မြန်မာကို ICJ မှာ တရားစွဲထားတဲ့ ဂမ်ဘီယာ ရှေ့နေအဖွဲ့ခေါင်းဆောင်နဲ့ မေးမြန်းခန်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် စွဲချက်နဲ့ မြန်မာနိုင်ငံ အပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ စွဲဆိုထားမှု အတွက် မြန်မာဘက်က ချေပလွှာ counter-memorial ကို စစ်ကောင်စီဘက်က တင်သွင်းခဲ့ကြောင်း အတည်ပြုထားနိုင်ပါတယ်။
မြန်မာဘက်က တင်တဲ့ အဲဒီ ချေပလွှာကို ရရှိထားတယ်လို့ ဂမ်ဘီယာရဲ့ ICJ အမှု ရှေ့နေအဖွဲ့ကို ဦးဆောင်သူ အာဆလန် ဆူလေမန် Arsalan Suleman က ဘီဘီစီကို ပြောပါတယ်။ ချေပလွှာဟာ စာမျက်နှာ ၇၀၀ ကျော်ရှိအောင် ထူထဲလှတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီ ရှေ့နေအဖွဲ့က ချေပလွှာထဲ ပြောဆိုထားတဲ့ ငြင်းခုန်ချက်တွေကတော့ အရင်အဆင့်တွေမှာ ကတည်းက ပြောဆိုထားတာတွေနဲ့ ကွာခြားလှတာမျိုး မရှိပဲ၊ စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေဟာ အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး အတွက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဂျီနိုဆိုက် အထိ မြောက်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ အပေါ် တန်ပြန် မေးခွန်းထုတ်ထားတာမျိုး ဖြစ်တယ်လို့ မစ္စတာ အာဆလန်က ပြောပါတယ်။
ဂမ်ဘီယာဟာ ICJ အမှု အတွက် ဝါရှင်တန်ဒီစီမြို့တော် အခြေစိုက် ဖိုလီဟို့ဂ်ဆိုတဲ့ နိုင်ငံတကာ အငြင်းပွားမှု အမှုခင်းတွေကို အထူးပြု ကိုင်တွယ်တဲ့ ရှေ့နေ အဖွဲ့ကို ငှားရမ်းထားတာ ဖြစ်ပြီး မစ္စတာ ဆူလေမန်ဟာ ဖိုလီဟို့ဂ်က အတွေ့အကြုံရင့် ရှေ့နေတစ်ဦး ဖြစ်ပါတယ်။ မစ္စတာ ဆူလေမန် ဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကြား ပေါ်ပေါက်တဲ့ နိုင်ငံတကာ အငြင်းပွားမှုတွေမှာ အထူးကျွမ်းကျင်ပြီး၊ ICJ တရားရုံး အပါအဝင် တခြား နိုင်ငံတကာ ရုံးတော်တွေမှာ အမှုလိုက်ထားသူ တစ်ဦး ဖြစ်ပါတယ်။
အခု ကာလ အပိုင်းအခြားဟာ ရိုဟင်ဂျာတွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ဖြစ်ရပ်ရဲ့ ၆ နှစ်ပြည့်မြောက်တဲ့ ကာလ ဖြစ်သလို၊ မြန်မာစစ်ကောင်စီ အနေနဲ့ ICJ ရုံးတော်ထံ counter-memorial လို့ ခေါ်တဲ့ ချေပလွှာ တင်သွင်းဖို့ ရက်ချိန်းပြည့်တဲ့ ကာလ အပိုင်းအခြားလည်းပဲ ဖြစ်ပါတယ်။
ဒီတော့ စစ်ကောင်စီရဲ့ ရှေ့နေအဖွဲ့က တင်တဲ့ အဲဒီ ချေပလွှာထဲ ဘယ်လို အချက်တွေ ပါဝင်နေလဲ .... ဂမ်ဘီယာဘက်ကရော ဘာတွေ ပြင်ဆင်နေပြီး ... ICJ မှာ လာမယ့် သီတင်းပတ်တွေ အတွင်း ဘာတွေ တွေ့မြင်လာရဖို့ ရှိပါသလဲ။
ဂမ်ဘီယာ ရှေ့နေအဖွဲ့ကို ဦးဆောင်သူ အာဆလန် ဆူလေမန်ကို ဘီဘီစီသတင်းထောက် ကိုဝေဖြိုး သီးသန့် ဆက်သွယ် မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Foley Hoag
ဘီဘီစီ။ ။ မြန်မာစစ်ကောင်စီရဲ့ ရှေ့နေအဖွဲ့က သူတို့ရဲ့ တန်ပြန် အချေလွှာ counter- memorial တင်ဖို့ တရားရုံးဘက်က ရက်တိုးမြှင့်ပေးထားတဲ့ အခုလ ၂၄ ရက်နေ့အမှီ တင်ခဲ့သလား ဆိုတဲ့ အချက်ကို အရင်ဆုံး အတည်ပြုချင်ပါတယ်။ အာဆလန်တို့ အနေနဲ့ ဒီ အချက်ကို သိရှိထားပါသလား။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာဆလန် ဆူလေမန်။ ။ သူတို့တင်ခဲ့ပါတယ်။ သူတို့ရဲ့ တန်ပြန် အချေလွှာ counter- memorial ကို ကျွန်တော်တို့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ရရှိထားပါတယ်။ တန်ပြန် အချေလွှာ တင်ရမယ့် ရက်စွဲကို နောက်ကို ရွှေ့ပေးဖို့ မြန်မာဘက်က နှစ်ကြိမ်လောက် တောင်းဆိုခဲ့ပြီးတဲ့နောက် တရားရုံးက အဲဒီရက်ကို နောက်ဆုံးထားတင်ဖို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီရက်မှာ မြန်မာရဲ့ တန်ပြန်အချေလွှာကို ကျွန်တော်တို့ ရရှိခဲ့ကြောင်း အတည်ပြု ပေးနိုင်ပါတယ်။
