ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
"စစ်သမီးဖြစ်လို့ အထူးအခွင့်အရေးပေးပါလို့ ကျွန်မတို့ ဘယ်တုန်းကမှ မတောင်းဆိုခဲ့ဘူး''
- ရေးသားသူ, နာဒင်း ယူဆစ်ဖ်
- ဖတ်ရန်အချိန်: မိနစ် ၃
တိုက်ရေးခိုက်ရေးမှာ လိုအပ်ချက်ဖြစ်တဲ့ "အမြင့်ဆုံး အမျိုးသားစစ်သည်စံနှုန်းကို ပြန်ထားရ လိမ့်မယ်'' လို့ ပြောလာတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီ ဟတ်ဆက်ရဲ့အပြောကို အမေရိကန် အမျိုးသမီး စစ်ပြန်တွေက ပြန်လည် တုံ့ပြန်ပြောဆိုလာကြပါတယ်။
အမေရိကန်အမျိုးသမီး စစ်ပြန်စစ်မှုထမ်းဟောင်းတွေကတော့ တိုက်ရေးခိုက်ရေးမှာ သတ်မှတ်ထားတဲ့စံနှုန်းတွေဟာ စစ်သား စစ်သမီး တန်းတူပဲလို့ဆိုပြီး ပြောလာကြပါတယ်။
"အမျိုးသမီးမို့ အထူးတလည် အလေးပေး ဆက်ဆံပါဆိုတာမျိုး ကျွန်မတို့ ဘယ်သူကမှ မပြောခဲ့ကြဘူး" အမေရိကန်ရေတပ်မှာ ၁၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ အလီဆာ ကာ့ဒ်နဲလ်က ပြောပါတယ်။
အင်္ဂါနေ့တုန်းက ရာနဲ့ချီတဲ့ အမေရိကန်ဗိုလ်ချုပ်တွေကို ဟတ်ဆက်က တွေ့ဆုံပြီး စင်မြင့်ထက်မှာ စကားပြောချိန်တုန်းကတော့ အမေရိကန်စစ်တပ်ဟာ အမျိုးသမီးတွေ ပါဝင်လာနိုင်အောင် ရှိသင့်တဲ့စံနှုန်းတွေကို ချထားတယ်လို့ သူယုံကြည်ကြောင်းပြောပြီး ဒီလိုစံနှုန်းတွေ ချထားလို့ လက်ရှိ စစ်မှုထမ်းတွေအတွက် အန္တရာယ်များစေတယ်လို့လည်း သူထင်တဲ့အကြောင်း ပြောခဲ့ပါတယ်။
သူ့ရဲ့ လမ်းညွှန်ချက်အသစ်တွေကြောင့် အမေရိကန်စစ်တပ်ကို စံနှုန်းပိုမြင့်လာစေမယ်ဆိုလည်း သူကပြောပါတယ်။
"တကယ်လို့ အဲဒါက တိုက်ရေးခိုက်ရေးအလုပ်နေရာတွေမှာ အမျိုးသမီးတွေ အရည်အချင်းမပြည့်မီဘူးလို့ ဆိုလိုရာရောက်ရင်လည်း ရှိပါစေတော့'' လို့ သူကပြောပါတယ်။
ဒါပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကနေ အမျိုးသမီးတွေကို လုံးဝ ဖယ်ထုတ်တာမျိုး မလုပ်သင့်တဲ့အကြောင်းကိုတော့ သူက ထိန်းထိန်းသိမ်းသိမ်းပြောသွားပါတယ်။
