ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေရဲ့ ကျန်းမာရေး
နိုဝင်ဘာ ၈ ရက်ဟာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့တာ လေးနှစ်ပြည့်ခဲ့ပါပြီ။ အဲဒီ ရွေး ကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အများစု အနိုင်ရခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းမှုနဲ့အဆုံးသတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီ ထိပ်ပိုင်း ခေါင်းဆောင်အများစုကို စစ်တပ်က ဖမ်းဆီးထားတာလည်း လေးနှစ်နီးပါး ရှိနေပါပြီ။
သူတို့အများစုဟာ အသက်အရွယ်ကြီးနေကြပြီ ဖြစ်သလို ရောဂါအခံတွေလည်း ရှိနေကြပါတယ်။
ထိန်းသိမ်းခံခေါင်းဆောင်တွေထဲ ပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က၈၃ နှစ်နဲ့ အသက် အကြီးဆုံး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ၈၀ နှစ်နဲ့ ဒုတိယအသက် အကြီးဆုံးဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းနဲ့ ပါတီဗဟိုကော်မတီဝင် မုံရွာအောင်ရှင်တို့ ကွယ်လွန်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည် အားအထားရဆုံးပုဂ္ဂိုလ်တွေဖြစ်တဲ့ ပါတီ နာယက ဦးတင်ဦး၊ ပါတီ ဒုတိယဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်တို့ ကွယ်လွန်ခဲ့ကြပါတယ်။
အထူးသဖြင့် သွေးကင်ဆာရောဂါခံစားနေရပြီး ပြည်ပကိုထွက်ခွာဆေးကုသခွင့်လိုအပ်နေတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ဖမ်းဆီးခံရပြီးနောက် ပြည်ပထွက်ခွာခွင့်မရတော့သလို လုံလောက်တဲ့ ဆေးကုသမှုမရခဲ့ဘူးလို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
ICU ရောက်မှ လွတ်ငြိမ်း ရခဲ့သူ
“သားကြီး ကိုဉာဏ်ရေ အဖေ မောလိုက်တာကွာ၊ COPD Exacerbation လို့ ပြောတယ်ကွာ”
ဒါဟာ ဒေါက်တာဇော်မြင့်မောင်က သူမကွယ်လွန်ခင် မိသားစုထံ နောက်ဆုံးရေးသားပေးပို့ခဲ့တဲ့ စာ ထဲမှာ ပါရှိတဲ့ သူခံစားနေရတဲ့ဝေဒနာတွေကို ရေးပြခဲ့တဲ့ စာသားတစ်ခုဖြစ်တယ်လို့ သူ့ဇနီး ဒေါက်တာယုယုမေ က ရေးထားပါတယ်။
COPD ဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါဖြစ်ပြီး ပိုဆိုးလာနေတဲ့အကြောင်း ဒေါက်တာဇော်မြင့်မောင်က ရေးခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာဇော်မြင့်မောင်မှာ သွေးကင်ဆာအပြင် COPD ရောဂါပါ ခံစားခဲ့ရပုံရပါတယ်။
ဆရာဝန်ဖြစ်သူ သားအကြီး ဒေါက်တာဉာဏ်ဝေဖြိုးက ဖခင်ဖြစ်သူကို ကုသပေးနေတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး အကြံပေးလေ့ရှိတာကြောင့် သူ မကွယ်လွန်ခင် နောက်ဆုံး သတိရှိနေသေးတဲ့ရက်မှာ သားဖြစ်သူကို အားကိုးတကြီးနဲ့ တိုင်ပင်ခဲ့တဲ့စာ လို့ ဒေါက်တာယုယုမေက ‘ပြည်သူချစ်တဲ့ ဆရာဇော်’ စာအုပ်မှာ ရေးသားခဲ့ပါတယ်။
ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်က ကျန်းမာ ရေးစစ်ဆေးတဲ့အချိန်မှာ သွေးကင်ဆာလို့ သိခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံမှာ ဆေးသွား ကုသတဲ့ အချိန် ရလဒ်ကောင်းတွေရရှိခဲ့ပြီး လူကောင်းတစ်ယောက်နီးပါး ပြန်ပြီးကျန်းမာလာတာကြောင့် နိုင်ငံ့တာဝန်တွေကို ပြန်လည်ထမ်းဆောင်နိုင်ခဲ့တယ်လို့ NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ပြည်ပထွက် ဆေးကုသခွင့် ဆုံးရှုံးသွားခဲ့ပြီး အသက်ရှင်သန်နိုင်တဲ့ အခွင့်အရေးပါ ဆုံးရှုံးသွားခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်ဟာ သူ့ရောဂါပျောက်အောင် ကုလို့မရသလို ကင်ဆာဆေးတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတာကို စိတ်ကုန်လာခဲ့တယ်လို့ ဒေါက်တာယုယုမေက ရေးပါတယ်။
ထောင်တွင်းမှာ လေကောင်းလေသန့် မရသလို လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အာဟာရပြည့်ဝတဲ့အစားအစာ အမြဲမရရှိကြောင်း၊ ထောင်ဝင်စာက နှစ်ပတ် တကြိမ် ပို့ရပြီး တရားဝင် စာကို နှစ်ပတ်တကြိမ်ရေးခွင့်ရှိတယ်ဆိုပေမဲ့ ဒေါက်တာဇော်မြင့်မောင်ထံက ပြန်စာကို တော့ စိစစ်နေလို့ဆိုပြီး ပုံမှန်မရတာကြောင့် စာရချိန်မှာ အဲဒီစာထဲမှာ မှာလိုက်တဲ့ဆေး၊ လိုအပ်တဲ့ ပစ္စည်းဟာ ပစ္စည်းပို့ရတဲ့ပါဆယ်ချိန်မမီတော့ရင် နောက် နှစ်ပတ် စောင့်ပြီးမှ ပို့ပေးရတဲ့ အနေအထားဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တာဝန်ရှိသူကို ဘယ်လိုပဲ တင်ပြပေမဲ့ အဆင်မပြေခဲ့ဘူးလို့ ဒေါက်တာယုယုမေက ရေးသားထားပါတယ်။
ဒေါက်တာဇော်မြင့်မောင်မကွယ်လွန်ခင် နောက်ဆုံးအချိန်ရောက်မှ အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး အဲဒီအမိန့်ကိုတောင် ကာယကံရှင်က မသိရှိခဲ့ဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီလိုဖြစ်စဥ်တွေက ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေအတွက် စိုးရိမ်သောကတွေ တိုးလာစေပြီး လုံလောက်တဲ့ဆေးကုသမှုရဖို့ တိုက်တွန်းတောင်းဆိုတာတွေ ရှိလာနေပါတယ်။
“မေမေ ထောင်ထဲမှာပဲ သေဆုံးသွားမှာကို ကျွန်တော် အထူးစိုးရိမ်မိပါတယ်”
“မေမေက အခု အသက် ၇၉ နှစ်ပါ။ နောက်နှစ်ဆို အသက် ၈၀ ပြည့်ပြီ။ နေပြည် တော်ရဲ့ အကျဉ်း ထောင်ထဲမှာ ဆိုးဆိုးရွားရွား အခြေအနေမျိုးနဲ့ နေနေရတာပါ။ သူ့အသက်အရွယ် အရရော၊ နောက်ပြီး ထောင်ထဲမှာ သူလိုအပ်နေတဲ့ ကျန်းမာရေးကုသစောင့်ရှောက်မှုတွေ မရရှိတဲ့ အခြေအနေ မျိုးမှာ မေမေ ထောင်ထဲမှာပဲ သေဆုံးသွားမှာကို ကျွန်တော် အထူး စိုးရိမ်မိပါတယ်။”
လာမယ့် ၂၀၂၅ ဇွန်လမှာ အသက် ၈၀ ပြည့်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ကို စိုးရိမ်ပူပန်မိတဲ့အကြောင်း သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက ဘီဘီစီကို ဖြေကြားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအကြီး အလက်ဇန္ဒားအဲရစ် ခေါ် ကိုမြင့်ဆန်းအောင်ကလည်း မိခင်ဖြစ်သူ အမြန်ဆုံး ပြန်လည်လွတ်မြောက်လာဖို့ မျှော်လင့်နေတယ်လို့ အစ်ကိုဖြစ်သူရဲ့ သတင်းစကားကို ကင်မ်က ပြန်ပြောပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သွားနဲ့ပတ်သက်တဲ့ဝေဒနာ၊ အရိုးကျည်းပေါင်းတက်ရောဂါနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ပြဿနာတွေရှိနေတယ်လို့သိထားရကြောင်း ကင်မ်က ပြောပါတယ်။