ဘီဘီစီ။ ။ အဲဒီ တန်ပြန် အချေလွှာထဲ ဘယ်လို အကြောင်းအရာမျိုးတွေ ပါဝင်တယ်၊ ဘယ်လို နယ်ပယ်မျိုးတွေမှာ သူတို့ အာရုံစိုက်ထားတယ် ဆိုတာမျိုးကို ပြောပြနိုင်မလား။ သူတို့ရဲ့ ဥပဒေကြောင်းဆိုင်ရာ အငြင်းအခုံက အဓိက ဘာဖြစ်မလဲ။
အာဆလန် ဆူလေမန်။ ။ ကျွန်တော့် အနေနဲ့ အသေးစိတ်တွေတော့ ဖွင့်ဟပြောလို့ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအချေလွှာကို တရားရုံးဘက်က အများသူငါ ဖတ်ရှုနိုင်အောင် ပြုလုပ် မပေးမချင်း အဲဒီထဲမှာ ပါဝင်တာတွေဟာ ပေါက်ကြားလို့ မရပါဘူး။ လျှို့ဝှက် ထိန်းသိမ်းထားရမယ့် တာဝန်ရှိပါတယ်။ ဒီတော့ ကျွန်တော့်မှာ ပြောဖို့ရာ အကန့်အသတ်တွေ ရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့် အနေနဲ့ ပြောလို့ ရနိုင်သလောက်တော့ ပြောပါ့မယ်။
မြန်မာရဲ့ တန်ပြန်အချေလွှာ counter- memorial ဟာ အင်မတန် ထူထဲပါတယ်။ စာမျက်နှာ ပေါင်း ၇၀၀ ကျော် ပါဝင်တဲ့ ... အခြေခံ ပြောဆို ရှင်းပြချက် “brief” ဖြစ်ပါတယ်။ အဲဒီ brief ထဲမှာ ပြုလုပ်ထားတဲ့ ဥပဒေကြောင်း ဆိုင်ရာ ငြင်းခုံချက် argument ကတော့ အခု အမှုကိစ္စရဲ့ ကနဦး အဆင့်တွေမှာ ကတည်းက မြန်မာဘက်က ကိုင်စွဲထားတဲ့ ငြင်းခုံချက်နဲ့ မကွာလှပါဘူး။ အခြေခံကတော့ အတူတူပဲ ဖြစ်ပါတယ်။
မြန်မာဘက်က လိုက်နာရမှာတွေကို ကြားဖြတ် အစီအမံ provisional measures တွေ အဖြစ် တရားရုံးက ချမှတ်စဥ်တုန်းကရော၊ ICJ တရားရုံး အနေနဲ့ ဒီ အမှုကိစ္စကို လက်ခံ ကြားနာဖို့ရာ ဥပဒေကြောင်း အခြေခံကို မရှိဘူးဆိုပြီး မြန်မာဘက်က ငြင်းဆို ပယ်ချခဲ့တဲ့ preliminary objection လုပ်ခဲ့စဥ်တုန်းကရော ကိုင်စွဲခဲ့တဲ့ ငြင်းခုံမှုမျိုးကိုပဲ အခု counter- memorial ထဲမှာလည်း တွေ့ရပါတယ်။
အကြမ်ဖက်ဝါဒ တိုက်ဖျက်ရေး အတွက် သူတို့ရဲ့ လက်နက်ကိုင်တပ်တွေက စစ်ဆင်မှုတွေ လုပ်နေချိန် ပေါ်ပေါက်ခဲ့တာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု မြောက်တယ်လို့ ပြောရနိုင်လောက်တဲ့ လုံလောက်တဲ့ သက်သေမျိုးတွေ ရှိရဲ့လား ... ဆိုတဲ့ အပေါ် မေးခွန်းထုတ် ငြင်းခုံတာမျိုး ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဒီ counter- memorial ကို လက်ခံရရှိပြီးတဲ့နောက်၊ အထဲမှာ ထည့်သွင်းထားတာတွေကိုလည်း တွေ့ရပြီးချိန်မှာ အာဆလန်တို့ အနေနဲ့ အခု အမှုကိစ္စအတွက် အသင့်ပြင်ထားလက်စ အရာတွေ အပေါ် ပြန်ပြီး သုံးသပ်ရတာမျိုး၊ ဘာတွေ ထပ်ဖြည့်ဖို့တော့ လိုမယ် ဆိုပြီး တွေ့လာရတာတွေရော ရှိပါသလား။
အာဆလန် ဆူလေမန်။ ။ သူတို့ရဲ့ အခု တင်ပြချက် brief ထဲမှာတော့ ကျွန်တော်တို့ လုံးဝ မျှော်လင့်မထားတဲ့ အရာမျိုးတွေ မပါဝင်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော်တို့ ဘက်ကတော့ တရားရုံး အနေနဲ့ အခု အမှုကိစ္စ အပေါ် ဆုံးဖြတ်ချက် ချရမှာ အပြည့်အဝ အထောက်အကူ ဖြစ်စေနိုင်မယ့် ဘယ်လို သက်သေ အထောက်အထား အသစ်မျိုးတွေ အမှုထဲမှာ ထည့်သွင်းရမလဲ ဆိုတာကို အမြဲပဲ စဥ်းစား ပြင်ဆင်နေ ပါတယ်။
တရားရုံး ရှေ့မှောက် တင်ပြလာတဲ့ နှစ်ဖက် သက်သေ အထောက်အထားတွေ အပေါ် တရားရုံးက ကြားနာစစ်ဆေးတဲ့ အခါ ... နှုတ်ကနေ တင်ပြတာတွေ၊ ထွက်ဆိုတာတွေ မလုပ်သေးခင်မှာ၊ ဒုတိယ အကြိမ် စာနဲ့ ရေးသား တင်သွင်းခွင့်ကို တရားရုံးဘက်က ခွင့်ပြု ပေးလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါ့ကြောင့် ဂမ်ဘီယာ အနေနဲ့ မြန်မာရဲ့ counter- memorial အပေါ် တုံ့ပြန်ချက် reply ကို စာနဲ့ ရေးသား တင်သွင်းခွင့် ရရှိနိုင်ပါတယ်။ အဲဒီအခါ မြန်မာဘက်ကလည်း အမှုစွဲဆိုသူ ဂမ်ဘီယာရဲ့ တုံ့ပြန်ချက်အပေါ် ထပ်မံ ဖြေဆိုတဲ့ .... ဥပဒေမှာတော့ rejoinder လို့ ခေါ်တဲ့ ဖြေဆိုချက်ကို စာနဲ့ ရေးသားတင်သွင်းခွင့် ရှိပါတယ်။