ဖောက်စ် သတင်းဌာန တင်ဆက်သူဟောင်းလည်းဖြစ်၊ စစ်တပ် National Guard အရာရှိဟောင်းလည်းဖြစ်တဲ့ ဟတ်ဆက်ကို ပင်တဂွန်စစ်ဌာနချုပ်ကို ဦးဆောင်မယ့် အမေရိကန်ကာကွယ်ရေးဝန်ကြီးရာထူးအတွက် ဇန်နဝါရီလတုန်းက အထက်လွှတ်တော်မှာ မဲပေးချိန်တုန်းကတော့ သူဟာ မဲသီသီလေးကပ်ပြီး လွှတ်တော်အတွင်းထောက်ခံချက်ကို ရခဲ့တာဖြစ်ပါတယ်။
အမေရိကန်စစ်တပ်မှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍနဲ့ မတူကွဲပြားဖြစ်တည်မှုတွေနဲ့ပတ်သက်တဲ့ ဟတ်ဆက်ရဲ့အမြင်တွေကြောင့် အမတ်အများစုဟာ သူ့ကို ဝန်ကြီးနေရာအတွက် မဲပေးဖို့ အတော်စဉ်းစားခဲ့ကြပါတယ်။ မဲသာအောင် ဒုသမ္မတ ဂျေဒီ ဗန့်စ်က မဲဝင်ပေးခဲ့ရပါတယ်။
ဟတ်ဆက်က "အမျိုးသားစစ်မှုထမ်းစံနှုန်း"ဆိုတဲ့အကြောင်းအရာလည်းပါဝင်တဲ့ညွှန်ကြားချက် ၁၀ မျိုးကို အမေရိကန်စစ်ဗိုလ်ချုပ်တွေကို သူ အီးမေးလ်ပို့ထားပြီးဖြစ်တဲ့အကြောင်း အဲဒီဗိုလ်ချုပ်တွေနဲ့ အင်္ဂါနေ့တုန်းက တွေ့ဆုံချိန်မှာ ပြောထားပါတယ်။
ဒါကြောင့်ပဲ အမျိုးသမီး စစ်ပြန်စစ်မှုထမ်းဟောင်းအချို့အတွက် ဒေါသဖြစ်စရာ ဖြစ်စေခဲ့ပါတယ်။
"စစ်တပ်ထဲက အမျိုးသမီးတွေအကြောင်းနဲ့ စံနှုန်းတွေအကြောင်းကို လိမ်ပြောနေတဲ့ ပိ ဟတ်ဆက်အပြောတွေကို ကျွန်မဖြင့် နားမကြားသာ မမြင်လို မကြားလိုတော့ဘူးလို့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်ဟောင်း အငြိမ်းစားလေယာဉ်မှူး အေမီ မက်ဂါ့သ်က လူမှုကွန်ရက် အင်စတာဂရမ် ရုပ်သံမှာ ပြောပါတယ်။
"အဲဒီလိုအလုပ်မျိုးတွေအတွက် အမြဲတမ်း သတ်မှတ်ထားတဲ့စံနှုန်းက တစ်ခုတည်းပဲ'' ''တိုက်လေယာဉ် တစ်စီးကို အမျိုးသမီးမောင်းလို့ စံတစ်မျိုး၊ အမျိုးသားမောင်းလို့ စံတစ်မျိုး သတ်မှတ်ထားတယ်ဆိုတာ ဘယ်တုန်းကမှ မရှိဘူး''
တိုက်ရေးခိုက်ရေး နေရာတွေအတွက် တာဝန်ထမ်းမယ့်သူတွေကို စိစစ်အကဲဖြတ် ရွေးချယ်တဲ့နေရာမှာ အသက်နဲ့ ကျားမ ကွဲပြားမှုကို ကြည့်တာမျိုးမရှိဘူးလို့ မစ္စ ကာ့ဒ်နဲလ် ကလည်း အလားတူ ပြောပါတယ်။
တိုက်ရေးခိုက်ရေးတာဝန်တွေအတွက် သတ်မှတ်ထားတဲ့စံနှုန်းတွေဟာ အထူးစစ်ဆင်ရေးတွေ၊ ခြေလျင်တပ်၊ သံချပ်ကာ ဒါမှမဟုတ် လေထီးတပ်ဖွဲ့ စတာတွေမှာ ထမ်းဆောင်မယ့်သူတွေအလိုက် သတ်မှတ်မှု မတူညီဘူးလို့ သူက ပြောပါတယ်။ ဒါပေမယ့် အဲဒီနေရာတွေမှာ တာဝန်ထမ်းဆောင်လိုတဲ့ တပ်ဖွဲ့ဝင်အားလုံးဟာ တူတဲ့စမ်းသပ်စစ်ဆေးမှုကိုတော့ ခံယူရတာမျိုးပါ။
