ဆန္ဒပြတဲ့သူနောက်တစ်ဦးကို အီရန်မှာ ကြိုးပေးကွပ်မျက်

ဓာတ်ပုံ ရင်းမြစ်, IHRIGHTS
ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ နောက်ထပ် အကျဥ်းသားတစ်ယောက်ကို ကွပ်မျက်လိုက်ပြီလို့ အီရန် အစိုးရက ပြောပါတယ်။
အသက်၂၃နှစ် မာဂျစ်ဒရီဇာရာနာဗတ်ကို တနင်္လာနေ့ အစောပိုင်းက Mashhad မြို့က လူမြင်ကွင်း မှာ ဘုရားသခင် အလိုတော်ဆန့်ကျင်မှုနဲ့ ကြိုးပေးကွပ်မျက်လိုက်တဲ့အကြောင်း အီရန်တရားရေးတရားရေးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
အရန်တပ် Basij Resistance Force တပ်ဖွဲ့ဝင်နှစ်ဦးကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ တရားရုံးက သူ့ကို စွဲချက်တင်ခဲ့ပြီး ၊ အဲ့ဒီအမှုနဲ့ သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။ သူအဖမ်းခံရတဲ့အချိန်နဲ့ ကွပ်မျက်ခံရတဲ့ရက်က ၂၃ရက်ပဲ ကြာပါတယ်။
အတုအယောင် ရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်ပြီး သေဒဏ် ချမှတ်ခဲ့တာလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောနေပါတယ်။
"တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေ၊ အတင်းအကျပ် ဝန်ခံခိုင်းတာတွေကို အခြေခံပြီး မာဂျစ်ဒရီ ဇာရာနာဗတ်ကို သေဒဏ်ချမှတ်ခဲ့တာပါ။ ဒီရာဇ၀တ်မှုကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး အီရန်နိုင်ငံဟာ ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမှာ" လို့ နော်ဝေအခြေစိုက် အီရန်လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ Mahmood Amiry-Moghaddam က တွစ်တာကတဆင့် ဖော်ပြခဲ့ပါတယ်။
ဆန္ဒပြတဲ့သူ ထောင်နဲ့ချီကို ဖမ်းဆီးထားပြီး၊အဲ့ဒီထဲက လူတစ်ဒါဇင်လောက်ကို သေဒဏ်ချထားတယ်။ ဆန္ဒပြသူ အစုလိုက်အပြုံလိုက် သေဒဏ်ပေးခံရမယ့်အန္တရာယ် ရှိနေတယ်” လိုလည်း သူက ထပ်ဖြည့်ပြောပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အသက်၂၃နှစ် မိုဇန်ရှီကာရီကို Basij လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးကို တိုက်ခိုက်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ကြာသာပတေးနေ့က ပထမဆုံး ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
Basij လုံခြုံရေးတပ်ဖွဲ့ဟာ သဘောထားကွဲလွဲတဲ့ ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ အီရန်အစိုးရကို သစ္စာခံတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့ပါ။
ဟီဂျပ် သို့မဟုတ် ခေါင်းစည်းပဝါဝတ်တာ ပုံစံမကျ ကျင့်ဝတ်နဲ့မညီဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရတဲ့ အသက် ၂၂ နှစ်မာရှာအာမီနီ စက်တင်ဘာ၁၃ရက်နေ့က အချုပ်ခန်းထဲ သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမျိုးသမီးတွေဦးဆောင်တဲ့ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
ပြည်နယ် ၃၁ ခုက မြို့ ၁၆၁ မြို့အထိ ဆန္ဒပြပွဲတွေ ပျံ့နှံ့သွားပြီး ၁၉၇၉ တော်လှန်ရေးနောက်ပိုင်း အီရန်အစိုးရအတွက် အဆိုးရွားဆုံး စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်လာပါတယ်။
ဆန္ဒပြသူ အများစုက လက်နက်မဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်ကြပေမယ့်၊ ဆန္ဒပြပွဲတွေကို နိုင်ငံရပ်ခြားက အီရန်အစိုးရ ရန်သူတွေ နောက်ကကြိုးကိုင်တဲ့ အဓိကရုဏ်းအဖြစ် အီရန်အစိုးရက ပုံဖော်ထားပါတယ်။
အခုအချိန်အထိ ဆန္ဒပြသူ ၄၈၈ ဦးထက်မနည်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခံခဲ့ပြီး ၁၈၂၅၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ သတင်းအေဂျင်စီ (HRANA) ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ၆၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။








