ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာကို ကမောက်ကမလုပ်ပြီး နေတိုးကို အကျပ်ရိုက်စေတဲ့ ထရမ့်
- ရေးသားသူ, အလန် လစ်တဲလ်
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
အနောက်တိုင်း နိုင်ငံတွေရဲ့ လုံခြုံရေးဟာ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးဆုံးနဲ့ အရှည်ကြာဆုံး အကျပ်အတည်းကို ကြုံတွေနေရပါတယ်။ ပညာရှင်တစ်ဦးက ဆိုရင် "ထရမ့်ဝါဒ" ဟာ သူ့သမ္မတ သက်တမ်းပြီးသွားတောင် ကျန်နေရစ်ခဲ့မယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ အမေရိကန်က ကမ္ဘာ့အရေးတွေကနေ နောက်ဆုတ်သွားတဲ့အခါ ဘယ်နိုင်ငံတွေက ရှေ့တန်းရောက်လာမှာလဲ။
၁၉၄၇ ဖေဖော်ဝါရီလ မနက်ခင်းတစ်ခုရဲ့ မနက် ၉ နာရီမှာ ဝါရှင်တန်မှာရှိတဲ့ ယူကေသံအမတ်ကြီး လော့ဒ် အင်ဗာချာပယ်လ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျော့်ဂျ် မာရှယ်ရှယ်လ် ဆီကို သံတမန်ရေး အရေးကြီးတဲ့ စာနှစ်စောင် သွားပေးခဲ့ပါတယ်။
ငွေကုန် လူပန်းနဲ့ အမေရိကန်ဆီမှာ အကြွေးတွေ အများကြီး ပိနေတဲ့ ဗြိတိန်က ကွန်မြူနစ် လက်နက်ကိုင် သူပုန်တွေနဲ့ တိုက်နေတဲ့ ဂရိအစိုးရတပ်တွေကို ဆက်မထောက်ပံ့နိုင်တော့ဘူးလို့ အမေရိကန်ကို အကြောင်းကြားလိုက်တာပါ။
ပြီးတော့ ပါလက်စတိုင်းနဲ့ အိန္ဒိယကနေ ထွက်ခွာတော့မယ့်အကြောင်းနဲ့ အီဂျစ်မှာလည်း တပ်တွေ လျှော့တော့မယ့်အကြောင်းတွေကလည်း ကြေညာထားပြီးပါပြီ။
ဂရိဟာ ကွန်မြူနစ်တွေလက်ထဲ ကျသွားပြီး ဆိုဗီယက်ထိန်းချုပ်မှုအောက်ကို ရောက်သွားနိုင်တဲ့ အရေးပေါ် အခြေအနေကို အမေရိကန်က ချက်ချင်း ရိပ်စားမိ သွားပါတယ်။
ဂရိပြီးရင် တူရကီလည်း ဆက်လိုက်လာမှာကို အမေရိကန်က စိုးရိမ်နေခဲ့ပါတယ်။ အဲဒီလိုသာဆိုရင် ဆိုဗီယက်ကို ကမ္ဘာ့အရေးကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်တဲ့ စူးအက်တူးမြောင်း အပါအဝင် အရှေ့ပိုင်း မြေထဲပင်လယ်ဒေသကို ထိန်းချုပ်ခွင့် ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။
ဒီလိုအကြောင်းတွေကြောင့် ဗြိတိန်တွေ နေရာမှာ အမေရိကန်က ညတွင်းချင်း လိုလို အစားထိုးဝင်ခဲ့ပါတယ်။