ဒီတော့ အကျဥ်းချုပ်ရရင် နှစ်ဖက် စာနဲ့ ရေးသား တင်သွင်းတာတွေ ဒုတိယ တချီ ဖြစ်လာနိုင်ပါတယ်။ ဂမ်ဘီယာဟာ အဲဒီ တင်သွင်းချက်ထဲမှာ အရင် ပြောထားနှင့်ပြီး အရာတွေရဲ့ နောက်ဆက်တွဲ ထပ်ဆောင်း သက်သေတွေ၊ ထပ်ဆောင်း ငြင်းခုံမှုတွေ ထည့်သွင်း ပြုလုပ်မလားဆိုတာ ကျွန်တော်တို့ စဥ်းစားပြင်ဆင် နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ဒီတော့ အဲဒီ အတွက် ရက်စွဲ ထွက်လာပြီလား။ အခု ICJ အမှု ကိစ္စ ရောက်ရှိနေတဲ့ အတိအကျ အဆင့်ကို ပိုပြီး ရှင်းသွားအောင် ပြောပြပေးပါလား။
အာဆလန် ဆူလေမန်။ ။ အမှုဟာ active ဖြစ်နေတယ်လို့ ဥပဒေအရ ခေါ်ပါတယ်။ အဓိပ္ပာယ်ကတော့ တရားစွဲဆိုမှု၊ ဥပဒေကြောင်းအရ အရေးယူနိုင်အောင် လုပ်ဆောင်မှု တစ်ခုဟာ တရားရုံးတော်မှာ ကျော်ဖြတ်ရမယ့် အဆင့်ဆင့်ကို တဆင့်ချင်း ကျော်ဖြတ်နေတယ် ... ရှေ့ကို တိုးနေတယ် ... တရားရုံးရဲ့ စီရင်ချက် ကျမလာသေးခင် အနေအထားလို့ ဆိုလိုတာ ဖြစ်ပါတယ်။
အမှုဖြတ်သန်းခဲ့တဲ့ အဆင့်တွေ အကြောင်း အကျဥ်းပြန်ပြောရရင် ကျွန်တော်တို့ မတူတဲ့ အဆင့် နှစ်ခုကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ကြားဖြတ် အစီအမံ provisional measures တွေ ချမှတ်ပေးဖို့ ဂမ်ဘီယာရဲ့ တောင်းဆိုချက်အရ တရားရုံးတော်က ကြားနာပြီး သဘောတူ ချမှတ် ပေးတဲ့ အဆင့် ဖြစ်ပါတယ်။ ၂၀၂၀ ဇန်နဝါရီမှာ provisional measures တွေ ထွက်လာပါတယ်။
နောက်တဆင့်ကတော့ အမှုအတွက် ဥပဒေကြောင်း အခြေခံ မရှိဘူး၊ အမှုကို ပလပ်ပေးပါ ဆိုပြီး မြန်မာဘက်က ပြောဆိုတဲ့ preliminary objection အဆင့် ဖြစ်ပါတယ်။ အဲဒါကို တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ရှေ့ဆက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အခု အမှုဟာ merits phase ဆိုတဲ့ အဆင့်ကို ရောက်လာပြီ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ နှစ်ဖက် တင်သွင်းတဲ့ သက်သေ အထောက်အထားတွေ အပေါ် ကြားနာ စစ်ဆေးမယ့် အဆင့် ဖြစ်ပါတယ်။ ဂမ်ဘီယာဘက်က တင်သွင်းချက်ကတော့ အမှု စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် ကာလ ကတည်းက ရှိနှင့် နေပြီ ဖြစ်ပါတယ်။ မြန်မာဘက်ကလည်း ဩဂုတ်လ ၂၄ နေ့မှာ တင်သွင်းလာပါတယ်။
ဒီနောက်မှာတော့ ကျွန်တော် ရှင်းပြခဲ့သလို စာနဲ့ ရေးသားတင်သွင်းခွင့် နောက်တစ်ကြိမ် ရှိလာနိုင်ပါတယ်။ ဂမ်ဘီယာရဲ့ တုံ့ပြန်ချက် reply နဲ့ မြန်မာရဲ့ ဖြေဆိုချက် rejoinder တို့ ဖြစ်ပါတယ်။ ဒီ့အတွက် တရားရုံးက ကာလ အပိုင်းအခြား မကြာခင် သတ်မှတ်ပေးလာဖွယ် ရှိပါတယ်။ လောလောဆယ်မှာတော့ ရက်စွဲ ထွက်မလာ သေးပါဘူး။ ဒီလို ရက်စွဲ သတ်မှတ် နိုင်ဖို့ နှစ်ဖက်ကလူတွေနဲ့ လာမယ့် သီတင်းပတ်တွေ အတွင်း တရားရုံးတော်က တွေ့ဆုံလာဖွယ် ရှိပါတယ်။
ဒီလို reply နဲ့ rejoinder တွေကို စာနဲ့ ရေးသား တင်သွင်း ပြီးမှပဲ၊ နှုတ်နဲ့ ထွက်ဆိုတာတွေကို စတင် ကြားနာမယ့် ရက်စွဲကို သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ အမှုကတော့ အခုလိုမျိုးပဲ တဖြည်းဖြည်းနဲ့ ရှေ့ကို ဆက်တိုးနေပါတယ်။
ဘီဘီစီ။ ။ ဒီအမှုကိစ္စ စတင် ပေါ်ပေါက်လာတာ လေးနှစ် လောက်တော့ ရှိနေပြီ မဟုတ်လား အာဆလန်ရေ ... ။ ဒီလို အမှု ကိစ္စမျိုးဟာ အခု လောက် နှစ်တွေ အကြာကြီး အချိန်ယူရတယ် ဆိုတာ ပုံမှန် မျိုးပဲလား။ ဒါမှ မဟုတ် မြန်မာပြည်ထဲမှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချက်ကရော အမှုကိစ္စကို ပိုပြီး ကြန့်ကြာသွားစေတာမျိုးလားခင်ဗျ။
