ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဩဂုတ် ၃ ရက် နိုင်ငံတဝန်းသတင်းများ အနှစ်ချုပ်- ''NLD အစိုးရသက်တမ်းမှာ စစ်တပ်ကို မုန်းတီးအောင်လှုံ့ဆော်ခဲ့တယ်''
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဦးဆောင်တဲ့ အစိုးရ သက်တမ်းတလျှောက်မှာ စစ်တပ်ကို မုန်းတီးစေတဲ့ ရေးသားပြောဆိုတာတွေ၊ လှုံ့ဆော်တာတွေကို သွယ်ဝိုက်တဲ့နည်း ဒါမှမဟုတ် တိုက်ရိုက် လုပ်ဆောင်တာတွေရှိခဲ့တယ်လို့ စစ်ခေါင်းဆောင်က ပြောလာပါတယ်။
ဩဂုတ် ၂ ရက်က ပဲခူးတိုင်း၊ တောင်ငူမြို့က တောင်ပိုင်းတိုင်း စစ်ဌာနချုပ်(တပခ) ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိချိန်မှာ သူက အဲဒီလို ပြောခဲ့တဲ့အကြောင်း နိုင်ငံပိုင်သတင်းစာတွေကဖော်ပြပါတယ်။
စစ်ခေါင်းဆောင်က NLD အစိုးရသက်တမ်းနဲ့ပတ်သက်ပြီး အခုလို ဝေဖန်ပြောဆိုလိုက်တာဖြစ်ပေမဲ့ ဘယ်လို ကိစ္စတွေ လုပ်ခဲ့တယ်ဆိုတာမျိုး သူ့မိန့်ခွန်းမှာ တိတိပပ ပြောထားတာ မရှိပါဘူး။
ဒါပေမဲ့ NLD အစိုးရလက်ထက်မှာ စီးပွားရေး၊ အုပ်ချုပ်ရေးအပါအဝင် ကဏ္ဍအသီးသီးမှာ လုပ်ငန်းတာဝန်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်တာမရှိခဲ့လို့ အဘက်ဘက်မှာ ကျဆင်းမှုတွေ ဖြစ်ခဲ့ရတယ်လို့လည်း သူက စွပ်စွဲထားတာတွေ့ရပါတယ်။
မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ပြည်တွင်း စီးပွားရေးဟာ NLD အစိုးရ လက်ထက်တုန်းကထက် တိုးတက်မှုရှိသလို မြန်မာ့စီးပွားရေးကျုံ့နိုင်ခြေရှိတယ်ဆိုတဲ့ ကမ္ဘာ့ဘဏ် ခန့်မှန်းချက်ကို အမှားအယွင်းရှိတယ်လို့ဆိုပြီး စစ်ခေါင်းဆောင်က မကြာသေးခင်တုန်းကပြောထားပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂဖွဲ့ဖြိုးတိုးတက်ရေးအစီအစဉ်(UNDP) က မကြာသေးခင်တုန်းက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာရဲ့ ပြည်တွင်းအသားတင်ထုတ်လှုပ်မှုတန်ဖိုးဟာ ကိုဗစ်ကပ်ဘေးဖြစ်တဲ့ ၂၀၂၀ ခုနှစ်ကတည်းကဆိုရင် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားလို့ ၂၀၁၀ ပြည့်နှစ်ကာလတုန်းက စီးပွားရေး အခြေနေကို ပြန်သွားနေတယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဇူလိုင် ၂၉ ရက်မှာ ကျင်းပတဲ့ ကာလုံအစည်းအဝေးမှာလည်း လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံအခြေအနေအရပ်ရပ်ဟာ NLD ကြောင့် ဖြစ်တာလို့ဆိုပြီး အပြစ်ဖို့ ပြောခဲ့ပါသေးတယ်။
မလေးရှား အစည်းအဝေးကို မတက်ရောက်နိုင်ကြောင်း NLD စာပို့
အာဆီယံအလှည့်ကျ မလေးရှားနိုင်ငံက ဖိတ်ကြားတဲ့ မြန်မာက သက်ဆိုင်သူများပါဝင်တဲ့ အစည်းအဝေး ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ ပြည်ပသွားလာရေး အခက်အခဲတွေကြောင့် မတက်ရောက်နိုင်တဲ့အကြောင်း NLD က အာဆီယံအထူးကိုယ်စားလှယ်ကို အကြောင်းပြန်လိုက်ပါတယ်။
အဲဒီအစည်းအဝေးပွဲကို ကွာလာလမ်ပူမြို့မှာ ဩဂုတ် ၄ ရက်ကနေ ဩဂုတ် ၇ ရက်အထိ ကျင်းပမှာဖြစ်ပြီး အစည်းအဝေးပွဲကို မတက်ရောက်နိုင်တဲ့အကြောင်း NLD က ဒီနေ့မှာ စာထုတ် အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။
