'ရေးခဲ့တဲ့ စကားလုံးတိုင်းက ပြန်ခြောက်လှန့်နေတယ်' - 'မဖွယ်မရာ' စာတွေကြောင့် အဖမ်းခံရတဲ့တရုတ်စာရေးဆရာမတွေ

    • ရေးသားသူ, ယီမာ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
    • ရေးသားပေးပို့သည့်နေရာ, လန်ဒန်
    • ရေးသားသူ, ယူနိစ် ယန်း
    • ရာထူးတာဝန်, ဘီဘီစီ တရုတ်ဘာသာဌာန
    • ရေးသားပေးပို့သည့်နေရာ, ဟောင်ကောင်
  • ဖတ်ရန်အချိန်: မိနစ် ၁၅

"ဒီအကြောင်းတွေကို မပြောဖို့ ကျွန်မ သတိပေးခံထားရပါတယ်" လို့ အမျိုးသမီးတစ်ယောက်က ရေးပါတယ်။ သူဟာ လိင်တူချင်း ချစ်ကြိုက်တဲ့ လိင်အသားပေးစာပေတွေ ထုတ်ဝေမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့နေ့က အဖြစ်အပျက်တချို့ကို ဖွင့်ဟခဲ့ပါတယ်။

"လူတွေရှေ့မှာ ကားပေါ်ကို ခေါ်သွားခံရတာ၊ စစ်ဆေးဖို့ လူစိမ်းတွေရှေ့မှာ အဝတ်အစားတွေ အကုန်ချွတ်ခိုင်းပြီး အရှက်ခွဲခံရတာ၊ ဓာတ်ပုံရိုက်ဖို့ အကျဥ်းသားဝတ်စုံ ဝတ်ရတာ၊ ကုလားထိုင်မှာ ထိုင်နေရင်း ကြောက်လန့်တုန်နေပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေခဲ့တာတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး" လို့ သူက ပြောပါတယ်။

ပင်းပင်း အနန် ယန်ဖူ ဆိုတဲ့ ဆိုရှယ်မီဒီယာအကောင့်ဟာ ပြီးခဲ့တဲ့လတွေထဲမှာ တရုတ်နိုင်ငံရဲ့ ဝေဘို လူမှုကွန်ရက်ပေါ်မှာ လိင်တူ-လိင်အသားပေးစာတွေရေးလို့ ဖမ်းဆီးခံရတဲ့အကြောင်း မျှဝေခဲ့တဲ့ အကောင့် အနည်းဆုံး ၈ ခုထဲက တစ်ခုပါ။ စာရေးဆရာမတွေက သူတို့ အတွေ့အကြုံတွေကို ပြန်ပြောပြလာကြတဲ့အခါ ရှေ့နေတွေက အခမဲ့ ကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနည်းဆုံး စာရေးဆရာမ ၃၀ လောက် အဖမ်းခံရပါတယ်၊ အားလုံးနီးပါးက အသက် ၂၀ ဝန်းကျင် အမျိုးသမီးတွေဖြစ်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။ အများစုဟာ အာမခံနဲ့ လွတ်နေတာ ဒါမှမဟုတ် ရုံးတင်စစ်ဆေးဖို့ စောင့်နေကြတာ ဖြစ်ပေမဲ့ တချို့ကတော့ အချုပ်ထဲမှာ ရှိနေဆဲပါ။ နောက်ရှေ့နေတစ်ယောက်ကတော့ စာမူပေးပို့သူ အတော်များများလည်း စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ခံထားရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

သူတို့ဟာ ထိုင်ဝမ်မှာ အခြေစိုက်တဲ့ 'ဟိုင်ထန်စာပေမြို့တော်' ဝက်ဘ်ဆိုက်မှာ သူတို့ရဲ့ လက်ရာတွေကို ထုတ်ဝေခဲ့ကြတာပါ။ အဲဒီဝက်ဘ်ဆိုက်ဟာ အမျိုးသားချင်း ချစ်ကြိုက်တဲ့ အချစ်ဇာတ်လမ်းတွေကို သမိုင်းနောက်ခံတွေ၊ စိတ်ကူးယဉ်ဇာတ်လမ်းတွေ၊ သိပ္ပံနောက်ခံတွေနဲ့ ရေးတဲ့ တန့်မေလို့ခေါ်တဲ့ ကဏ္ဍကြောင့် လူသိများပါတယ်။ နှစ်တွေကြာလာတဲ့နောက် အဲဒီစာပေအမျိုးအစားဟာ တရုတ်အမျိုးသမီးငယ်တွေကြားမှာ အခိုင်အမာ အားပေးသူ အများအပြား ရလာခဲ့ပါတယ်။