"လက်နက်ကိုင် လူနည်းစုတွေ၊ ပြင်ပဖိအားတွေက ဖိနှိပ်နေတာကို ခုခံနေတဲ့ လွတ်လပ်တဲ့ ပြည်သူတွေကို ထောက်ခံရေးဟာ အမေရိကန်ရဲ့ မူဝါဒဖြစ်ရမယ်" လို့ သမ္မတ ဟယ်ရီ အက်စ် ထရူးမင်းက ကြေငြာခဲ့ပါတယ်။
အဲဒါက ထရူးမင်း အယူဝါဒလို့ သိမြင်လာခဲ့ကြတာရဲ့ အစ ဖြစ်ပါတယ်။ ဒီမူဝါဒရဲ့ အဓိကအချက်ကတော့ နိုင်ငံပြည်ပမှာ ဒီမိုကရေစီကိုကာကွယ်ဖို့ ကူညီရေးဟာ အမေရိကန်နိုင်ငံရေး အကျိုးစီးပွားအတွက် အရေးကြီးတဲ့အရာဖြစ်တယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။
အဲဒီနောက် အမေရိကန်ရဲ့ အရေးကြီးတဲ့ လုပ်ဆောင်မှုကြီးနှစ် ခုကိုလုပ်ခဲ့ပါတယ်။ ဥရောပရဲ့ပျက်စီးနေတဲ့စီးပွားရေးတွေကို ပြန်လည်တည်ဆောက်ဖို့ မာရှယ်အစီအစဉ် ဆိုတဲ့ အကူအညီ အစီအစဉ်ရယ်၊ ၁၉၄၉ မှာ နေတိုးအဖွဲ့ ကို ဖွဲ့စည်းခဲ့တာရယ်တို့ ဖြစ်ပါတယ်။
ဒါက ဥရောပအရှေ့ပိုင်းကို ထိန်းချုပ်ထားပြီးဖြစ်တဲ့ ဆိုဗီယက် ပြည်ထောင်စု ရဲ့ခြိမ်းခြောက်မှုကနေ ဒီမိုကရေစီနိုင်ငံတွေကို ကာကွယ်ဖို့ ဖြစ်ပါတယ်။
ဒါဟာ အနောက်ကမ္ဘာရဲ့ ဦးဆောင်မှု ကဏ္ဍကို ဗြိတိန်က အမေရိကန်ဆီ လွှဲပေးလိုက်ပြီဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် အဲဒီလို ဖြစ်ပြီးနေပြီဆိုတာကို ထုတ်ဖော်ပြသလိုက်တဲ့ အခိုက်အတန့် ဖြစ်ပါတယ်။
အရင်က သီးသီးသန့်သန့်နဲ့ သမုဒ္ဒရာကြီး နှစ်စင်းခြားပြီး လုံခြုံနေခဲ့တဲ့ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ကနေ လွတ်လပ်တဲ့ ကမ္ဘာရဲ့ ခေါင်းဆောင်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
အမေရိကန်က ကမ္ဘာတစ်လွှားမှာ သြဇာ ဖြန့်ကြက်လာနိုင်တာနဲ့အမျှ စစ်အပြီး ဆယ်စုနှစ်တွေမှာ ကမ္ဘာ့နေရာ အတော်များများကို သူ့ပုံစံအတိုင်း ပြန်ဖန်တီး ခဲ့ပါတယ်။
ကလေးမွေးဖွားမှု မြင့်တက်လာတဲ့ မျိုးဆက်တွေနဲ့ ကြီးပြင်းလာတဲ့ ကမ္ဘာဟာလည်း အရင်ကထက် အမေရိကန်ပုံစံ ဟန်ပန်တွေ ပြည့်နေခဲ့ပြီး အမေရိကန်လို ကျင့်ကြံလာပါတယ်။ ပြီးတော့ အမေရိကန်ဟာ အနောက်ကမ္ဘာရဲ့ ယဉ်ကျေးမှု၊ စီးပွားရေးနဲ့ စစ်ရေး ခေါင်းကိုင်နိုင်ငံလည်း ဖြစ်လာပါတယ်။