အာဆလန် ဆူလေမန်။ ။ ခင်ဗျား ပြောတာမှန်ပါတယ်။ ဂမ်ဘီယာဘက်က ဒီအမှုကို စတင်ခဲ့တာ ၂၀၁၉ နိုဝင်ဘာ လထဲမှာ ဖြစ်တာကြောင့် အခုဆိုရင် အမှုဟာ ၄ နှစ် မြောက် ကာလထဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ICJ ရုံးတော်မှာ ရောက်ရှိလာတဲ့ အမှုကိစ္စတွေဟာ နှစ်ကာလတချို့ ကြာမြင့်အောင် အထိ ရက်ချိန်းတွေ တိုး တိုးတောင်းပြီး နောက်ဆုတ်သွားလေ့ ရှိတတ်ပါတယ်။ စွဲဆိုသူ၊ စွဲဆိုခံရသူ နှစ်ဖက်လုံးက အမှုအတွက် တင်ပြချက်တွေကို လုံလောက်အောင် အချိန်ယူ ပြင်ဆင်မှ ဖြစ်မယ် ဆိုတဲ့ အခြေခံအကြောင်းနဲ့ ရက်ရွှေ့ တတ်ကြပါတယ်။ ဒီတော့ ICJ အမှုတွေရဲ့ သဘောသဘာဝ အရကို အခုလောက် နှစ်တွေ အထိ ကြာနေတာမျိုး ဖြစ်လေ့ရှိပါတယ်။ ဒီထက်မက ထပ်ပြီး အချိန်ယူဦးမယ် ဆိုရင်လည်း အံ့အားသင့်ဖွယ်ရာ အချက် ဖြစ်မှာ မဟုတ်ပါဘူး။
နောက် ခင်ဗျားရဲ့ မေးခွန်းထဲမှာ ပါတဲ့ မြန်မာနိုင်ငံတွင်း အစိုးရ အပြောင်းအလဲ ဖြစ်သွားတာဟာ အမှုကြန့်ကြာနေရတဲ့ အချက် တစ်ခုလား ဆိုတာကို ဖြေရရင်တော့ ဟုတ်ပါတယ် .... ဒီ အပြောင်းအလဲကြောင့် ကြန့်ကြာမှု ဖြစ်ခဲ့ပါတယ်။ မြန်မာဘက်က preliminary objection လုပ်နေတဲ့ အဆင့်မှာ မြန်မာပြည်ထဲ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တာပါ။
ဒီနောက်မှာတော့ တရားရုံးမှာ မြန်မာကို ကိုယ်စားပြုသူ agent ဘယ်သူ ဖြစ်မလဲ ဆိုတဲ့ အပြိုင် လျှောက်ထားမှုတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီ တောင်းဆိုချက်တွေ အပေါ် တရားရုံး အနေနဲ့ ဘယ်လို တုံ့ပြန်ရမယ် ဆိုတာကို အချိန်ယူ ဆင်ခြင် သုံးသပ်တာမျိုး ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အချိန်တုန်းက ICJ မှာ မြန်မာရဲ့ ကိုယ်စားလှယ် အေးဂျင့် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးလိုက်ပြီးတဲ့နောက် မြန်မာရဲ့ အေးဂျင့် နေရာမှာ နောက်တစ်ယောက်ကို အစားထိုး ခန့်လိုတဲ့ အကြောင်း စစ်အာဏာပိုင်တွေဘက်က တရားရုံးကို အကြောင်းကြားလာပါတယ်။ ထို့ အတူပဲ NUG ဘက်ကလည်း ICJ မှာ မြန်မာကို ကိုယ်စားပြုခွင့်ရဖို့ အပြိုင် တောင်းဆိုမှု ပြုလုပ်လာပါတယ်။ ဒီ အချက်တွေကို သက်ဆိုင်ရာအဖွဲ့တွေရဲ့ တရားဝင် ထုတ်ပြန်မှုတွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုတွေကနေ တဆင့် ကျွန်တော်တို့ သိရပါတယ်။
အမှု ကိစ္စ လုပ်ထုံးလုပ်နည်းတွေ အတိုင်း အကျိုးသက်ရောက်မှု ရှိရှိ ရှေ့ဆက် သွားနိုင်ဖို့ ဆိုတဲ့ အချက်နဲ့ ယှဥ်ထိုးချိန်ဆလို့ အေးဂျင့် အပြောင်းအလဲ လက်ခံ အသိအမှတ် ပြုရေး အပေါ် တရားရုံးတော်ဘက်က အချိန်ယူ ဆုံးဖြတ်ခဲ့တယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲ ကြောင့်လည်း ICJ အမှုကိစ္စဟာ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ ကြန့်ကြာမှုတွေ ဖြစ်စေခဲ့တယ်လို့ ပြောနိုင်ပါတယ်။
ဘာပဲပြောပြော လက်ရှိ အခြေအနေမှာ အမှုဟာ ရှေ့ဆက်နိုင်ခဲ့ပြီး merits phase ကို ရောက်လာခဲ့တဲ့ အပေါ် ကျွန်တော်တို့ဘက်က ဝမ်းမြောက်ပါတယ်။ အခုဆိုရင် ICJ ရုံးတော်ဟာ နောက်ဆုံး အဆုံးသတ်မှာတော့ မြန်မာဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်း အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် ကျုးလွန်ခဲ့ခြင်း ရှိမရှိ ဆုံးဖြတ်ချက် ချမှတ် ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ICJ မှာ မြန်မာကို ကိုယ်စားပြုသူ အေးဂျင့် ဘယ်သူ ဖြစ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး အာဆလန်တို့ထံမှာ ရပ်တည်မှု သဘောထား တစုံတရာ ရှိပါသလား။ ဘယ်သူက စေလွှတ်တဲ့ သူကို မြန်မာရဲ့ အေးဂျင့် အဖြစ် ICJ ရုံးတော်မှာ တွေ့မြင်လိုပါသလဲ။
အာဆလန် ဆူလေမန်။ ။ ဒီအချက်နဲ့ ပတ်သက်ပြီး ဂမ်ဘီယာကို ကိုယ်စားပြုတဲ့ ရှေ့နေ အဖွဲ့ အနေနဲ့ ပြောရရင် ကျွန်တော်တို့မှာ သဘောထားမှတ်ချက် တစုံတရာမှ မရှိပါဘူး။ မြန်မာရဲ့ အေးဂျင့် အဖြစ် ဘယ်သူ့ကို အသိအမှတ်ပြု ခန့်အပ်မလဲ ဆိုတာဟာ ICJ တရားရုံးတော်နဲ့ မြန်မာ အပေါ်မှာပဲ အပြည့်အဝ မူတည်ပါတယ်။ သူတို့ဘက်က ဆုံးဖြတ်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလို အပြိုင် လျှောက်ထားတောင်းဆိုမှုတွေ ရှိခဲ့ကြောင်းကိုလည်း ကျွန်တော်တို့ သိထားပါတယ်။ ဒါပေမယ့် ဘယ်သူ့ကို ဖြစ်စေချင်တယ်ဆိုတဲ့ ရပ်တည်မှုမျိုး ကျွန်တော်တို့ထံမှာ မရှိပါဘူး။
မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ ဆီလျော် ညီညွတ်တဲ့ အစိုးရ အာဏာပိုင်တွေဟာ ဘယ်သူလဲ ဆိုတဲ့ ငြင်းခုံမှု၊ ပြိုင်ဆိုင်မှုတွေဟာ ကမ္ဘာ့မျက်နှာစာ အသီးသီးမှာ အခုလည်း ဆက်လက် ရှိနေဆဲ၊ ပေါ်ပေါက်နေဆဲ ပြဿနာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ပြောနိုင်တာကတော့ ICJ ရုံးတော်ရှေ့မှောက်က အမှု ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဂမ်ဘီယာ နိုင်ငံကရော၊ ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ကပါ မြန်မာရဲ့ တရားဝင် အစိုးရ ဘယ်သူလဲ ဆိုတဲ့ ဒီ ... ငြင်းခုံ ပြိုင်ဆိုင်မှုမှာ ဘက်တစ်ဘက်ဘက်ကို လိုက်ပြီး ရပ်တည်သွားမှာ မဟုတ်ပါဘူး။
ဘီဘီစီ။ ။ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ အာဆလန်တို့ ကြားမှာရော ICJ အမှု ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့ရာ ပြောဆို ဆက်သွယ်တာတွေ ဆက်ဆံတာတွေ ရှိပါသလား။
အာဆလန် ဆူလေမန်။ ။ ကျွန်တော်တို့ဟာ အမှု ကိစ္စအတွက် ဆက်ဆံ ဆွေးနွေးနေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အများအပြား ရှိပါတယ်။ ဘယ်သူတွေ၊ ဘယ် အဖွဲ့တွေနဲ့ ထိတွေ ဆက်ဆံမှုတွေ ရှိတယ် မရှိဘူး ဆိုတဲ့ အသေးစိတ် အချက်တွေကို ကျွန်တော် ပြောဆိုမှာ မဟုတ်ပါဘူး။
အမှု ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင် ဆီလျော်တဲ့ သက်သေ အထောက်အထားတွေကို ကူညီ ပံ့ပိုးနိုင်တဲ့ လူပုဂ္ဂိုလ် ဘယ်သူဘယ်ဝါ ဖြစ်စေ၊ ဘယ် အဖွဲ့အစည်း၊ဘယ်အုပ်စု၊ဘယ်ပါတီကို ဖြစ်စေ ကျွန်တော်တို့ ကြိုဆိုပါတယ်။ သူတို့ ဆီမှာ ရှိတဲ့ အထောက်အထား သက်သေတွေကို ကျွန်တော်တို့ကို တိုက်ရိုက် ဖြစ်စေ၊ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာ့အရေး စုံစမ်းရေး အဖွဲ့ ဖြစ်တဲ့ ဒဗယ်အိုင် ဒဗယ်အမ် IIMM စုံစမ်းရေး ယန္တရားကို ဖြစ်စေ ပေးပို့နိုင်ပါတယ်။
IIMM ဟာ နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC နဲ့ အခု အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ အပါအဝင် တာဝန်ယူမှု ရှိစေရေး ယန္တရား အသီးသီးရဲ့ ရှေ့မှောက်မှာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ သက်ဆိုင် ဆီလျော်တဲ့ သက်သေ အထောက်အထားတွေ ရောက်ရှိစေဖို့ ဖွဲ့စည်း ထားတာ ဖြစ်ပါတယ်။
ဒီတော့ NUG အဖွဲ့ဝင် ဟုတ်ဟုတ် မဟုတ်ဟုတ် တစုံတစ်ယောက်က အခု အမှု ကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင် ဆီလျော်တဲ့ သက်သေ အထောက်အထားတွေကို တင်ပြ ပံ့ပိုးပေးတဲ့ လုပ်ဆောင်ချက် အပေါ် ကျွန်တော်တို့ ထောက်ခံ အားပေးမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ သက်သေ အထောက်အထားတွေ အကြောင်း ပြောကြပြီ ဆိုရင် အခု ICJ ရုံးတော်မှာ ဂမ်ဘီယာဘက်က ကိုးကား တင်ပြမယ့်၊ အသုံးပြုမယ့် သက်သေတွေကို ဘယ်လို ဘယ်ပုံ စုဆောင်းထားတာလဲ။ ဘင်္ဂလားဒေ့ရှ်ထဲက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေ ဆီ ရောက်ခဲ့လား။ အဲဒီက ဒုက္ခသည်တွေနဲ့ တွေ့ဆုံမေးမြန်းတာတွေ လုပ်ထားလား။
အာဆလန် ဆူလေမန်။ ။ ဟုတ်ကဲ့ ... ကျွန်တော်တို့မှာ သက်သေ အထောက်အထားတွေ ရရှိရာ ရင်းမြစ်တွေ အများအပြား ရှိပါတယ်။ အဲဒီထဲမှာ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်း အမျိုးမျိး ထံကနေ ရရှိတဲ့ သက်သေ အထောက်အထားတွေလည်း အများအပြား ပါဝင်ပါတယ်။ ဒဗယ်အိုင် ဒဗယ်အမ် IIMM မတိုင်ခင် မြန်မာ့အရေး အချက်အလက် ရှာဖွေရေး အဖွဲ့ Facts finding mission လို့ ခေါ်တဲ့ ကုလသမဂ္ဂ စုံစမ်းရေး အဖွဲ့ လက်ထက်ကတည်းက တွေ့ရှိထားချက်တွေနဲ့ အစီရင်ခံစာတွေ ... ထုတ်ပြန်ချက်တွေ၊ နောက် ... ကုလသမဂ္ဂရဲ့ ဂြိုဟ်တု ဓာတ်ပုံ အချက်အလက်ဆိုင်ရာ မှတ်တမ်းတွေ စသဖြင့် အရာတွေဟာ ကျွန်တော်တို့ အသုံးပြုတဲ့ သက်သေ အထောက်အထားတွေထဲ ပါဝင်ပါတယ်။