အစည်းအဝေးကို မတက်ရောက်နိုင်ပေမဲ့လည်း မြန်မာ့အရေးမှာ ဒေါ်အောင်ဆန်းစုကြည်မပါရင် ပြေလည်မယ့်လမ်းစ မတွေ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ အမြန်ဆုံးလွတ်မြောက်ဖို့ လိုအပ်ကြောင်း အပါအဝင် NLD ပါတီရဲ့ အချက် ၈ ချက်ပါတဲ့ သဘောထားကို အကြောင်းပြန်စာမှာ ထည့်သွင်းထားပါတယ်။
နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရမှာကို NLD ပါတီအနေနဲ့ ယုံကြည်သလို မြန်မာ့ပြဿနာတွေ ပြေလည်အောင် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက် ချမှတ်ပြီး ကြိုးပမ်းနေတာကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
စစ်တပ်ကနေ ရွေးကောက်ခံ ပြည်သူ့အစိုးရဆီက အာဏာသိမ်းလိုက်တာဟာ မြန်မာ့ပြဿနာ အရင်းအမြစ်ဖြစ်တာကြောင့် စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ စာမှာ ဖော်ပြထားပါတယ်။
လူထုယုံကြည် ထောက်ခံထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မြန်မာ့နိုင်ငံရေးကနေ ဖယ်ထုတ်ပြီး ရွေးကောက်ပွဲကျင်းပတာဟာ ပြည်သူလူထုရဲ့ ထောက်ခံချက် အစစ်အမှန်ရမှာ မဟုတ်ဘူးလို့ NLD က စာမှာ ရေးသားထားပါတယ်။
ဒ့ါကြောင့် ပိုမိုရှုပ်ထွေးလာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကန့်ကွက်တားဆီးဖို့ နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကာကွယ်ပေးနိုင်မယ့် အစီအစဉ်တွေကို အာဆီယံအနေနဲ့ ချမှတ်ဖို့ကိုလည်း မေတ္တာရပ်ခံထားတာပါ။
လူသားချင်း စာနာထောက်ထားမှု အကူအညီအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတာတွေကို ရပ်တန့်ဖို့အတွက် လိုအပ်တဲ့ အစီအစဉ်တွေ ချမှတ်ပေးဖို့ကိုလည်း NLD က တောင်းဆိုထားပါတယ်။
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ၁ နှစ်ခွဲအတွင်း ပိုင်ရှင်မဲ့အလောင်းတွေ့မှု ပိုများလာ
မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ၁ နှစ်ခွဲကျော်ကာလအတွင်း လမ်းဘေးမှာ သေဆုံးတဲ့ ပိုင်ရှင်မဲ့ အလောင်းတွေ တွေ့ရှိရတာ အဲဒီမတိုင်ခင် အလားတူကာလကထက် ပိုများလာတယ်လို့ မန္တလေးမြို့ လူမှုကူညီရေးအသင်းတွေ ဆီကနေ သိရပါတယ်။
မန္တလေးမြို့မှာရှိတဲ့ နာရေးနဲ့ လူမှုကူညီရေးအသင်းတွေကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ လွန်ခဲ့တဲ့ ၁ နှစ်ခွဲအတွင်း လမ်းဘေးမှာ သေဆုံးတဲ့ ပိုင်ရှင်မဲ့အလောင်းတွေရှိလာတဲ့အကြောင်း အသင်း ၃ သင်း စလုံးက ဘီဘီစီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး တစ်လကို သုံးလောင်းလောက် ကောက်ယူနေရတယ်လို့ လူမှုကူညီရေးအသင်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
"ပိုင်ရှင်မဲ့အလောင်းဆိုတာမှာ သတ်ပြီးမှ စွန့်ပစ်တာမဟုတ်ဘူး။ လမ်းဘေးမှာ လှည့်ပတ်သွားလာနေရင်း ဆုံးတဲ့သူတွေ များတာပေါ့။ သူတို့ကို ကြည့်လိုက်ရင် အဟာရပြတ်ပြီး သေဆုံးတာနဲ့ ရောဂါကြောင့် သေဆုံးတာတွေလည်းရှိတယ်"လို့ သူက ပြောပါတယ်။