ဒါပေမဲ့ အခုအခါမှာ အမေရိကန်ဟာ သူ့ရဲ့ ပထဝီနယ်နိမိတ် မဟာဗျူဟာ ရည်မှန်းချက်တွေအတွက် အခြေခံ ယူဆချက်တွေကို ပြောင်းလဲတော့မယ့်ပုံ ရှိလာပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်က ဆယ်စုနှစ်များစွာ တည်ဆောက်ထားတဲ့ အခန်းကဏ္ဍကို စိန်ခေါ်တဲ့ ပထမဆုံးသမ္မတ ဖြစ်လာပါတယ်။ သူ့ရဲ့လုပ်ရပ်တွေကြောင့် ကမ္ဘာ့ ခေတ်ဟောင်း အစဉ်အလာ ပြိုလဲသွားပြီလို့ ထင်ရပေမဲ့ ကမ္ဘာ့ခေတ်သစ်စနစ်က ဘယ်လိုဖြစ်မလဲဆိုတာက မရေရာသေးပါဘူး။
မေးစရာကတော့ ဘယ်နိုင်ငံတွေက ရှေ့ထွက် ဦးဆောင်လာမလဲ ဆိုတာပါ။
ဒါပေမဲ့ ဥရောပရဲ့လုံခြုံရေးဟာ လက်ရှိသမိုင်းမှာ အရေးကြီးဆုံး အခြေအနေမျိုးအထိ ရောက်နေချိန်မှာ၊ လတ်တလောမှာ ရုန်းကန်နေရတဲ့ ဥရောပခေါင်းဆောင်တွေက အလိုက်သင့် ကိုင်တွယ်နိုင်မှာလား။
ထရူးမင်းအမွေအနှစ်ကို စိန်ခေါ်မှု
၁၉၄၅-အလွန် နိုင်ငံတကာ အစဥ်အလာကို သမ္မတ ထရမ့်က ဝေဖန်တာက ဆယ်စုနှစ်တွေချီ ခဲ့ပါပြီ။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေကို ကာကွယ်ဖို့ အမေရိကန်ရဲ့ ကတိကဝတ်တွေကို အမေရိကန်သတင်းစာ ၃ စောင်မှာ စာမျက်နှာပြည့် ကြော်ငြာထားတာကို သူက လွန်ခဲ့တဲ့ နှစ် ၄၀ နီးပါးမှာ ထုတ်ပြ ဝေဖန်ခဲ့ပါတယ်။
"ဆယ်စုနှစ်တွေချီပြီး ဂျပန်နဲ့ တခြားနိုင်ငံတွေက အမေရိကန်ကို အခွင့်ကောင်းယူနေကြတယ်" လို့ ၁၉၈၇ မှာ သူက ရေးခဲ့ပါတယ်။
"သူတို့ရဲ့ အကျိုးစီးပွားအတွက် ကာကွယ်ပေးရင်း အမေရိကန်က ဆုံးရှုံးနေရတဲ့ လူ့အသက်တွေနဲ့ ဘီလျံချီတဲ့ ဒေါ်လာတွေကို ဘာလို့ ဒီနိုင်ငံတွေက မပေးကြတာလဲ။"
"ကျွန်တော်တို့က ကိုယ်မပိုင်တဲ့ သင်္ဘောတွေ၊ ကိုယ်မလိုတဲ့ ရေနံတွေ၊ ကိုယ့်ကိုပြန်မကူညီမယ့် မဟာမိတ်တွေအတွက် ကာကွယ်နေရတာကိုကြည့်ပြီး ကမ္ဘာက အမေရိကန်နိုင်ငံရေးသမားတွေကို ရယ်နေကြပြီ။"
ဒါက သူ သမ္မတအဖြစ် ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အချိန်ကတည်းက သူ အထပ်ထပ် ပြောနေတဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။
ဒါ့အပြင် ဥရောပက အမေရိကန်ကို အားထားနေတယ်လို့ မြင်ပြီး အမေရိကန်အစိုးရ အဖွဲ့ထဲက တချို့က အမြင်မကြည်နေကြတယ်ဆိုတာကို အခု လတ်တလော ပေါက်ကြားလာတဲ့ မက်ဆေ့ချ်တွေအရ သိရပါတယ်။ ယီမင်က ဟူသီ သူပုန်တွေကို လေကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်တဲ့ သတင်းတွေပေါက်ကြားလာချိန်မှာ အခုလို သိခဲ့ရတာ ဖြစ်ပါတယ်။