ဒီစာရေးဆရာမတွေဟာ "ညစ်ညမ်းပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးခြင်း" ဆိုတဲ့ စွဲချက်နဲ့ တရုတ်နိုင်ငံရဲ့ ညစ်ညမ်းဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရပါတယ်။

ဒီလုပ်ငန်းကနေ အကျိုးအမြတ်ရရှိတဲ့ စာရေးဆရာတွေဟာ ထောင်ဒဏ် ၁၀ နှစ်ထက်မနည်း ကျနိုင်ပါတယ်။

အဲဒီဥပဒေဟာ "လိင်တူဆက်ဆံတာ ဒါမှမဟုတ် တခြား လိင်ပိုင်းဆိုင်ရာ မူမမှန်မှုတွေ" ကို ဗြောင်ကျကျ ဖော်ပြတာကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက်လိင်တွေရဲ့ဆက်ဆံမှု ဖော်ပြချက်တွေကတော့ ပိုပြီး လွတ်လပ်ခွင့် ရှိတတ်ပါတယ်။ နိုဘယ်လ်ဆုရှင် မိုယန် အပါအဝင် ကျော်ကြားတဲ့ တရုတ်စာရေးဆရာကြီးတွေရဲ့ လက်ရာတွေမှာ လိင်အကြောင်းတွေ ပါပေမဲ့ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် ဖတ်ရှုနိုင်ပါတယ်။

တရုတ်နိုင်ငံမှာ ဆန့်ကျင်ဘက်လိင်တွေရဲ့ လိင်အသားပေးစာပေ ရေးသားသူတွေ ဖမ်းဆီးခံရတာမျိုး ရှိခဲ့ဖူးပေမဲ့ အဲဒီအမျိုးအစားကတော့ ဆင်ဆာအဖြတ်ခံရတာ ပိုသက်သာတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အဖမ်းခံရကြောင်း သတင်းတင်ပြကြသူတွေဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြောက်တာကြောင့် အင်တာဗျူးဖြေပေးဖို့ ငြင်းကြပါတယ်။

ဒီနှိမ်နင်းမှုကို ဦးဆောင်နေသူတွေလို့ စွပ်စွဲခံရတဲ့ လန်ကျိုးမြို့က ရဲတပ်ဖွဲ့ကလည်း ဘီဘီစီက မေးတာကို ပြန်မဖြေသေးပါဘူး။

ဒီနှိမ်နင်းမှုဟာ ဝေဖန်ဆွေးနွေးမှုတွေကို ဖြစ်လာစေခဲ့ပြီး ဥပဒေကို ဆန့်ကျင်တဲ့ ရှားရှားပါးပါး ဖြစ်ရပ်တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

"လိင်ကိစ္စက တကယ်ပဲ ရှက်စရာကောင်းတဲ့ အရာလား" လို့ ဝေဘို ဆိုရှယ်မီဒီယာ သုံးသူတစ်ယောက်က မေးခွန်းထုတ်ခဲ့ပါတယ်။ တရုတ်ရဲ့ ညစ်ညမ်းတိုက်ဖျက်ရေး ဥပဒေတွေဟာ ခေတ်နောက်ကျနေပြီလို့ ငြင်းခုံခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ အမျိုးသမီးတွေဟာ အဖြစ်အပျက်တွေကို ထိန်းချုပ်ခွင့်မရတဲ့အတွက် ဘာက ညစ်ညမ်းတယ်ဆိုတာကို သူတို့ ဘယ်တော့မှ ဆုံးဖြတ်ခွင့်မရဘူးလို့ ရေးပါတယ်။

ဥပဒေပညာရှင်တွေကတောင် "ညစ်ညမ်း" တယ်လို့ ယူဆရတဲ့ အရာတစ်ခုဟာ ကြည့်သူ ၅,၀၀၀ ရှိရုံနဲ့တင် "ဖြန့်ဖြူးခြင်း" ဆိုတဲ့ ရာဇဝတ်မှု မြောက်သွားစေတဲ့အတွက် ဖန်တီးသူတွေကို ဖမ်းဆီးဖို့ လမ်းစ ပိုလွယ်သွားစေတာကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

