ကိုယ့်ဘဏ်စာရင်းထဲက ငွေတွေကို ခြိမ်းခြောက်လိမ်လည်ရယူနေမှုတွေအတွက် ဗဟိုဘဏ်က ဘာလုပ်ပေးနိုင်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အွန်လိုင်းပေါ်တွင် Account ပိတ်မည်ဟု ခြိမ်းခြောက်လိမ်လည်နေခြင်းများနှင့်စပ်လျဉ်း၍ ဘဏ်သုံးစွဲသူများအား အကာအကွယ်ပေးထားသော ဥပဒေ လုပ်ထုံးလုပ်နည်းများအကြောင်း ဘီဘီစီ၏ မေးမြန်းချက်ကို ဗဟိုဘဏ်မှ ယခုကဲ့သို့ ပြန်လည်ဖြေကြားလာပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ လိုင်စင် ထုတ်ပေးထားသည့် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ (မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများ အပါအဝင်) ကိုသာ ဆက်သွယ် ဆောင်ရွက်လေ့ရှိပြီး လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းကို တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ခြင်းမျိုးမရှိပါ။ အကယ်၍ သက်ဆိုင်ရာ လူပုဂ္ဂိုလ်က ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူတိုင်ကြားလာသည်များရှိမှသာ ဗဟိုဘဏ်အနေနဲ့စိစစ်ပြီး အဆိုပါလူပုဂ္ဂိုလ်အား ပြန်လည်ဆက်သွယ်ဆောင်ရွက်ခြင်းမျိုးရှိ ပါသည်။
အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား ငွေစာရင်းပိတ်သိမ်းခံရမည်ဟု တစ်စုံ တစ်ယောက်က ဗဟိုဘဏ်အမည်ကိုသုံး၍ ဆက်သွယ်ပြောဆိုလာပါက လိမ်လည်ပြောဆို ခြင်းသာဖြစ်ပါမည်။
ငွေစာရင်းပိတ်သိမ်းမည်ဟု ပြောလာသည့်အခါ
ငွေစာရင်းပိတ်သိမ်းမည်ဆိုသည့်ကိစ္စအပေါ် အနည်းငယ် ဆွေးနွေးလိုပါသည်။ ငွေစာရင်း ပိတ်သိမ်းခြင်းကို တရားရုံးအမိန့်အရသာ ဆောင်ရွက်ခွင့်ရှိပါသည်။ ငွေစာရင်းယာယီတားဆီး ခြင်းကိုမူ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတို့အရ သက်ဆိုင်ရာဗဟိုအဖွဲ့များက စုံစမ်းစစ်ဆေးရန် ရည်ရွယ်ချက်ဖြင့် ညှိနှိုင်းလာသည့်အခါမှ ဗဟိုဘဏ်က သက်ဆိုင်ရာ ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်း များသို့ ငွေစာရင်းယာယီတားဆီးပေးရန် ဆက်လက်အကြောင်းကြားရပါသည်။ ယခုကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းအား ဆက်သွယ်ပြောဆိုခြင်းမပြုသည်ကို ထပ်မံ ပြောကြားလိုပါသည်။
မိမိ၏ ငွေစာရင်းရှိရာဘဏ်နှင့် ဆက်သွယ်အတည်ပြုမေးမြန်းသင့်
ငွေစာရင်းပိတ်သိမ်းမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခံရသူများအနေဖြင့် အမှန်တကယ် ပိတ်သိမ်းခံရမည်ဟုတ် မဟုတ်ကို မိမိအသုံးပြုသည့် သို့မဟုတ် မိမိငွေစာရင်းဖွင့်လှစ်ထား သည့် သက်ဆိုင်ရာဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်းများ၏ Call Center သို့ ဆက်သွယ်မေးမြန်းအတည်ပြုရမည်ဖြစ်ပါသည်။