“မေမေ့ကို ဘယ်သူနဲ့မှ တွေ့ခွင့်မပေးတာ အခုဆို ၂ နှစ်နီးပါး ရှိနေပါပြီ။ ဒါကြောင့် သူ အဆင်ပြေရဲ့လား၊ သူ့ကို ဘယ်လိုအခြေအနေတွေအောက်မှာ ထားသလဲဆိုတာ သိရဖို့ ခက်နေပါတယ်။ ဒါကြောင့် မေမေနဲ့ပတ်သက်ပြီး ဘယ်လို သတင်းအချက် အလက်မျိုးမဆို သိချင်မိတယ်” လို့ ကင်မ်အဲရစ်က တောင်းဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ကောင်စီထုတ်ပြန်သလောက်သာ သိရလို့ အများပြည်သူက သူရဲ့ ကျန်းမာရေးကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို အရပ်ဘက်နဲ့ စစ်ဘက် ဆရာဝန်တွေနဲ့ ပုံမှန်စစ်ဆေးစောင့်ရှောက်ပေးနေပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ ၂၀၂၄ မတ်လတုန်းက ပြောကြားထားပါတယ်။
ကင်မ်ကတော့မိခင်နဲ့ ဆက်သွယ်တွေ့ဆုံခွင့်ရဖို့ စာပို့တောင်းဆိုတာလည်း စစ်ကောင်စီဘက်က ဘာမှ အကြောင်းပြန်ကြားတာ မရှိဘူးလို့ ပြောပါတယ်။
ဒီလေးနှစ်အတွင်း မိခင်ထံက စာတစ်စောင်သာ ရခဲ့ဖူးပြီး ထောင်ဝင်စာပစ္စည်းတစ်ကြိမ် ပို့ဆောင်ခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ ဆေးဝါးနဲ့ စားစရာတွေ၊ စာအုပ်တွေနဲ့အနုပညာပစ္စည်းတချို့ ပါဝင်တဲ့ ပစ္စည်းထုပ်နောက်တစ်ကြိမ် ထပ်ပို့ထားပေမဲ့ လက်ခံရရှိသလား မရရှိသလားဆိုတာတော့ မသိဘူး လို့ ဆိုပါတယ်။ မိခင်ကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက်ခံထားရတာကြောင့် သူ ဘာလိုအပ်နေမလဲ၊ ဘယ်လိုဆေးဝါးတွေ လိုအပ်နေမလဲဆိုတာ မသိရဘူးလို့ ကင်မ်က ဆိုပါတယ်။
အခုချိန်မှာ မိခင်ကို သူနဲ့ တွေ့ခွင့်မပေးရင်တောင် စစ်တပ်နဲ့လွတ်ကင်းသူတွေထဲက တစ်ဦးဦး၊ ဥပမာ သူ့ရှေ့နေနဲ့ဖြစ်ဖြစ်၊ ဗြိတိန်သံရုံးနဲ့ဖြစ်ဖြစ်၊ နိုင်ငံတကာ ကြက်ခြေနီကော်မတီအဖွဲ့ နဲ့ဖြစ်ဖြစ် ပေးတွေ့သင့်တယ်လို့လည်း သူက တောင်းဆိုပါတယ်။
မိခင်နဲ့အတူ တခြားနိုင်ငံရေးအကျဥ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့လည်း သူက ပြောပါတယ်။
တောင်ငူထောင်ထဲက သမ္မတ ဦးဝင်းမြင့်
တောင်ငူထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်လည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဆိုးရွားခဲ့ပြီး ပြင်ပဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ နှစ်ကြိမ်ထက်မနည်း တောင်းဆိုခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။
အမှု ၈ မှုနဲ့ ထောင် ၁၂ နှစ်ချခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်ကို မိသားစုဝင်တွေက ထောင်ဝင်စာတော့ ပုံမှန် ပို့ဆောင်ခွင့်တော့ ရနေတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလတည်းက ပိတ်ထားခဲ့တဲ့ လူတွေ့ထောင်ဝင်စာတွေကို စစ်ကောင်စီရဲ့အကျဥ်းဦးစီးဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာက စလို့ ပြန်လည်ခွင့်ပြုခဲ့ပေမဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေတော့ အခုထိ မိသားစုနဲ့တွေ့ခွင့်မရဘဲ ထောင်ဝင်စာသာ ပို့ဆောင်ခွင့်ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အကျဉ်းချခံထားရတဲ့ NLD