အဲဒါတွေကို တရုတ်အစိုးရ မကြိုက်ပါဘူး။ အဲဒါကြောင့်အွန်လိုင်းပေါ်မှာ ဆွေးနွေးတာတွေ ပျောက်သွားပါတယ်။ #HaitangAuthorsArrested ဆိုတဲ့ အကြောင်းအရာဟာ ဆင်ဆာအပိတ်မခံရခင်မှာ ဝေဘိုပေါ်မှာ ကြည့်ရှုသူ သန်း ၃၀ ကျော် ရှိခဲ့ပါတယ်။ ဥပဒေအကြံ ပေးထားတဲ့ ပို့စ်တွေလည်း ပျောက်သွားပါပြီ။ ထင်ရှားတဲ့ တရုတ်သတင်းဝက်ဘ်ဆိုက်တစ်ခုရဲ့ ဆောင်းပါးလည်း ဖြုတ်ချခံလိုက်ရပါတယ်။ စာရေးဆရာတွေရဲ့ အကောင့်တချို့လည်း ပျောက်ကွယ်သွားခဲ့ပါပြီ။

ပင်းပင်း အနန် ယန်ဖူ ရဲ့ ပို့စ်ဟာ လူသိများသွားပြီးနောက်မှာတော့ သူက အဲဒီပို့စ်ကို ဖျက်လိုက်ပြီး နောက်ထပ်ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီမှာ သူ့ကို ဝန်းရံသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ သူရေးတာတွေက ဥပဒေကို ချိုးဖောက်မိကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူရဲ့ အကောင့်ကိုပါ ဖျက်ပစ်ခဲ့ပါတယ်။

အဲဒီနောက်ဆုံးပို့စ်မတင်ခင်မှာ သူက "ကျွန်မဟာ မိဘတွေ မျက်စိထဲမှာ အမြဲတမ်း မိန်းမကောင်းလေးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာတော့ ကျွန်မဟာ သူတို့အတွက် အရှက်ရစရာသက်သက် ဖြစ်သွားပါတယ်။ သူတို့တွေ ဘယ်တော့မှ ခေါင်းဖော်နိုင်တော့မှာ မဟုတ်ဘူး" လို့ ရေးခဲ့ပါတယ်။

တန့်မေ -ခေတ်ရေစီးရဲ့ သရဖူမဆောင်းတဲ့ ဘုရင်

လိင်တူချစ်သူတွေနဲ့ လိင်တူဆက်ဆံရေးကိစ္စတွေကို ရှုတ်ချလေ့ရှိတဲ့ တရုတ်မှာ ဒီအမျိုးသမီးတွေဟာ နောက်ကွယ်ကနေ အလုပ်လုပ်ခဲ့ကြတာ ကြာပါပြီ။ အခုအခါမှာတော့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကြောင့် လူသိရှင်ကြား ဖြစ်သွားခဲ့ပြီး ဥပဒေကြောင်း ပြစ်ဒဏ်တွေအပြင် ပြင်းထန်တဲ့ လူမှုရေးနောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။

"အဲဒီအချိန်မှာ ကျွန်မ ရှက်တာပဲ သိတယ်" လို့ "ကမ္ဘာကြီးဟာ စိတ်ရောဂါကုဆေးရုံကြီးတစ်ခု" လို့ အဓိပ္ပာယ်ရတဲ့ ဝေဘို အကောင့်ပိုင်ရှင် စာရေးဆရာမ တစ်ယောက်က တင်ခဲ့ပါတယ်။ သူကောလိပ်မှာ စာသင်နေတုန်း ရဲတွေက လာခေါ်ထုတ်သွားခဲ့ပြီး အဆောင်ကို လိုက်စစ်တာကိုလည်း အတန်းဖော်တွေက ကြည့်နေခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