အကယ်၍ ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများက ယာယီပိတ်သိမ်းတားဆီးခံရကြောင်း အတည်ပြုပါက မိမိအနေဖြင့် တရားဥပဒေနှင့် ငြိစွန်းသော ကိစ္စရပ်များဆောင်ရွက်ထားခြင်း မရှိဘဲ ငွေစာရင်းယာယီတားဆီးခြင်း ခံရသည်ဟု ယူဆပါက သက်ဆိုင်ရာဘဏ်နှင့် မိုဘိုင်း ငွေရေးကြေးရေး ဝန်ဆောင်မှု ပေးသူများ အဖွဲ့အစည်းမှတစ်ဆင့်သော်လည်းကောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူ၍သော်လည်းကောင်း ငွေစာရင်းယာယီတားဆီးခံရခြင်းနှင့် စပ်လျဉ်း၍ အချက်အလက် အပြည့်အစုံဖော်ပြ၍ စာဖြင့်ပေးပို့မေးမြန်းတင်ပြနိုင်ပါသည်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုသို့တင်ပြလာပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တင်ပြပါငွေစာရင်းအား ယာယီ တားဆီးရန်အကြောင်းကြားခဲ့ခြင်း ဟုတ် မဟုတ် ပြန်လည်စိစစ်၍ သက်ဆိုင်ရာဗဟိုအဖွဲ့များ သို့ ပြန်လည်မေးမြန်း၍ ပြန်ကြားပေးလျက်ရှိပါသည်။
ဗဟိုဘဏ်၏ ထုတ်ပြန်အသိပေးချက်များကို လေ့လာပါ။
ပြည်သူများအနေဖြင့် ခြိမ်းခြောက်၍ အလိမ်မခံရစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website နှင့် သက်ဆိုင်ရာဘဏ်များ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့ အစည်းများ၏ Website များသို့ ဝင်ရောက် လေ့လာ၍ လွှင့်တင်ထားသည့် ဥပဒေ၊ စည်းမျဉ်း နှင့် ညွှန်ကြားချက်များကို လေ့လာနိုင်ပါသည်။
မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြားချက်ကို ၃-၁၂-၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာစည်းမျဉ်းကို ၃၀-၃-၂၀၁၆ ရက်နေ့ တွင်လည်းကောင်း ထုတ်ပြန်ခဲ့ပါသည်။ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြားချက်သည် ဘဏ်ဦးဆောင်ပုံစံဖြင့် ဘဏ်များက ဝန်ဆောင်မှုပေးသည့် မိုဘိုင်းဘဏ်လုပ်ငန်းနှင့် သက်ဆိုင် ပြီး မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်းသည် ဘဏ်မဟုတ်သည့် အဖွဲ့အစည်းများက ဝန်ဆောင်မှုပေးသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းနှင့် သက်ဆိုင်ပါသည်။
ဆက်သွယ်ဆောင်ရွက်သူ (Customer) ၏ အကာအကွယ်ပေးရေးအစီအစဉ်နှင့် စပ်လျဉ်း ၍ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြားချက် အပိုဒ်(၃၀) မှ အပိုဒ် (၃၃)အထိ ၌လည်းကောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်းတွင် အခန်း(၇) နှင့် (၈) ၌လည်းကောင်း ဆောင်ရွက်ရန်အချက်များကို သတ်မှတ်ထားပါသည်။ ယင်းသတ်မှတ်ချက်များတွင် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု ပေးသူများသည် ဖောက်သည်၏ အခွင့်အရေးများ ကာကွယ်ခြင်းနှင့် အငြင်းပွားမှု ပြဿနာဖြေရှင်းခြင်းတို့ကို ဆောင်ရွက်ရန်နှင့် တိုင်တန်းချက် များ လက်ခံဆောင်ရွက်ခြင်းတို့အတွက် ထိရောက်သည့်လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်ရန် အချက်များပါရှိပါသည်။ ယင်းညွှန်ကြားချက်နှင့် စည်းမျဉ်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။