ဒီမက်ဆေ့ချ်တွေထဲမှာ ဒုတိယသမ္မတ ဂျေဒီဗန့်စ်လို့ နာမည် တပ်ထားတဲ့ အကောင့်က ဥရောပနိုင်ငံတွေဟာ ဒီတိုက်ခိုက်မှုတွေကနေ အကျိုးရနိုင်တယ်လို့ရေးထားပါတယ်။
" ဥရောပကို နောက်ထပ် ကယ်ရပြန်တာကို ကျွန်တော် မကြိုက်ဘူး' လို့ လည်း ဖော်ပြထားတယ်။
"ဒုသမ္မတခင်ဗျာ- ဥရောပက အချောင်ခိုနေတာကို မကြိုက်ဘူးဆိုတာ အပြည့်အဝ နားလည်ပါတယ်။ စိတ်ပျက်စရာပဲ" လို့ အခြားအကောင့်တစ်ခုဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟတ်ဆက်က ဒုသမ္မတ ပြောအပြီး ၃ မိနစ်အကြာမှာ တုံ့ပြန်ခဲ့ပါတယ်။
ထရမ့်ရဲ့ သဘောထားကတော့ အမေရိကန်ရဲ့ ရက်ရောမှုကို အခွင့်ကောင်းယူနေသူတွေကို ဝေဖန်တာထက် ပိုပုံရပါတယ်။
သူ့ရဲ့ဒုတိယသမ္မတသက်တမ်းအစမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ထောက်ခံတဲ့သဘော ပြခဲ့ပါတယ်။ ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံဘူးလို့ ရုရှားကိုပြောခဲ့သလို၊ ရုရှားဆီက ဆုံးရှုံးထားတဲ့နယ်မြေတွေကို ယူကရိန်း ပြန်ရနိုင်ဖွယ် မရှိတဲ့ သဘောကို ပြောခဲ့ပါတယ်။
အများစုကတော့ အဲဒါဟာ နှစ်ဖက်ပြောဆိုဆွေးနွေးမှုတွေ မလုပ်ရသေးခင်မှာကို အရေးကြီးတဲ့၊ အလဲအထပ်လုပ်ရမယ့်အရာနှစ်ခုကို အလကားပေးပစ်လိုက်တာလို့ မြင်ကြပါတယ်။ သူက ရုရှားဆီကလည်း ဘာမှ ပြန်တောင်းခဲ့ပုံ မရပါဘူး။
တစ်ဖက်မှာလည်း ထရမ့်ထောက်ခံသူတချို့က ပူတင်ကို သူတို့လိုပဲ ရှေးရိုးစွဲစံတန်ဖိုးတွေကို ကိုယ်စားပြုတဲ့ အားကြီးတဲ့ ခေါင်းဆောင်အဖြစ် မြင်ကြပါတယ်။
တချို့ကတော့ ပူတင်ကို "war on woke" - နိုးကြားမှု တိုက်ပွဲမှာ သူတို့ မဟာမိတ်လို့ မြင်ပါတယ်။
အခုအခါမှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒဟာ သူ့ရဲ့ ယဉ်ကျေးမှုစစ်ပွဲတွေနဲ့လည်း အနည်းဆုံးတော့ တစ်နည်းတစ်ဖုံ ပတ်သက်နေပါပြီ။ ဥရောပရဲ့လုံခြုံရေးဟာလည်း အမေရိကန်ရဲ့ ရပ်တည်ချက်စံနှုန်း အပေါ် ဆန့်ကျင်ဘက် အမြင်နှစ်ခုကြားမှာ ညပ်နေပါတယ်။