ဒါ့အပြင် မြန်မာပြည်ထဲမှာ ရိုဟင်ဂျာတွေ ဘယ်လို ဘယ်ပုံ တွေ့ကြုံ ခဲ့ကြရတယ် ... ဘာတွေ ဖြစ်ပျက် ခဲ့ကြတယ် ဆိုတာကို အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း အသီးသီးရဲ့ အသေးစိတ် အစီရင်ခံစာတွေလည်း ရှိနေတာကြောင့် အဲဒီ အရာမျိုးတွေကိုလည်း ကျွန်တော်တို့ အနေနဲ့ အသုံးပြုနိုင်ပါတယ်။
ဒါတွေထဲမှာ ဒုက္ခသည် စခန်းတွေထဲ ကိုယ်တိုင် သွားရောက်ခဲ့သူတွေရဲ့ လူတွေ့ မေးမြန်းချက်တွေ၊ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ကြရသူတွေရဲ့ ပြန်ပြောင်း ပြောဆိုချက် ထွက်ချက်တွေလည်း အမြောက်အများ ပါဝင်နေပါတယ်။
ဒဗယ်အိုင် ဒဗယ်အမ် IIMM အပါအဝင် ရင်းမြစ် အမျိုးမျိုးဆီက ရရှိတဲ့ သက်သေ အထောက်အထားတွေကို ကျွန်တော်တို့ ပိုင်းဖြာ ဆန်းစစ် သုံးသပ်ပြီးတဲ့နောက် ဘယ်အရာတွေကို အခု ICJ အမှု ကိစ္စမှာ အသုံးပြုမယ် ဆိုပြီး ရွေးချယ် ထားတာ ဖြစ်ပါတယ်။
အခု အမှု ကိစ္စ အတွက် ကျွန်တော်တို့ဘက်က တင်သွင်းချက် memorial ကို ပြင်ဆင် နေချိန်ဟာ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကူးစက် ပြန့်ပွားမှု အမြင့်ဆုံး အချိန် ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ရှေ့နေ အဖွဲ့ အနေနဲ့ ခရီးသွားလာနိုင်မှု အပေါ်မှာ အကန့်အသတ်တွေ ရှိခဲ့ပါတယ်။ နိုင်ငံတကာ ခရီးတွေ ပြုလုပ်ဖို့ရာ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး တွေ့ဆုံမေးမြန်းတာတွေ ပြုလုပ်ဖို့ ဆိုတဲ့ အပေါ်မှာ ကန့်သတ်ချက်တွေ ရှိခဲ့ပါတယ်။
ဒီကြားထဲကပဲ ကျွန်တော်တို့ဟာ ယုံကြည်ကိုးစားဖွယ်ရာ အကောင်းဆုံး သက်သေတွေ၊ ထွက်ဆိုချက်တွေကို ယုံကြည်ကိုးစားဖွယ်ရာ အကောင်းဆုံး ရင်းမြစ်အမျိုးမျိုးထံကနေ ကျွန်တော်တို့ ရရှိခဲ့ပါတယ်။ ဒီ အမှု ကိစ္စနဲ့ ပတ်သက်ပြီး ရုံးတော် အနေနဲ့ ကြားနား စစ်ဆေး စီရင်နိုင်ဖို့ရာ အကောင်းဆုံးနဲ့ ယုံကြည်စိတ်ချမှု အရှိနိုင်ဆုံး သက်သေ အထောက်အထားတွေကို ကျွန်တော်တို့ အသုံးပြုထားတာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ ဒါဆိုရင် အခု အာဆလန်တို့ ဆီမှာ လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ရှိနေပြီ၊ ဘင်္ဂလားဒေ့ရှ်ကို သွားစရာ မလိုတော့ဘူးလို့ ဆိုလိုတာလား။ အခုအချိန်မှာတော့ ကိုဗစ် ကန့်သတ်ချက် ဆိုတာတွေကလည်း မရှိတော့ဘူး မဟုတ်လား။ ဒီတော့ ဘင်္ဂလားဒေ့ရှ်ကို သွားမယ့် အစီအစဥ်မျိုးတွေရော ရှိနေလား။
အာဆလန် ဆူလေမန်။ ။ ကျွန်တော်တို့ဆီမှာ ရှိနှင့်ပြီး သက်သေ အထောက်အထားတွေဟာ အင်မတန်မှ ခိုင်မာလှပြီး၊ ယုံကြည်ကိုးစားဖွယ်ရာ ဖြစ်တဲ့၊ တွေ့မြင်ကြားသိရသူ အားလုံးကိုလည်း အဖြစ်မှန်တွေ အပေါ် နားလည် သဘောပေါက်မှု အပြည့်အဝ ရစေနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။
ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပါပဲ ... ကျွန်တော်တို့ဘက်ကတော့ ထပ်ဆောင်း သက်သေတွေ တင်ပြနိုင်ရင် အမှုကို ပိုပြီး အကျိုးရှိစေနိုင်မလား ... အကူအညီ ဖြစ်စေမလား ဆိုတာကို အမြဲပဲ စဥ်းစား သုံးသပ်နေပါတယ်။ အမှုကို ပိုပြီး အကျိုးရှိစေနိုင်မယ် ... အကူအညီ ဖြစ်စေမယ် ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။
လက်ရှိ အနေအထားမှာကို ရုံးတော်ရှေ့မှောက် ကျွန်တော်တို့ ကိုးကား အသုံးပြုထားတဲ့ သက်သေ အထောက်အထားတွေဟာ အင်မတန် ရှင်းလင်းလှပါတယ်။ ခိုင်မာလှပါတယ် ... လူအများကို နားလည် လက်ခံ သဘောပေါက်နိုင်အောင် ပြုလုပ်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။