"ကျွန်မဟာ ကီးဘုတ်ပေါ်မှာ စကားလုံးတစ်လုံးချင်းစီ ရိုက်ပြီး ပိုက်ဆံရှာခဲ့တာပါ။ ဒါပေမဲ့ အခြေအနေတွေ ဆိုးကုန်တဲ့အခါ အဲဒီကြိုးစားမှုတွေက ဘာမှ အရာမထင်တော့သလို ဖြစ်သွားပါတယ်။ လူတွေက ကျွန်မကို ဘာအလုပ်မှ မလုပ်ဘဲ ပိုက်ဆံရှာနေတဲ့သူလို ဆက်ဆံကြတယ်။"

နောက်တစ်ယောက်ကတော့ ရဲတွေက ကြင်နာကြပါတယ်လို့ ဆိုပါတယ်။ သူ့ပြစ်ဒဏ်လျော့ပေါ့ဖို့ ရှေ့နေနဲ့ ဆွေးနွေးဖို့နဲ့ "တရားမဝင် ဝင်ငွေတွေ" ကို ပြန်အပ်ဖို့ အကြံပေးခဲ့ကြတယ်လို့ ရေးထားပါတယ်။ "ကျွန်မ အသက် ၂၀ ပဲ ရှိသေးတယ်။ အရမ်းငယ်သေးတဲ့အချိန်မှာပဲ ကျွန်မရဲ့ ဘဝကို ဖျက်ဆီးမိလိုက်ပြီ" လို့ သူက ဆိုပါတယ်။

တတိယမြောက် စာရေးဆရာမကတော့ "ကျွန်မ တစ်ချိန်က ရေးခဲ့တဲ့ စကားလုံးတိုင်းက ကျွန်မကို ပြန်ပြီး ခြောက်လှန့်မယ့်နေ့ ရောက်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး" လို့ ပြောပါတယ်။

တန့်မေဝတ္ထုတွေကို အနှစ် ၂၀ ကြာ ရေးသားလာခဲ့တဲ့ ကျောက်ဝူကတော့ ဒီနှိမ်နင်းမှုက သူ့ကို တားနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ "ဒါက ကျွန်မ ပျော်ရွှင်မှုကို ရှာတဲ့နည်းလမ်းပါ။ ဒီလူမှုအသိုင်းအဝိုင်းနဲ့ ရထားတဲ့ ဆက်သွယ်မှုတွေကို ကျွန်မ လက်မလွှတ်နိုင်ပါဘူး။"

တန့်မေဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အွန်လိုင်းပေါ်ကနေ စပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အချို့ဝတ္ထုတွေဟာ နိုင်ငံတကာ အရောင်းရဆုံးစာရင်းဝင်တဲ့အထိ အတော်ကြီး အောင်မြင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဝတ္ထုအပုဒ် ၆၀ ကို ရုပ်ရှင်နဲ့ ရုပ်သံဇာတ်လမ်းတွဲတွေအဖြစ် ရိုက်ဖို့ အရွေးခံခဲ့ရပါတယ်။ ဈေးအကြီးဆုံးမူပိုင်ခွင့်ဟာ ယွမ် သန်း ၄၀ (ဒေါ်လာ ၅.၆ သန်း) အထိ ရခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်းကြယ်ပွင့်တွေဖြစ်တဲ့ ရှောင်ကျန်း နဲ့ ဝမ်ယိပို တို့ဟာ တန့်မေ ဝတ္ထုတွေကို အခြေခံထားတဲ့ ဇာတ်လမ်းတွဲတွေကနေ စအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

တိုတို ပြောရရင် ဒါဟာ ခေတ်ရေစီးကြောင်းရဲ့ သူပုန်ဘုရင်ပါပဲ။ လျစ်လျူရှုထားဖို့ကလည်း လူကြိုက်များလွန်းနေပြီး ဂုဏ်ပြုဖို့ကျတော့လည်း အငြင်းပွားစရာတွေ များလွန်းနေပါတယ်။

ဒါဟာ ဟိုင်ထန် ဝက်ဘ်ဆိုက်ရဲ့ ထင်ရှားတဲ့ ကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။ ဟိုင်ထန်ဆိုတဲ့စကားလုံးဟာ တရုတ်ဘာသာစကားမှာ "ပန်းရောင်အဆင့်ဆင့်နဲ့ ပွင့်တဲ့ ပန်းတစ်မျိုး" လို့ အဓိပ္ပာယ်ရပါတယ်။