တချို့က ဒီကွဲပြားမှုဟာ ထရမ့်ရဲ့ကိုယ်ပိုင်အမြင်တွေထက် ပိုတယ်လို့ ထင်ပါတယ်။ ဥရောပအနေနဲ့ ထရမ့်သမ္မတသက်တမ်းကုန်ဆုံးတဲ့အထိ ဘာမှမလုပ်ဘဲ စောင့်နေရုံနဲ့ မရဘူးလို့ ယူဆကြပါတယ်။
"ဥရောပနိုင်ငံတွေရဲ့ စံတန်ဖိုးတွေကနေ အမေရိကန်က ကွဲထွက်လာနေတယ်"လို့ လန်ဒန် Royal United Services Institute (RUSI) ရဲ့ အကြီးတန်းသုတေသနအဖွဲ့ဝင် အက်ဒ် အာနိုးဒ်က ပြောပါတယ်။
"ဒါက ဥရောပသားတွေအတွက် လက်ခံဖို့ ခက်တဲ့ အချက်ပါ။ ဘာလို့လဲဆိုတော့ ဒါဟာ ဖွဲ့စည်းပုံအရ၊ ယဉ်ကျေးမှုအရနဲ့ ရေရှည်ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာဖြစ်နေလို့ပါ။"
"အမေရိကန် အခု သွားနေတဲ့ပုံစံဟာ ထရမ့်ရဲ့ ရာထူးသက်တမ်းထက် ပိုကြာမယ်လို့ ထင်တယ်။ ထရမ့်ဝါဒက သူ့သမ္မတသက်တမ်းထက် ပိုကြာလိမ့်မယ်။"
ယိုင်နဲ့နဲ့ နေတိုး ပုဒ်မ ၅
ဥရောပလုံခြုံရေးအတွက်အမေရိကန်က အဓိက အားထားရတဲ့နိုင်ငံအဖြစ် ရှိတော့မှာ မဟုတ်သလို ဥရောပနိုင်ငံတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့နဲ့ အဲဒီအတွက် အကုန်အကျခံ ဖို့တာဝန် ရှိသင့်တယ်လို့ ထရမ့်ရဲ့ အိမ်ဖြူတော်က ပြောထားပါတယ်။
"နေတိုးအဖွဲ့နိုင်ငံတွေက ငွေကြေးမထည့်ဝင်ရင် ကျွန်တော် သူတို့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး" လို့ သမ္မတ ထရမ့်က ဒီလပိုင်းအတွင်း ပြောခဲ့ပါတယ်။
နှစ်ပေါင်း ၈၀ နီးပါးကြာ ဥရောပလုံခြုံရေးရဲ့ အခြေခံအုတ်မြစ်တစ်ခုကတော့ နေတိုးအဖွဲ့ စာချုပ် ပုဒ်မ ၅ ဖြစ်ပါတယ်။ ဒီအပိုဒ်ကတော့ မဟာမိတ်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်တာဟာ မဟာမိတ်အဖွဲ့တစ်ခုလုံးကို တိုက်ခိုက်တာနဲ့ တူတယ်လို့ ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့လက အိမ်ဖြူတော်ကို မသွားခင် ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာ စတာမာက အမေရိကန်က နေတိုးရဲ့ အဓိက အဖွဲ့ဝင်အဖြစ် ဆက်ရှိနေပြီး ထရမ့်ကိုယ်တိုင်လည်း ပုဒ်မ ၅ ကို ဆက်ပြီး စွဲကိုင်ထားတဲ့အပေါ် ကျေနပ်အားရတယ်လို့ ပြောပါတယ်။
တချို့ကတော့ ဒါက သိပ်မသေချာဘူးလို့ ထင်ပါတယ်။