ရှိနှင့်ပြီး သက်သေ အထောက်အထားတွေ အရကို ရိုဟင်ဂျာ အသိုင်းအဝိုင်းဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် မြောက်တဲ့ ကျုးလွန်တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ ခဲ့ရပြီး၊ မြန်မာဟာ တာဝန်ရှိကြောင်း ICJ ရုံးတော်က ဆုံးဖြတ်ချက် ချမှတ် နိုင်လောက်အောင်အထိ ခိုင်မာနေပါတယ်။
ဘီဘီစီ။ ။ မြန်မာအပေါ် စွဲချက်တင်တဲ့ ဒီ ဂျီနိုဆိုက်အမှုဟာ ဂမ်ဘီယာ အတွက် ဘာလို့ အရေးကြီးရတာလဲ ... ကျွန်တော် ဆိုလိုတာ ဘာလို့ ဂမ်ဘီယာက တရားစွဲ ရတာလဲ။ မြန်မာ စစ်တပ် အပါအဝင် အရင် အာဏာပိုင်တွေ လက်ထက်တုန်းက သူတို့ တုံ့ပြန်ခဲ့တာကလည်း ဂမ်ဘီယာ အနေနဲ့ ICJ လို နေရာမျိုးမှာ တရားစွဲဖို့ရာကို ဥပဒေကြောင်း အခြေခံ မရှိဘူး၊ ဂမ်ဘီယာနဲ့လည်း ဘာမှ မပတ်သက်ဘူးလို့ ပြောနေခဲ့ပါတယ်။ ဂမ်ဘီယာဟာ မွတ်ဆလင် နိုင်ငံတွေ စုပေါင်းထားတဲ့ OIC အဖွဲ့ရဲ့ ကိုယ်စား လုပ်ဆောင်တာမျိုး ဖြစ်တယ် ဆိုတဲ့ ထောက်ပြချက်လည်း ရှိနေပါတယ်။ OIC ကိုယ်စား ဂမ်ဘီယာက လုပ်တယ် ဆိုတာဟာ အမှန်ပဲလား အာဆလန်။
အာဆလန် ဆူလေမန်။ ။ ဂမ်ဘီယာဟာ ကုလသမဂ္ဂရဲ့ ဂျီနိုဆိုက် ကာကွယ်ရေး ဆိုင်ရာ နိုင်ငံတကာ ပဋိညာဥ်ထဲ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီလို အဖွဲ့ဝင်နိုင်ငံ အဖြစ် ဒီ ပဋိညာဥ်ဟာ ဘယ်နေရာ ဘယ်ဒေသတွေမှာ ချိုးဖောက် ခံနေရသလဲ ဆိုတဲ့ အချက်အပေါ် ဂမ်ဘီယာဟာ စိတ်ပါဝင်စားပိုင်ခွင့် အပြည့်အဝ ရှိပါတယ်။
ပဋိညာဥ် အဖွဲ့ဝင် တခြားနိုင်ငံတွေ အနေနဲ့လည်း ဂမ်ဘီယာ နည်းတူပဲ ရိုဟင်ဂျာ အရေး ကိစ္စအပေါ် စိတ်ဝင်တစားနဲ့ အရေးယူ လုပ်ဆောင်တာမျိုး ပြုလုပ်မယ်ဆို ပြုလုပ်နိုင်ပါတယ်။ ဂမ်ဘီယာ နိုင်ငံဟာ ရိုဟင်ဂျာ အရေးအပေါ် ဘယ်အချိန်မှာ အလေးအနက် စပြီး သဘောထားလာတာလဲ ဆိုရင် ... အဲဒီ အချိန်က ဂမ်ဘီယာရဲ့ တရားရေးဝန်ကြီးလည်းဖြစ်၊ ရှေ့နေချုပ်လည်းဟုတ်တဲ့ အဘူဘက်ကာ တမ်ဘာဒူ Abubacarr Tambadou ဟာ ဂျီနိုဆိုက်ရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ ဒုက္ခသည် စခန်းတွေထဲ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့ပါတယ်။ အဲဒါ ၂၀၁၈ ထဲ မှာပါ။
အဲဒီတွေ့ဆုံမှုကြောင့် မစ္စတာ တမ်ဘာဒူထံမှာ ဂျီနိုဆိုက်ဒဏ် ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေ အတွက် တခုခု လုပ်ပေးရမယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ရှိလာပါတယ်။ ဂမ်ဘီယာ နိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စမှာ ဦးစီးဦးဆောင်လုပ်ပြီး ကိုင်တွယ်လာရစေမယ် ဆိုပြီး မစ္စတာ တမ်ဘာဒူက သံန္နိဋ္ဌာန် ချခဲ့ပြီး၊ အဲဒီ့ အတိုင်း လက်တွေ့ ဖြစ်မြောက်လာဖို့ ဂမ်ဘီယာ အစိုးရဖွဲ့ အတွင်းမှာ ကြိုးစားခဲ့ပါတယ်။
ဂမ်ဘီယာ သမ္မတ အပါအဝင် အစိုးရ ကက်ဘိနက် အဖွဲ့ တစ်ခုလုံးကို မစ္စတာ တမ်ဘာဒူက နားလည် လက်ခံလာအောင် ပြောဆို နိုင်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုးလွန်သူတွေကို တာဝန်ခံမှု ရှိစေရေး၊ အပြစ်ပေး အရေးယူနိုင်ရေး နိုင်ငံတကာ လမ်းကြောင်း အမျိုးမျိုး အပေါ် သုံးသပ်ပြီးတဲ့နောက်
ICJ ရုံးတော်ရှေ့မှောက် မြန်မာအပေါ် စွဲဆိုမှု ပြုလုပ်ဖို့ရာ ဂမ်ဘီယာဟာ လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဒီအမှု ကိစ္စမှာ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေ အဖြစ် ဆောင်ရွက်ခွင့် ရတဲ့ အပေါ် အင်မတန် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။