သေဆုံးသူတွေဟာ အစားအသောက် ပုံမှန်မစားရတာကြောင့် ခန္ဓာကိုယ် ပိန်လီနေသလို ရာသီဥတု ဒဏ် အကာအကွယ်မပေးနိုင်တဲ့ နေရာတွေမှာ အိပ်စက်ရတာကြောင့်လည်း သေဆုံးခဲ့ကြတာကို တွေ့ရတယ်လို့ သူက မှတ်ချက်ပေးပါတယ်။
တချို့အလောင်းတွေဆိုရင် လူမြင်ရတဲ့ နေရာမှာ မရှိတာကြောင့် အနံ့ထွက်လာတဲ့အခါမှ ရှာကြည့်ရင်း မြောင်းတွေ၊ ချောင်းတွေထဲမှာ အလောင်းကို ရှာတွေ့တာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
နောက်ထပ် အသင်းတစ်ခုရဲ့ တာဝန်ရှိသူကလည်း "လမ်းဘေးက ပိုင်ရှင်မဲ့အလောင်းတွေဆိုရင် (မန္တလေး) ဆေးရုံကြီးရဲ့ ရင်ခွဲရုံကို ပို့ရတယ်။ ရေခဲတိုက်ထဲမှာ ၅ ရက်ထားပြီး လာစုံစမ်းတဲ့သူ၊ လာမေးတဲ့သူမရှိဘူးဆိုရင် သင်္ဂြုဟ်လိုက်တာ " လို့ ပြောပါတယ်။
လူတစ်ယောက်ပျောက်တယ်ဆိုရင် မိသားစု၊ မိတ်ဆွေအများစုက ဆေးရုံတွေကိုပါ လိုက်စုံစမ်းတာတွေရှိတတ်တာကြောင့် အခုလို ၅ ရက်အထိ စောင့်ဆိုင်းပေးတာပါ။
ဒါပေမဲ့ လမ်းဘေးမှာ သေဆုံးကြသူ အများစုကတော့ လာရောက်စုံစမ်းတဲ့ မိသားစုဝင်၊ မိတ်ဆွေတွေ မရှိကြသူတွေများတယ်လို့ မန္တလေးက လူမှုကူညီရေး၊ နာရေးအသင်းတွေက ပြောကြပါတယ်။
USDP ဥက္ကဋ္ဌ ဦးခင်ရီ လူသိများတဲ့အနုပညာရှင်တချို့နဲ့တွေ့
စစ်ဗိုလ်ချုပ်ဟောင်းတွေကို ထိပ်ပိုင်းခေါင်းဆောင်ထားပြီး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)က ဥက္ကဋ္ဌ ဦးခင်ရီဟာ လူသိများတဲ့ အနုပညာရှင်တချို့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံတယ်လို့ USDP က ထုတ်ပြန်လာပါတယ်။
ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့တဲ့အဲဒီတွေ့ဆုံပွဲမှာ နေအောင်၊ စိုးမြတ်သူဇာ၊ ရန်အောင်၊ မိုးဒီ၊ ငှက်ပျောကြော် အပါအဝင် နာမည်ကြီး လူသိများတဲ့ သရုပ်ဆောင်၊ ဟာသ၊ ဒါရိုက်တာတွေ လာကြတာကို USDP က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့၊ နှစ်သက်တဲ့ ပါတီကို မဲပေးဖို့တွေကို ဆွေးနွေးကြသလို ပါတီရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မီဒီယာတွေကိုလည်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
"ခေါင်းစဉ်တွေ မယ်မယ်ရရ မရှိပေမဲ့ ရှိရင်းစွဲ ခင်မင်ရင်းနှီးမှုတွေကို အကြောင်းပြုပြီး စကားတွေ ပြောဖြစ်ခဲ့ပါတယ်။ ဇူလိုင် ၃၀ ရော ၃၁ ရက်မှာပါ တနေကုန် အစီအစဉ်တွေက များပြားလွန်းပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ နှစ်ဦးနှစ်ဘက်အကျိုးရှိစေတဲ့ ကိစ္စတွေ ဆွေးနွေးပြောကြားခဲ့ရတယ်"လို့ ဇူလိုင် ၃၀ နဲ့ ၃၁ ရက် လှုပ်ရှားမှုတွေအကြောင်း ဦးခင်ရီရဲ့ ဗွီဒီယိုမှတ်တမ်းမှာ ပြောထားပါတယ်။
ဇူလိုင် ၃၀ ရက်မှာလည်း ရန်ကုန်မြို့ထဲက မြန်မာတောင်သူလယ်သမား တိုးတက်မြင့်မားရေး ဖောင်ဒေးရှင်းနဲ့ တွေ့ဆုံပြီး တောင်သူလယ်သမားတွေရဲ့ သွင်းအားစု၊ မျိုးစပါး၊ ချေးငွေနဲ့ ဈေးကွက်တွေအကြောင့် ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ဦးခင်ရီအပါအဝင် စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ မြို့နယ်တွေက USDP ပါတီဝင်တွေဟာ ဘိုးဘွားရိပ်သာတွေ၊ စာသင်ကျောင်းတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံတာတွေက ဆက်တိုက်ရှိနေပါတယ်။