အရင် ဗြိတိန် ကွန်ဆာဗေးတစ်အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ ဘန်ဝေါလ်လေ့စ်က "နေတိုး ပုဒ်မ ၅ က ခပ်ယဲ့ယဲ့ပဲ ကျန်တယ်လို့ မြင်တယ်" လို့ ဒီလအစောပိုင်းက ပြောခဲ့ပါတယ်။
"တကယ်လို့ ဗြိတိန်အပါအဝင် ဥရောပက နေရာမှန်ကို မယူနိုင်ဘူး၊ ကာကွယ်ရေးအတွက် အများကြီး မထည့်ဝင်နိုင်ဘူး၊ အလေးမထားဘူးဆိုရင်၊ နေတိုး အဆုံးသတ် သွားလိမ့်မယ်၊ ပုဒ်မ ၅ ရဲ့ အဆုံးသတ်လည်း ဖြစ်လာလိမ့်မယ်။"
"အခုအချိန်မှာတော့ ရုရှားရဲ့ တိုက်ခိုက်မှုအတွင်း အပိုဒ် ၅ ကို အသုံးပြုနိုင်မယ်လို့ အပြည့် မလောင်းရဲဘူး။ အမေရိကန်က လာကူမယ်လို့ အလွယ်တကူ စိတ်ချမထားနိုင်ဘူး။"
ပြင်သစ်ကုမ္ပဏီ Institut Elabe ရဲ့ လူထုသဘောထားစစ်တမ်းအရ ပြင်သစ်နိုင်ငံသား လေးပုံသုံးပုံလောက်က အမေရိကန်က ပြင်သစ်ရဲ့ မဟာမိတ်မဟုတ်ဘူးလို့ မှတ်ယူထားကြပါတယ်။ သမိုင်းအစဥ်အလာအရ အမေရိကန်ကို ထောက်ခံတဲ့ နိုင်ငံတွေဖြစ်တဲ့ ဗြိတိန်နဲ့ ဒိန်းမတ်တို့မှာလည်း အမေရိကန် အပေါ် မနှစ်သက်တဲ့ အမြင်တွေ ရှိနေပါတယ်။
ဝါရှင်တန်ဒီစီက ဘရွတ်ကင်းစ်အင်စတီကျု ရဲ့ အကြီးတန်း သုတေသီဖြစ်ပြီး ထရမ့်ကို တောက်လျှောက်ဝေဖန်နေတဲ့ ကွန်ဆာဗေးတစ် သုံးသပ်ဝေဖန်သူ၊ စာရေးဆရာ ရောဘတ်ကာဂန်က "ထရမ့်က နေတိုးကို ဖျက်ဆီးခဲ့တာတွေကို ပြန်ပြင်လို့မရတော့ဘူး" လို့ ဆိုပါတယ်။
"အနည်းဆုံးတော့၊ မဟာမိတ်တွေက အမေရိကန်ရဲ့ အာမခံချက်အပေါ် မှီခိုနေရတဲ့ အာမခံချက်က စိတ်ချစရာ မရှိတော့ပါဘူး။"
ဒါပေမဲ့ ကာကွယ်ရေးအသုံးစရိတ်တွေ ပုံမှန်ထည့်ဝင်ကြဖို့ ဥရောပကို ပြောတဲ့ ပထမဆုံး အမေရိကန်သမ္မတက ထရမ့် မဟုတ်ပါဘူး။ ၂၀၁၆ မှာ ဘားရက်အိုဘားမားက နေတိုးမဟာမိတ်တွေကို ကာကွယ်ရေးအသုံးစရိတ်တွေ တိုးထည့်ကြဖို့ တိုက်တွန်းခဲ့ပြီး "ဥရောပက တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အရေး လျော့ရိလျော့ရဲ လုပ်နေတယ်" လို့ ပြောခဲ့ပါတယ်။
'အနောက်နိုင်ငံတွေ အကွဲအပြဲ' စပြီလား
ဒါတွေအားလုံးက ပူတင်အတွက် သတင်းကောင်းတွေပါ။
"ဥရောပ-အတ္တလန္တိတ် လုံခြုံရေးစနစ်တစ်ခုလုံးက မျက်စိရှေ့မှာပဲ ပြိုကွဲနေပြီ" လို့ မနှစ်က ပြောခဲ့ပါတယ်။