ဟိုင်ထန်နဲ့ တန့်မေဟာ အမျိုးသားဇာတ်ဆောင်တွေကို အဓိကထားပေမဲ့ အမျိုးသမီးတွေအတွက် သီးသန့်နေရာတစ်ခုအဖြစ် ထွန်းကားလာခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ဆန္ဒတွေကို ထိန်းချုပ်လေ့ရှိတဲ့ ယဉ်ကျေးမှုမှာ တန့်မေဟာ အမျိုးသမီးတွေအတွက် သူတို့ရဲ့ စိတ်ကူးတွေကို ဖန်တီးပုံဖော်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါဟာ တန့်မေ ကို "တော်လှန်သော" စာပေဖြစ်စေတဲ့ အချက်ပဲလို့ လန်ဒန်တက္ကသိုလ်က ဒေါက်တာ လျန်ကောက ဆိုပါတယ်။ ဒါဟာ အမျိုးသမီးတွေကို အိမ်ထောင်ရှင်ဘဝနဲ့ မိခင်ဘဝဆိုတဲ့ "ကျား၊ မ လက်တွေ့ဘဝတွေ" ကနေ ခဏတာရုန်းထွက်ခွင့် ပေးထားတာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် တန့်မေ ဇာတ်လမ်းတွေမှာ အမျိုးသားတွေဟာ ကိုယ်ဝန်ဆောင်နိုင်ကြသလို၊ နူးညံ့ပျော့ပျောင်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ဖော်ပြကြပါတယ်။ ဒါဟာ တရုတ်အမျိုးသမီးတွေ လက်တွေ့ဘဝမှာ ရုန်းကန်နေရတဲ့ မညီမျှတဲ့ ဆက်ဆံရေးတွေနဲ့ သိသိသာသာ ကွာနေပါတယ်။

"တန့်မေက ကျွန်မကို အစဥ်အလာ ဆန့်ကျင်ဘက်လိင် အချစ်ဇာတ်လမ်းတွေရဲ့ ဆက်ဆံရေး အန္တရာယ်တွေကနေ လွတ်လပ်ခွင့်ပေးထားတယ်"လို့ တန့်မေလောကမှာ ဆယ်စုနှစ်တစ်ခုကြာ ကျင်လည်ခဲ့တဲ့ စာရေးဆရာမ လီရှင်းက ရှင်းပြပါတယ်။

ဒါပေမဲ့တန့်မေဝတ္ထုတွေမှာ အစွန်းရောက်ပြီး အကြမ်းဖက်တဲ့အခန်းတွေ ပါဝင်တတ်တာကြောင့် ဝေဖန်မှုတွေလည်း ရှိပါတယ်။

"မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးတွေ ဒီလိုဝတ္ထုတွေ ရေးဖို့နေနေသာသာ ဖတ်တာကိုတောင် ဘယ်နှယောက်က လက်ခံနိုင်မှာလဲ" လို့ ဝေဘို သုံးသူတစ်ယောက်က မေးခွန်းထုတ်ခဲ့ပါတယ်။

စာရေးသူတွေရဲ့ အသက်အရွယ်တွေဟာလည်း စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဘီဘီစီနဲ့ စကားပြောခဲ့သူ တချို့က သူတို့ဟာ အသက် ၁၈ နှစ်မပြည့်ခင်ကတည်းက လိင်တူ အသားပေးစာပေတွေကို ဖတ်ရှုရေးသားခဲ့ကြတာဖြစ်ပြီး တချို့ဆိုရင် ၁၁ နှစ်သားအရွယ်လောက်ကတည်းက စခဲ့တာလို့ ဆိုပါတယ်။

ဒါဟာ ဒီအသိုင်းအဝိုင်းအနေနဲ့ ဂရုပြု ဖြေရှင်းရမယ့် ပြဿနာတစ်ခုဖြစ်တယ်လို့ စာရေးဆရာမ မား က ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အသက်အရွယ် ကန့်သတ်ချက်တွေ မရှိတဲ့အတွက် အရွယ်ရောက်သူတွေနဲ့သာဆိုင်တဲ့ အကြောင်းအရာ အားလုံးအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

တရုတ်အစိုးရက အင်တာနက် "သန့်စင်ရေး" လုပ်ငန်းတွေ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တန့်မေဟာ အထူးတလည် တိုက်ခိုက်ခံလာရပါတယ်။ ၂၀၁၈ မှာ တန့်မေ စာရေးဆရာမတစ်ယောက်ဟာ သူရဲ့ "Occupy" ဆိုတဲ့စာအုပ် အုပ်ရေ ၇,၀၀၀ ရောင်းချမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချခံခဲ့ရပါတယ်။