ခင်ဗျားက OIC အကြောင်း ပြောသွားပါတယ်။ OIC ဟာ ICJ ရှေ့မှောက် ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဂမ်ဘီယာရဲ့ လက်ရှိ ကြိုးစား ဆောင်ရွက် နေတာတွေ အပေါ် အားပေး ထောက်ခံတယ် ဆိုတဲ့ အချက်ဟာ မှန်ကန် ပါတယ်။ ဂမ်ဘီယာကလည်း OIC အဖွဲ့ဝင် ဖြစ်နေခြင်းဆိုတဲ့ နေရာ ပလက်ဖောင်းကို အသုံးပြုပြီး ICJ အမှုအတွက် နိုင်ငံရေး၊ သံတမန်ရေးဆိုင်ရာ အားပေးထောက်ခံမှုတွေကို ရယူပါတယ်။
OIC ဘက်ကလည်း ဒီ အမှု ကိစ္စနဲ့ ပတ်သက်ပြီး အပြည့်အဝ ထောက်ခံ အားပေးကြောင်း သိသာစေတဲ့ လုပ်ရပ်မျိုးတွေကို အကြိမ်ရေတချို့ ပြုလုပ်ထားပါတယ်။ ဒီအမှုမှာ ဂမ်ဘီယာဟာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုကို OIC အဖွဲ့ တစ်ခုတည်းထံက ရတာမျိုး မဟုတ်ပါဘူး။ OIC အဖွဲ့ဝင် မဟုတ်တဲ့ ကမ္ဘာ့ နိုင်ငံ အများအပြားထံကလည်း ထောက်ခံအားပေးမှု ရပါတယ်။
သက်သေ အထောက်အထားတွေကို ပံ့ပိုးကူညီတာကစလို့ တချို့ နိုင်ငံတွေ ဆိုရင် ဂမ်ဘီယာရဲ့ ICJ အမှု ကိစ္စမှာ လိုအပ်လာရင် အချိန်မရွေး ပါဝင်ပတ်သက် လုပ်ဆောင်ဖို့ရာ အသင့်ရှိတယ် ဆိုပြီး တရားဝင် ကြေညာထားပါတယ်။ အဲဒီလို ပြောတာဟာ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဂျာမနီ၊ ကနေဒါနဲ့ နယ်သလန် အပါအဝင် ဒီပြင့် နိုင်ငံတွေလည်း ရှိနေပါတယ်။
ဘီဘီစီ။ ။ ဒီတော့ ICJ တရားသူကြီးတွေထံက ဘယ်လို ဆုံးဖြတ်ချက်မျိုး ထွက်လာဖို့ ဂမ်ဘီယာဘက်က လုပ်ဆောင်နေတာလဲ။ ဆိုလိုတာက ဂမ်ဘီယာရဲ့ စွဲဆိုမှု မှန်ကန်တယ် ဆိုပြီး ICJ က ဆုံးဖြတ်တယ် ဆိုရင် ရိုဟင်ဂျာတွေ အပေါ် ဘယ်လို သက်သာရ သက်သာကြောင်းတွေကို ICJ က ဖန်တီးပေး နိုင်မှာလဲ ခင်ဗျ။ ဂမ်ဘီယာ အနေနဲ့ အခု အမှု ကိစ္စကနေ ဘယ်လို အချက်မျိုးတွေ ပေါ်ပေါက် လာစေဖို့ ကြိုးစား နေတာလဲ။
အာဆလန် ဆူလေမန်။ ။ ဒီအမှု ကိစ္စသာ အောင်မြင်တယ် ဆိုခဲ့ရင် ခံစားရသူတွေ အပေါ် လျော်ကြေးသဘောမျိုး ဖြစ်စေတဲ့ .... ကောင်းရာကောင်းကျိုးတွေ ပေါ်ထွန်း လာနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ ဥပဒေမှာတော့ ဒါကို legal remedy လို့ ခေါ်ပါတယ်။ ကျုးလွန်ခံရသူတွေ ဘာတွေ ရရှိဖို့ လိုတယ်၊ သူတို့ အတွက် ဘာတွေ လုပ်ပေးရမယ် စတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်။
အနည်းဆုံး အခြေခံ အဆင့် အနေနဲ့ ဂမ်ဘီယာဘက်က တောင်းဆိုနေတာကတော့ မြန်မာပြည်မှာ ရိုဟင်ဂျာတွေ တွေ့ကြုံ ခံစားခဲ့ကြရတာဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက် မြောက်ကြောင်းနဲ့ မြန်မာနိုင်ငံဟာ ဒီကိစ္စ အတွက် တာဝန်ရှိကြောင်း ICJ ရုံးတော်က ကြေညာ ပေးဖို့ ဖြစ်ပါတယ်။
နိုင်ငံတကာ ဥပဒေ အရ နိုင်ငံတစ်နိုင်ငံဟာ ဂျီနိုဆိုက်လိုမျိုး နိုင်ငံတကာ အတိုင်းအတာထိ ဆိုးရွားတဲ့ လုပ်ရပ်မျိုး ကျုးလွန် ဖောက်ဖျက်ကြောင်း တွေ့လာရပြီဆိုရင် နောက်ဆက်တွဲ အရေးယူ ဆောင်ရွက်နိုင်တာတွေ အမျိုးမျိုး လမ်းပွင့် သွားမှာ ဖြစ်ပါတယ်။
ဂမ်ဘီယာ အနေနဲ့ တောင်းဆို နေတာကတော့ ကျုးလွန်ခံရတဲ့ ရိုဟင်ဂျာတွေ ဆုံးရှုံးခဲ့ရသမျှကို မြန်မာနိုင်ငံ အနေနဲ့ ပြန်လည် ပံ့ပိုး ပေးဖို့ ဖြစ်ပါတယ်။ အဲဒါကို restitution လို့ ခေါ်ပါတယ်။ အဲဒီ restitution ထဲမှာ ရိုဟင်ဂျာတွေရဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သူတို့ ပြန်လာကြတဲ့အခါ လိုအပ်တဲ့ ရပိုင်ခွင့် မှန်သမျှကို ဖြည့်ဆည်းပေးဖို့ ဖြစ်ပါတယ်။
ဒီလို ဆုံးရှုံး ခဲ့တာတွေကို ပြန်လည် ရရှိတာမျိုး ဖြစ်တဲ့ restitution သတ်မှတ်နိုင်တဲ့ ဆိုတာတွေထက် ကျော်လွန်ပြီးတော့လည်း ကျူးလွန်ခံစားခဲ့သူတွေ အတွက် ထပ်ဆောင်း ရသင့်တဲ့ အရာတွေ ရှိပါတယ်။ ဘယ်အရာတွေ လုပ်ပေးပါဆိုပြီး ဂမ်ဘီယာဘက်က တောင်းဆိုထားသလို မြန်မာဘက်ကလည်း ဥပဒေကြောင်း ဆိုင်ရာ ချေပ ငြင်းဆန်တာတွေ လုပ်ထားပါတယ်။
ဒီတော့ လျော်ကြေး legal remedy တစ်ခုလုံးအနေနဲ့ ဘယ်လောက် အတိုင်းအတာ အထိ သတ်မှတ်မလဲ၊ ဘယ်အချက်တွေကို ထည့်သွင်းမလဲ ဆိုတာကို ရုံးတော်က ဆုံးဖြတ် သွားရမှာ ဖြစ်ပါတယ်။









