစ္စည်းတွေကို ဖမ်းဝရမ်းမပါဘဲ ပုံမှန်သိမ်းဆည်း တာတွေ အီရန် နိုင်ငံမှာ လုပ်နေပါတယ်။
တီဟီရန်မြို့က သတင်းထောက်တစ်ယောက်ရဲ့ မိသားစုနေအိမ်ကို ထောက်လှမ်းရေး အရာရှိတစ်ဒါဇင်လောက်က အောက်တိုဘာလတွင်းက ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ပြီးတော့ သူ့ကို ရက်သတ္တပတ်အတော်ကြာအောင် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဒါပေမယ့် သူ့အိမ်ကိုရှာဖွေခံရတဲ့ကိစ္စက သူတစ်ယောက်ထဲ ခံရတာမဟုတ်ပါဘူး။
အရပ်ဝတ်ထောက်လှမ်းရေးတွေက အိမ်ကလူတိုင်းရဲ့ ဖုန်းတွေကို သိမ်းဆည်း ခဲ့ပြီး အသက်၄၀ နှစ်အောက် လူတွေရဲ့ဖုန်းတွေထဲက သက်သေ အထောက်အထား တွေကို ရှာဖွေခဲ့ကြပါတယ်။
ဝှပ်စ်အပ်၊တယ်လီဂရမ်နဲ့ အင်စတာဂရမ်တို့ထဲမှာ ဘယ်သူတွေနဲ့ စကားပြောထားတယ်ဆိုတာတွေကို ရှာဖွေခဲ့တဲ့အပြင် လူမှုကွန်ရက်မီယာမှာတင်တဲ့ ပို့စ်တွေကို ရှာဖွေစစ်ဆေးခဲ့တယ်လို့ လူငယ်တစ်ယောက်က ဘီဘီစီကိုပြောပါတယ်။ ဒါပေမဲ့ သူတို့ အဓိက ရှာတာက ဖုန်းတွေရဲ့ ဓာတ်ပုံဖိုင်တွေထဲက ဓာတ်ပုံနဲ့ ဗီဒီယို အထာက်အထားတွေဖြစ်ပါတယ်။
အဲဒီလူငယ်ရဲ့ ဖုန်းထဲမှာတွေ့ရတဲ့ မိသားစုဓာတ်ပုံတွေကိုကြည့်ပြီး အမျိုးသမီးတစ်ယောက် သမရိုးကျ မဟုတ်တဲ့ အဝတ်အစားဝတ်ထားတာကို ထောက်လှမ်း ရေးတစ်ယောက်က သူ့ကို မေးခွန်းထုတ်ခဲ့ပါတယ်။
" ကိုယ်ပိုင်မိသားစုဓာတ်ပုံတွေနဲ့ပတ်သက်ပြီး လာမေးတာကို အဲ့ဒီအရာရှိနဲ့ ကျွန်တော် အငြင်းအခုံစဖြစ်တဲ့အချိန် 'ဆန္ဒပြတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကိုပဲ ရှာပါ၊ ကိုယ်ရေးကိုယ်တာပုံတွေ ထားလိုက်' လို့ သူတို့အဖွဲ့ခေါင်းဆောင်က ဝင်ပြောလိုက်လို့ အဲဒီကိစ္စပြီးသွားတာလို့ သူက ပြန်ပြောပြပါတယ်။
သူတို့အသက်အရွယ်နဲ့ နောက်ခံကြောင့် ထောက်လှမ်းရေးတွေက သူတို့ကိုပစ်မှတ် ထားတာလို့ သူက ယူဆပါတယ်။
“သူတို့ရဲ့ အဓိကရည်ရွယ်ချက်က အီရန်နိုင်ငံထဲက ဆန္ဒပြပွဲတွေရဲ့ ပုံတွေကို ကမ္ဘာက မမြင်စေချင်တာပါ”လို့ သူက ပြောပါတယ်။