"ဒီစံနှုန်းတွေက ကျားမ မခွဲခြားဘဲ အားလုံးအတွက် လိုက်လျောညီထွေဖြစ်အောင် ချထားတာ။ အမြဲတမ်း စံနှုန်းက မြင့်မြင့်ပဲထားထားတာ'' လို့ သူက ပြောပြီး ''အမျိုးသမီးတွေအားလုံးတော့ ဒီစံတွေနဲ့ မကိုက်တာမျိုးတော့ ရှိမှာပေါ့လေ။ အမျိုးသားတွေအားလုံးလည်း မကိုက်ညီတာလည်း ရှိတာပဲလေ''
ဒါဟာ တပ်ထဲမှာ တာဝန်ထမ်းဆောင်ဆဲ တပ်ဖွဲ့ဝင်တွေကို ကာယကြံ့ခိုင်မှုအပိုင်း နှစ်စဉ် စစ်ဆေးလေ့ရှိတဲ့ အိပ်ထမတင်လိုမျိုးလေ့ကျင့်ခန်း လုပ်ခိုင်းတဲ့ စစ်ဆေးမှုမျိုးနဲ့တော့ မတူပါဘူး။ အဲဒီစစ်ဆေးမှုကတော့ စံနှုန်းနဲ့ ရမှတ်တွေဟာ အသက်အရွယ် ကျားမ ဖြစ်မှုအရ ကွဲပြားမှာဖြစ်ပါတယ်။ ပြီးတော့ တပ်အလိုက် စစ်ဆေးမှုပုံစံလည်း ကွဲပြားပါတယ်။
စစ်တပ်တပ်သားတွေကို စိစစ်အကဲဖြတ်မှု တစ်ခုလုံးကို ကာကွယ်ရေးဝန်ကြီး ဟတ်ဆက်က ပြောင်းလဲပစ်မှာလားဆိုတာတော့ မသဲကွဲဘူးလို့ မစ္စ ကာ့ဒ်နေးလ်က ပြောပါတယ်။ ဟတ်ဆက်ရဲ့ အစီအစဥ်နဲ့ ပတ်သတ်ပြီး ရှင်းလင်းဖြေကြားပေးဖို့ ဘီဘီစီကို ပင်တဂွန်ကို မေးမြန်းခဲ့ပါတယ်။
ဟတ်ဆက်က "ကောင်းကောင်းလုပ်နိုင်ကြောင်းပြသခဲ့ပြီး အတိတ်မှာသုံးခဲ့တဲ့ စံနှုန်းတွေဟာ ပြောင်းလဲခဲ့ပါပြီ။ အထူးသဖြင့် ၂၀၁၅ ခုနှစ်ကတည်းကပါ။ အမျိုးသမီးတွေအရည်အသွေး ပြည့်ဝတာ သေချာစေအောင်လို့ တိုက်ရေးခိုက်ရေးနေရာတွေအတွက် စံနှုန်းတွေဟာပြောင်းလဲခဲ့ပြီးပါပြီ။ သူဖြစ်သင့် ဖြစ်ထိုက်တဲ့ မူလစံနှုန်းတွေ အတိုင်းပြန်ဖြစ်ရပါမယ်" လို့ မိန့်ခွန်းထဲပြောပါတယ်။
ကျားမရေးရာကို အဓိကမထားပဲ တာဝန်ထမ်းဆောင်နိုင်စွမ်းရှိတဲ့စံနှုန်းတွေနဲ့ကိုက်ညီသူ အမျိုးသမီးနဲ့ ဘယ်လိုလူမျိုးကို မဆို စစ်ဘက်ဆိုင်ရာ အလုပ်ခန့်ထားမှုတွေကို လမ်းဖွင့်ပေးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး အက်ရှ် ကာတာရဲ့ ၂၀၁၅ ခုနှစ်အတွင်းက ညွှန်ကြားချက်ကို သူက ရည်ညွှန်းပြောဆိုပုံရပါတယ်။