'ကျွန်မရဲ့ဝင်ငွေက ကျွန်မပြစ်မှုအတွက် သက်သေဖြစ်လာပါတယ်'

အိမ်ထောင်ပြုနှုန်းနဲ့ ကလေးမွေးဖွားနှုန်းတွေ ကျဆင်းလာတာ၊ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က အမျိုးသား ပြန်လည်နိုးကြားရေး တိုက်တွန်းနေတာတွေကြောင့် တန့်မေ အပေါ် အစိုးရရဲ့ စောင့်ကြည့်စစ်ဆေးမှုတွေ ပိုဆိုးလာတာလို့ ဒေါက်တာ ဂေး က ပြောပါတယ်။

"တရုတ်အစိုးရဟာ ရိုးရာမိသားစုတန်ဖိုးတွေကို မြှင့်တင်ချင်နေတာပါ။ တန့်မေဝတ္ထုတွေကို ကြိုက်နေကြတာဟာ အမျိုးသမီးတွေ ကလေးယူဖို့ စိတ်မပါတော့တဲ့ အချက်တစ်ချက်လို့ မြင်နေကြတယ်" လို့ သူက ရှင်းပြပါတယ်။

ဒါဟာ ၁၂ လအတွင်းမှာ ဒုတိယအကြိမ်မြောက် အစုလိုက်အပြုံလိုက် ဖမ်းဆီးမှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း ဟိုင်ထန် စာရေးဆရာမ အယောက် ၅၀ တရားစွဲခံခဲ့ရပါတယ်။ ယွမ် ၁.၈၅ သန်းလောက် ဝင်ငွေရှိတဲ့ နာမည်ကြီးစာရေးဆရာမတစ်ယောက်လည်း ထောင်ဒဏ် ၅ နှစ်နီးပါး အချခံခဲ့ရပါတယ်။

"ဒါပေမဲ့ ဒီတစ်ခါမှာတော့ နည်းနည်းလောက် ပါဝင်ပတ်သက်တဲ့သူတွေကိုတောင် မချန်ဘူး" လို့ ရှေ့နေတစ်ယောက်က ဆိုပါတယ်။

"နှစ်ရက်တည်းမှာတင် အကြံဉာဏ်တောင်းတဲ့သူ ၁၅၀ ကျော်ရှိတယ်" လို့ အခမဲ့ အကြံပေးနေတဲ့ ရှေ့နေတစ်ယောက်က ပြောပါတယ်။ သူ့ကို ဆက်သွယ်လာသူ အများစုဟာ အမှုဖွင့်မခံရသေးပေမဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အခြေအနေတွေကြောင့် ကြောက်လန့်နေကြတာ ဖြစ်ပါတယ်။

"ဒါဟာ နယ်ကျော်ဖမ်းဆီးမှုပဲ" လို့ ဟိုင်ထန် စာရေးဆရာမတွေကို ကူညီဖို့ လမ်းညွှန်ရေးသားခဲ့တဲ့ ရှေ့နေတစ်ယောက်က ဆိုပါတယ်။ ဒီအသုံးအနှုန်းဟာ ဒေသခံရဲတွေရဲ့ လုပ်ပိုင်ခွင့်ကျော်လွန်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ လန်ကျိုးရဲတပ်ဖွဲ့ဟာ သူတို့ရဲ့ စီရင်ပိုင်ခွင့်နယ်မြေပြင်ပက စာရေးဆရာမတွေကိုပါ လိုက်လံဆင့်ခေါ်နေတာ ဖြစ်ပါတယ်။