ဆန္ဒပြတဲ့သူတွေကို အီရန်အာဏာပိုင်တွေက ကွပ်မျက်ချိန်ကစပြီး လမ်းပေါ်ထွက် စုဝေးမှုတွေ ကွက်တိကွက်ကျားပဲ ရှိတော့သလို ဆန္ဒပြလှုပ်ရှားမှုရဲ့ ဗဟိုချက်က အသုဘအခမ်းအနားတွေဘက်ကို ပြောင်းသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်အာဏာရှင် အစိုးရကလည်း မီဒီယာကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထား ပါတယ် ။
တီဗီ ရေဒီယို ထုတ်လွှင့်တဲ့ လိုင်းတွေအားလုံးကို အစိုးရက ထိန်းချုပ်ထားပြီး အစိုးရက ကျောထောက်ခံပေးထားတဲ့ သတင်းစာတွေကလည်း တရားဝင် ထုတ်ပြန်မှု တွေကိုပဲ ထပ်ခါထပ်ခါထုတ်ပြန်နေပါတယ်။
အစိုးရမူဝါဒတွေကို ဝေဖန်တဲ့ စာစောင်တွေကို ပိတ်ပင်တာ၊ ခြိမ်းခြောက်မှုတွေ လုပ်တာနဲ့ ဖမ်းဆီးမှုတွေကို အီရန်အစိုးရက ပြုလုပ်နေပါတယ်။
မီဒီယာတွေကို တားဆီးပိတ်ပင်ထားတဲ့အတွက် အီရန်နိုင်ငံသားအများစုက သတင်း အချက်အလက်ရဖို့ ဂြိုဟ်တုက တဆင့်ထုတ်လွှင့်တဲ့ တီဗီလိုင်းတွေနဲ့ အင်တာနက်ကိုပဲ အားထားကြရပါတယ်။
အီရန်အစိုးရ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ နိုင်ငံရဲ့ လူဦးရေ ၈၄ သန်းမှာ အင်တာနက်သုံးတဲ့သူက ၇၀ ရာခိုင်နှုန်း ရှိတယ်ဆိုပေမဲ့ တစ်ဖက်မှာလဲ ကမ္ဘာပေါ်မှာ အင်တာနက် ဆင်ဆာအဖြတ်ခံရဆုံး နိုင်ငံတစ်ခု အဖြစ်ရပ်တည် နေပါတယ်။
လူကြိုက်များတဲ့ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းတွေ၊ မက်ဆေ့ချ်ပို့လို့ရတဲ့ အက်ပ်တွေကို အီရန်မှာ ပိတ်ပင်ထားပါတယ်။
ဒီကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ဖို့ အီရန်နိုင်ငံသား အများစုက အီရန်အစိုးရ အပြင်းအထန် ပစ်မှတ်ထားနေတဲ့ ပရောက်စီ ကွန်ရက်တွေနဲ့ ပရောက်စီ ဝန်ဆောင်မှုတွေကို အသုံးပြုနေကြပါတယ်။
အင်တာနက် အသုံးပြုမှုကို တားဆီးပိတ်ပင်တဲ့ကိစ္စက အီရန်နိုင်ငံအတွက် အသစ် အဆန်းမဟုတ်ပေမယ့် အခုအခြေအနေက ပိုပြင်းထန်နေတယ်လို့ Article 19 လူ့အခွင့်အရေးအဖွဲ့ရဲ့ အကြီးတန်း သုတေသီ အာဖဆန်နာ ရီဂေါ့ကပြောပါတယ်။
"အာဏာရှင်နိုင်ငံတွေရဲ့ လက်ထဲကိုရောက်သွားတဲ့ ဒစ်ဂျစ်တယ်အထောက် အထားတွေက အလွန်အန္တရာယ်များတဲ့ သူတို့ရဲ့ လက်နက်ဖြစ်သွားတယ်" လို့ သူက သတိပေးပြောကြားခဲ့ပါတယ်။