"တိုက်ရေးခိုက်ရေးမှာ ကာယစွမ်းဆောင်ရည် စွမ်းနိုင်ဖို့ ဘယ်လိုအလုပ်မျိုးမဆိုဟာ အဲဒီကာယစံနှုန်းတွေဟာ မြင့်မားပြီး ကျားမ လိင်ဖြစ်တည်မှုကို မခွဲခြားတာမျိုးလည်းဖြစ်ရပါတယ်'' လို့ သူက ပြောပါတယ်။ "အမျိုးသမီးတွေ လုပ်နိုင်တယ်ဆိုရင်လည်း အရမ်းကောင်းပါတယ်။ မလုပ်နိုင်ဘူးဆိုရင်လည်း မလုပ်နိုင်သလိုပေ့ါ"
"ဆယ်စုနှစ်တွေကြာအောင်ယိုယွင်းပျက်စီးနေမှုကို ပြုပြင်တည့်မတ်ဖို့" စစ်တပ်တစ်ခုလုံးစာအတွက် တပ်ထဲဝင်လိုသူတွေလိုအပ်မယ့် အရည်အချင်းသတ်မှတ်ချက်တွေကို သူ ပြောင်းလဲနေတယ်'' လို့ ပြောပါတယ်။ ပြီးတော့ အမေရိကန်စစ်တပ်ဟာ လူမျိုးနဲ့ လိင်ဖြစ်တည်မှုလို အကြောင်းပြချက်တွေကိုလိုက်ပြီး ''စစ်ဝတ်စုံ မဝတ်တဲ့ခေါင်းဆောင်အများကြီးကို မှားယွင်းတဲ့အကြောင်းပြချက်တွေအောက်ကနေ ရာထူးတိုးပေး'' ခဲ့တယ်လို့လည်း ဆိုပါတယ်။
အီရတ်စစ်မြေပြင်မှာ တိုက်ခိုက်ရေးလေယာဥ်မှူးအဖြစ်ထမ်းဆောင်ရင်း ပြင်းထန်စွာဒဏ်ရာရခဲ့သူ စစ်ပြန်ဟောင်းလည်းဖြစ်တဲ့ အထက်လွှတ်တော်အမတ် တမ်မီ ဒက်ခ်ဝါ့သ်က "ယူထားတဲ့ရာထူးအတွက်တောင် အရည်အချင်းမပြည့်တဲ့သူတစ်ယောက်က ကိုယ့်အလုပ်ကိုကိုယ် အရည်ချင်းပြည့်ပြည့်ဝဝနဲ့လုပ်နေကြသူ အမျိုးသမီးတွေအကြောင်းကို ပြောတာဟာ တကယ်တော့ ခွဲခြားနှိမ်ချတဲ့သဘောဆောင်နေတယ်'' လို့ ဟတ်ဆက်ရဲ့ မိန့်ခွန်းအပြီးမှာ ဘီဘီစီကို ပြောပါတယ်။
သူ့ရဲ့ပြောဆိုမှုတွေဟာ စစ်သားသစ်စုဆောင်းမှုတွေအတွက် ထိခိုက်နိုင်တယ်လို့လည်း သူက ထပ်ပေါင်းပြောပြပါတယ်။
အမေရိကန်စစ်တပ်ရေတပ်နဲ့ လေတပ်ရဲ့ စစ်ပွဲတွေအတွင်း ပျံသန်းတဲ့လေယာဥ်တွေမှာ အမျိုးသမီးတွေ တာဝန်ထမ်းဆောင်ခွင့်ကို ၁၉၉၃ ခုနှစ်မှာ ပထမဆုံးခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ခြေလျင်တပ်တွေမှာတော့ အမျိုးသမီးတွေကို ပါဝင်ခွင့်မပြုခဲ့ပါဘူး။ တိုက်ပွဲအတွင်း အမျိုးသမီးတွေပါဝင် ခွင့်ကန့်သတ်ထားတဲ့မူဝါဒကို ၂၀၁၃ ခုနှစ်မှာ ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ အမျိုးသမီးတွေအပါအဝင် အားလုံးလျှောက်ထားနိုင်တယ်လို့ ပြောင်းလဲခဲ့ပါတယ်။
အမေရိကန်စစ်တပ် ရာထူးအဆင့်ဆင့်မှာ အမျိုးသမီးတွေလည်း မကြာသေးခင်ကမှ နေရာယူလာကြတာဖြစ်ပြီး အခုဆို အဲဒီအမျိုးသမီးအများစုဟာ သူတို့ရဲ့ စစ်မှုထမ်းသက် အလယ်အလတ်မှာပဲရှိနေကြဆဲလို့ မစ္စ ကာ့ဒ်နဲလ် ပြောပါတယ်။