အစိုးရအဖွဲ့ဝင်တချို့ကို ထောင်ပြင်ပက ဆေးရုံတွေမှာ ဆေးကုသခွင့်ပေးခဲ့ဖူးတဲ့ဖြစ်စဥ်တွေ ရှိခဲ့ဖူးပါတယ်။ စစ်တွေအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ NLD ရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကို ၂၀၂၃ မေလလောက်က ရန်ကုန် အင်းစိန်ထောင်ကို ပြောင်းရွှေ့ပြီးနောက် မျက်စိခွဲစိတ်ခွင့်ပေးခဲ့တယ် လို့ အခြေအနေသိရှိသူတွေဆီက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။
ဒါ့အပြင် ရမည်းသင်းထောင်မှာ ချုပ်နှောင်ခံခဲ့ရဖူးတဲ့ NLD စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း နဲ့ နေပြည်တော် ဒုတိယမြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့ကိုလည်း ထောင်ပြင်ပဆေးရုံတွေမှာ ဆေးကုသမှု ခံယူဖို့ ခွင့်ပြုခဲ့ဖူးပြီး ဦးစိုးဝင်းဆိုရင် ထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပတ်သက်ရင်တော့ ပြင်ပဧည့်သည်တွေ့ဆုံခွင့်ရော၊ ဆေး ကုသခွင့်ကိုပါ တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပုံရတယ်လို့ နားလည်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာအရှိဆုံး ဦးဝင်းထိန်
အသက် ၈၃ နှစ်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်ထပ် အယုံကြည်ရဆုံးသူ တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်လည်း မန္တလေး အိုးဘိုအကျဥ်းထောင်ထဲမှာပါ။
ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်းနှီးဆုံး လူယုံတွေထဲက တစ်ဦးဖြစ်ပြီး စစ်တပ် အာဏာ သိမ်းတဲ့နေ့မှာ သတင်းထောက်တချို့ကို နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံပြီး ဒေါ်အောင်ဆန်း စုကြည်မှာကြားချက်ဆိုတဲ့ စာကိုထုတ်ဖော်ပြောကြားခဲ့လို့ ဆိုပြီး နိုင်ငံတော်ပုန်ကုန်မှု နဲ့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲနှစ် နွေရာသီတုန်းက ရာသီဥတု ပူပြင်းလွန်းတာကြောင့် အပူလျှပ်နုံးချိမှု (Heat exhausted) ဖြစ်ခဲ့လို့ အိုးဘို အကျဥ်းထောင်ကနေ မန္တလေးဆေးရုံကိုလွှဲပြောင်းကုသပေးခဲ့ပါတယ်။
လက်ရှိမှာ အိုးဘိုထောင်ကို ပြန်ရောက်နေပြီး အပတ်စဥ် ဆေးဝါးနဲ့ အစားအသောက်တချို့ ပုံမှန် ပို့ခွင့်ရနေတယ်လို့ မိသားစုနဲ့နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။
အောက်ဆီဂျင်ပိုက်တပ်ထားရပြီး ကျန်းမာရေးနဲ့ပတ်သက်လို့တော့ အသက်အရွယ်ကြီးရင့်နေတာကြောင့် စိတ်ပူပန်နေရတယ်၊ ပြန်လွတ်လာဖို့လည်း မျှော်လင့်နေကြတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
“ထောင်ဝင်စာပို့ခွင့်တော့ရနေတယ်။ ခုအခြေအနေမျိုးမှာ ဦးဝင်းထိန်ကို တွေ့ခွင့်ရချင်ပါတယ်။ ဘာလို့ဆို ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သစ္စာအရှိဆုံးကို ပြောပါဆို ဦးဝင်းထိန်ပဲ။ လုပ်ငန်းတစ်ခု အောင်မြင်တယ်ဆိုရင် ဒေါ်စုခိုင်းတယ်လို့ ပြောတာ။ မအောင်မြင်တဲ့ဟာဆို ‘ကျွန်တော့်ဘာသာ ကျွန်တော်လုပ်တာ’ လို့ ပြောတတ်တဲ့လူမျိုး။ ဒါကြောင့် လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ တွေ့ခွင့်မရရင် ဦးဝင်းထိန်နဲ့ တွေ့ခွင့်ရချင်ပါတယ်။ ဘာမဆို သူက ပြောရဲဆိုရဲတဲ့သူဆိုတော့ အဆုံးအဖြတ်တစ်ခုခုရှိလာတဲ့အခါမှာ သူ့ကို တွေ့ခွင့်ရဖို့ မျှော်လင့်တယ်” လို့ ဦးဝင်းထိန်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အကျဥ်းထောင်တွေထဲက အခြေအနေ