ပင်လောင်းမြို့နယ်မှာ မိုးကြီးပြီးနောက် စာသင်ကျောင်းပေါ် မြေပြိုကျမှုဖြစ်
ရှမ်းတောင်အပါအဝင် တိုင်းနဲ့ပြည်နယ် ၅ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးဇလပြော
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးသည်းခဲ့တာကြောင့် ပင်လောင်းမြို့နယ်ထဲက ကျေးရွာနှစ်ရွာမှာ မနေ့က မြေပြိုမှုဖြစ်ခဲ့ပြီး စာသင်ကျောင်းနဲ့ နေအိမ် တချို့ပျက်စီးခဲ့တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ရှမ်းတောင် အပါအဝင် ပြည်နယ်နဲ့တိုင်း အချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်တွေ ဆက်တိုက်ထုတ်နေချိန်မှာပဲ အခုလိုမြေပြိုမှုတွေ ဖြစ်ခဲ့တာပါ။
မြေပြိုမှုတွေဖြစ်ခဲ့တဲ့ရွာတွေဟာ ပင်လောင်းမြို့နယ်ထဲက လွယ်မောင်းရွာနဲ့ ထီဝါးလီရွာ ကျေးရွာတွေဖြစ်ပြီး မနေ့ နေ့လယ်ပိုင်းမှာ မြေပြိုခဲ့တာလို့ အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။
နောက်ထပ် မြေပြိုနိုင်တဲ့အန္တရာယ်ကြောင့် အဲဒီကျေးရွာနှစ်ရွာက ဒေသခံတွေ ဘေးလွတ်ရာပြောင်းဖို့ ပြင်နေချိန်မှာပဲ ရှမ်းတောင်အပါအဝင် ပြည်နယ်နဲ့တိုင်း ၅ ခုမှာ မိုးကြီးနိုင်တယ်လို့ မိုးလေဝသဌာနက ဒီနေ့ မနက်ပိုင်းမှာ သတိပေးချက် ထပ်မံထုတ်ပြန်ထားပါတယ်။
ပင်လောင်းမှာတော့ လက်ရှိအချိန်အထိ မိုးသည်းနေသလို မြေပြိုတာတွေ ထပ်ဖြစ်လာနိုင်တာကြောင့် မြေပြိုခဲ့တဲ့ကျေးရွာတွေက တောင်စောင်းမှာ နေထိုင်သူတွေက နေရာရွှေ့ပြောင်းနေကြရပါတယ်။
"အိမ်ပြိုတာတော့ ၄ ၊ ၅ လုံးတော့ ရှိသွားပြီ။ အိမ်အများစုက တောင်စောင်းတွေမှာ ရှိနေတာဆိုတော့ ထပ်ပြိုကျမှာကြောက်လို့ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေကိုရော ဘေးလွတ်တဲ့နေရာ ရွှေ့ပေးဖို့ အကူအညီလိုအပ်နေပါတယ်။ အခုဆို ဘုန်းကြီးကျောင်းနဲ့ မြေပြိုတာ လွတ်မယ်ထင်တဲ့နေရာတွေကို ရွှေ့ထားရတယ်"လို့ ကူညီပေးနေသူက ပြောပါတယ်။
မိုးသည်းနေတာကြောင့် ထီးဝါးလီစာသင်ကျောင်းက ကျောင်းသားတွေကို စောစောအိမ်ပြန်လွှတ်လိုက်တဲ့အတွက် စာသင်ကျောင်းပေါ် မြေပြိုကျချိန် လူ အထိအခိုက်မရှိခဲ့ဘူးလို့ အထိအခိုက် မရှိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကျေးရွာနှစ်ရွာထဲက နေအိမ်တွေထဲကို မိုးရေ၊ ချောင်းရေတွေနဲ့အတူ ရွှံ့နွံရေတွေ ဝင်ရောက်နေပြီး လမ်းတွေမှာလည်း သစ်ပင်တွေ လဲကျပြိုလဲနေတယ်လို့လည်း သိရပါတယ်။
ဒါ့ကြောင့် ပင်လောင်းမြို့ပေါ်ကို သွားတဲ့ လမ်းမကြီးပေါ်ရောက်ဖို့ နွံတွေ၊ ပြိုလဲနေတဲ့ သစ်ပင်တွေကြားကနေ မိနစ် ၂၀ လောက် လမ်းလျှောက်ပြီး သွားနေကြရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဩဂုတ် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် ရေကြီး ၊ မြေပြိုတဲ့အန္တရာယ်တွေ ရှိနိုင်တာကြောင့် ဘေးလွတ်ရာကို ရှောင်တိမ်းဖို့ကိုလည်း မိုးဇလက သတိပေးထားပါတယ်။