''တန်းတူရည်တူရပိုင်ခွင့်အတွက် ခေါင်းပေါ်မှာစီးမိုးနေတဲ့အဟန်အတားကို ဒီအမျိုးသမီး ဖြိုချနိုင်အောင်လုပ်ဖို့ အချိန်အများကြီး ယူခဲ့ကြရတာ။ အဲဒီအဟန်အတားကြီး ပြိုကျလာမယ့်အချိန်ကိုတောင် ကျွန်မတို့ မမြင်နိုင်တော့ဘူးထင်တယ်''လို့ သူက ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟတ်ဆက်တစ်ယောက် အမျိုးသမီးတွေကို နှိမ့်ချမှုနဲ့ အဆင့်တက်နိုင်ဖို့ရာမစွမ်းသာတဲ့ စစ်ဘက်ယဉ်ကျေးမှု တည်ဆောက်နေလားဆိုတာကို လက်ရှိတာဝန်ထမ်းဆောင်နေသူတွေနဲ့ အငြိမ်းစားစစ်မှုထမ်းအမျိုးသမီးတွေ စိုးရိမ်နေကြပါတယ်။
"ဦးဆောင်မှုဆိုတာ ဘယ်လမ်းသွားမလဲဆိုတာကို မြင်သာစေတယ်'' သူကပြောပါတယ်။
ဟတ်ဆက်ရဲ့အပြောကို အမျိုးသမီးစစ်သည်အားလုံးက ဆန့်ကျင်ကြတာတော့ မဟုတ်ပါဘူး။
လေကြောင်း National Guard မှာ ဒုတိယဗိုလ်မှူး ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရီပတ်ဘလီကန် လွှတ်တော်အမတ် ရှီရီ ဘစ်ဂျ်စ် ကတော့ အမေရိကန်စစ်တပ်ရဲ့ ''နိုးကြွားမှု'' မူဝါဒတွေကို အဆုံးသတ်ဖို့ ကာကွယ်ရေးဝန်ကြီးရဲ့အားထုတ်မှုတွေကို ထောက်ခံတယ်လို့ ပြောပါတယ်။
"ထူးချွန်မှုနဲ့ တာဝန်ယူမှုကို ဦးစားပေးတဲ့စံနှုန်းတွေကို ပြန်ဖော်ဆောင်တာဟာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ ကျွန်မတို့စစ်သည်တော်တွေ သူတို့ရှိသင့်ရှိထိုက်တဲ့နေရာမှာ ဆက်ရှိနိုင်အောင် ဦးစားပေးလုပ်ဆောင်ရာလည်း ရောက်ပါတယ် " လို့ ဘစ်က AP သတင်းဌာနကို ထုတ်ပြန်ချက်တစ်စောင်နဲ့ ဖြေကြားပါတယ်။
စီတယ်ဒဲလ်စစ်တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီး တောင်ကာရိုလိုင်းနားပြည်နယ် ရီပတ်ဘလီကန် အမတ် နမ်စီ မေ့စ်ကလည်း ဟတ်ဆက်ကို ထောက်ခံကြောင်း သူ့လူမှုကွန်ယက် X မှာရေးပါတယ်။
"ကျွန်မတို့ရဲ့ရန်သူတွေဟာ အမေရိကန်စစ်တပ်မှာ ကျားမ လိင်ကွဲပြားသူ ဘယ်လောက်အထိ ဝင်ရောက် စာရင်းပေး တာဝန်ထမ်းဆောင်တယ်ဆိုတာကို မကြောက်ကြပါဘူး။ သူတို့ ကြောက်တာက အမေရိကန်ရဲ့ လက်နက်စွမ်းအား'' လို့ သူက ရေးထားပါတယ်။