လက်ရှိအကျဥ်းထောင်တွေထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့် မရတဲ့အပြင် ပြင်ပက ပို့တဲ့ အင်္ဂလိပ်ဆေးဝါးတွေ ကန့်သတ်ခံရတာ၊ ရောဂါအခံရှိတဲ့ နာတာရှည်ရောဂါဝေဒနာရှင်တွေရဲ့ သောက်နေကျဆေးတွေကို မိသားစုဝင်တွေက ထောင်ဝင်စာပါဆယ် ပို့ပေးတဲ့အချိန်မှာ အပြည့်အဝမ ရတာတွေအပြင် တချို့အကျဥ်းထောင်ထဲမှာရှိတဲ့ သက်တမ်းလွန် ဆေးဝါးတွေသုံးစွဲရတာတွေကလည်း နိုင်ငံရေးအကျဥ်းသားတွေ သေဆုံးခဲ့ရတဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ အကျဥ်းထောင် အသိုင်းအဝိုင်းကပြောပါတယ်။
ဒ့ါအပြင် အကျဥ်းထောင်ထဲမှာ အရေးပေါ်ဖြစ်တဲ့အချိန် ဆရာဝန်တွေက အချိန်နဲ့ တပြေးညီ လာရောက် ကြည့်ရှုတာမျိုးမရှိဘဲ အရေးပေါ် ဆေးကုသရမယ့်အချိန်မျိုးမှာ လုံခြုံရေးအကြောင်း ပြပြီး အချိန်ဆွဲနေတဲ့အတွက် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ရှိနေတယ်လို့ ၅၀၅ (က) နဲ့ ထောင်ကျခဲ့ပြီး လပိုင်းလောက်က ပြန်လည်လွတ်မြောက်လာသူတစ်ဦးဖြစ်တဲ့ မမီးငယ် (အမည်လွှဲ) ကပြောပါတယ်။
“အစ်မရှိတုန်းက နှလုံးရောဂါသည် တခြားအကျဥ်းသား တစ်ယောက်ပေါ့၊ ချက်ချင်းဆေးရုံကို ပို့ပြီး ဆေးကုသရမှာကို မနက်ကျမှ သွားကြည့်တော့ လူနာက သေနေပြီ။”
အခုနှစ်အတွင်း အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ဆေးကုသမှုမရခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်း လည်းဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPMN) ရဲ့ ဦးဆောင်သူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“အကျဥ်းထောင်တွေထဲမှာ အကျဥ်းသား သိန်းနဲ့ ချီ ရှိတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ၂၆,၀၀၀ ကျော်ရှိတယ်။ အဲဒီ နိုင်ငံရေးအကျဥ်းသားတွေ တစ်ဦးစီရဲ့ တစ်လ ဆေးကုသစရိတ် ဘတ်ဂျက်ကို အကျဥ်းဦးစီးဌာနက ၁၁၀၀ ကျပ် သတ်မှတ်ထားတယ်။ အခုအချိန်က နိုင်ငံခြားဆေးတွေ စျေးတက် နေတော့ ဆေးဝါး လောက်ငမှု မရှိဘူး။ ပုံမှန်နေမကောင်းတဲ့သူတွေအတွက် ပါရာကတ် ပဲရှိပြီး နာတာရှည်ရောဂါသည်တွေအတွက် ဆေးဝါးတွေကို ဘယ်လိုမှ လုံလုံလောက်လောက် မထောက်ပံ့နိုင်ဘူး”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အကျဥ်းထောင်ထဲက အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိသလို အာဟာရဓာတ် မပြည့်ဝတာကြောင့် ထောင်ထဲမှာပဲ ကိုယ်ခံအားနည်းရောဂါဖြစ်ပြီး သေဆုံးသွားကြတာတွေလည်း ရှိတယ် လို့သူကဆက်ပြောပါတယ်။
အခုလို အကျဥ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာတွေနဲ့ပတ်သက်လို့ အကျဥ်းဦးစီးဌာန တာဝန်ရှိသူထံ ဘီဘီစီက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ပြန်လည် ဖြေကြား တာမရှိခဲ့ပါဘူး။