တန့်မေ စာရေးဆရာမတွေဟာ အစိုးရရဲ့ သည်းခံနိုင်စွမ်းက ပြောင်းလဲနေတတ်တာကို သိကြပါတယ်။ အဲဒါကြောင့်လည်း သူတို့ဟာ စကားတွေပြောင်းသုံးပြီး ဆင်ဆာကို ရှောင်ကြတာ ဖြစ်ပါတယ်။ "ညစာချက်ပြုတ်တယ်" ဆိုတာက လိင်ဆက်ဆံတာကို ဆိုလိုပြီး "မီးဖိုချောင်သုံးပစ္စည်း" ဆိုတာကတော့ အမျိုးသားလိင်အင်္ဂါအတွက် လျှို့ဝှက်အခေါ်အဝေါ် ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနှိမ်နင်းမှုရဲ့ ပြင်းထန်မှုက သူတို့ကို အံ့အားသင့်သွားစေခဲ့ပါတယ်။ "ဖုန်းတစ်ချက်ဝင်လာတာနဲ့ ကျွန်မရဲ့ အိပ်မက်တွေ ပျက်စီးသွားခဲ့တယ်" လို့ စာရေးဆရာမတစ်ယောက်က ရဲတပ်ဖွဲ့ရဲ့ ခေါ်ဆိုမှုကို ဖော်ပြခဲ့ပါတယ်။

ဖုန်းတွေကို ဝရမ်းမပါဘဲ ရဲတွေက စစ်ဆေးခဲ့တယ်လို့ သူတို့က စွပ်စွဲခဲ့ကြပါတယ်။ သူတို့ရဲ့ အပြစ်ဒဏ်ကို ဝတ္ထုတစ်ခန်းချင်းစီရဲ့ ကြည့်ရှုသူအရေအတွက်ကို ပေါင်းပြီး သတ်မှတ်တာ ဖြစ်ပါတယ်။ ဒါဟာ ဖတ်ရှုသူအရေအတွက်ကို အဆမတန် များပြားသွားစေတဲ့အတွက် လွဲမှားတဲ့နည်းလမ်းဖြစ်တယ်လို့ သူတို့က ငြင်းခုံကြပါတယ်။

နောက်ထပ် စာရေးဆရာမတစ်ယောက်ကတော့ "ကျွန်မ ဟိုင်ထန်မှာ ရေးလာတာ နှစ်တွေကြာပါပြီ၊ ဖတ်တဲ့သူ လက်တစ်ဆုပ်စာပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ ဒီတိုင်းပစ်ထားတဲ့ ဇာတ်လမ်းတွေက တဖြည်းဖြည်းကြာလာတော့ စုစုပေါင်း ဖတ်တဲ့သူ ၃ သိန်းကျော်သွားပြီး ကျွန်မအကောင့်ထဲက စာမူခ ယွမ် ၄,၀၀၀ ကလည်း ကျွန်မရဲ့ ရာဇဝတ်မှုအတွက် သက်သေဖြစ်လာခဲ့တယ်" လို့ တင်ခဲ့ပါတယ်။

ဒါဟာ ဟိုင်ထန်ပေါ်က သူတို့ အလုပ်တွေ နိဂုံးချုပ်သွားတာလားဆိုတာတော့ ပြောဖို့ ခက်ပါတယ်။

"ကျွန်မ အတိတ်ကို ပြန်သွားလို့ရရင်လည်း ရေးဦးမှာပါ။ ဆက်ပြီးတော့လည်း ရေးသွားမှာပါ" လို့ စီကျင်းရဲ့စီကျင်းဆိုတဲ့ အကောင့်က ရေးပါတယ်။

"အခုအချိန်မှာတော့ ဥပဒေက စာမျက်နှာပေါ်က စကားလုံးတွေထက်ကျော်ပြီး မြင်ပေးဖို့ပဲ မျှော်လင့်နိုင်ပါတော့တယ်။ ပိုက်ဆံစုဖို့ ထမင်းအငတ်ခံခဲ့တဲ့ မိန်းကလေး၊ ဘောပင်ဝယ်ဖို့ ဆံပင်ရောင်းခဲ့ရတဲ့ မိန်းကလေး၊ သူ့ စိတ်ကူးတွေနဲ့ ကံကြမ္မာကို ပုံဖော်နိုင်မယ်လို့ ယုံကြည်ခဲ့တဲ့ မိန်းကလေးကို မြင်ပေးစေချင်ပါတယ်။ ကျွန်မတို့အားလုံးကို တရားမျှတဲ့ အခွင့်အရေးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

လီရှင်း၊ ကျောက်ဝူ နဲ့ဖန်းရှီရှီ တို့ဟာ ကလောင်အမည်တွေသာ ဖြစ်ပါတယ်။ ဂရေ့စ်ဆွိုင် က ဖြည့်စွက် သတင်းပေးပို့ထားပါတယ်။