"ဥရောပက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ အရေးမပါတော့ဘူး။ ရွှေ့ပြောင်းနေထိုင်မှုလို စိန်ခေါ်မှုတွေနဲ့ ပရမ်းပတာ ဖြစ်နေပြီး နိုင်ငံတကာအရေးတွေမှာ ပါဝင်နိုင်စွမ်း နဲ့ ယဉ်ကျေးမှု လက္ခဏာတွေ ဆုံးရှုံးနေပြီ။"
မတ်လ အစောပိုင်းက ထရမ့်၊ ဗန့်စ်တို့နဲ့ ဗိုလိုဒီမာဇယ်လန်းစကီးတို့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတဲ့ ဆိုးရွားလွန်းတဲ့အစည်းအဝေးအပြီးမှာပဲ "အနောက်နိုင်ငံတွေရဲ့ အကွဲအပြဲက စနေပြီ" လို့ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ပါတယ်။
"ရုရှားရဲ့ ဥရောပအရေး ရည်ရွယ်ချက်တွေကို ကြည့်ပါ။ သူ့ ရည်ရွယ်ချက်တွေက ဥရောပကို မတည်ငြိမ်အောင်လုပ်ဖို့၊ နေတိုးကို အားနည်းအောင်လုပ်ဖို့နဲ့ အမေရိကန်တပ်တွေကို ဒီကနေ ရုပ်သိမ်းစေဖို့ ဖြစ်တယ်" လို့ Chatham House ရဲ့ ဥရောပအစီအစဉ်ရဲ့ ခေါင်းဆောင် အာမီဒါ ဗန်ရစ်ချ်က ပြောပါတယ်။
"အချိန်က တစ်-ချက်-ချက်မြည်ပြီး ရွေ့လာပြီ။ ဘာလို့လဲဆိုတော့ ဒါက ဥရောပကို မတည်ငြိမ်အောင်လုပ်နေတာ။ ဒါက နေတိုးကို အားနည်းအောင်လုပ်နေတာ။ အမေရိကန်တပ်တွေကို ဥရောပကနေ ရုပ်သိမ်းဖို့အထိ မဖြစ်သေးပေမဲ့ လနည်းနည်းကြာရင် ဘာဖြစ်မလဲ ဘယ်သူ သိမှာလဲ။"
သမိုင်းသင်ခန်းစာကို မေ့လျော့ခြင်း
ဥရောပ အထူးသဖြင့် ရင်ဆိုင်နေရတဲ့ အဓိက စိန်ခေါ်မှုတွေထဲက တစ်ခုက သူတို့ ကိုယ်ပိုင်လက်နက်တွေကို ဘယ်လို လုံလုံလောက်လောက် တပ်ဆင်မလဲဆိုတာပါ။ အမေရိကန်ရဲ့ အင်အားကို နှစ် ၈၀ ကြာ မှီခိုနေခဲ့မှုက ဥရောပရဲ့ ဒီမိုကရေစီနိုင်ငံတွေ အကာအကွယ်မဲ့ ဖြစ်သွားစေပါတယ်။
ဥပမာ ဗြိတိန်က စစ်အေးတိုက်ပွဲရဲ့ အမြင့်ဆုံးအချိန်ကနေစပြီး စစ်ရေးအသုံးစရိတ်ကို ၇၀% နီးပါး လျှော့ချခဲ့ပါတယ်။ (စစ်အေးတိုက်ပွဲအပြီး ၁၉၉၀ နှစ်တွေ အစောပိုင်းမှာ ဥရောပက ငြိမ်းချမ်းရေး အသီးအပွင့်ကို ခံစားခဲ့ပြီးနောက် ကာကွယ်ရေးအသုံးစရိတ်တွေ ဆယ်စုနှစ်တွေအတွင်း စလျှော့ခဲ့ပါတယ်။)
ဝေါလေ့စ်က "ကျွန်တော်တို့ (စစ်အေးတိုက်ပွဲအတွင်း) ဘတ်ဂျက် ကြီးကြီးမားမားရှိခဲ့ပြီး ငြိမ်းချမ်းရေးအကျိုးအမြတ်ကို ရခဲ့တယ်" လို့ ပြောတယ်။
"အဲဒါက ဖြစ်သင့်တယ်လို့ ပြောနိုင်ပါတယ်။"
"ပြဿနာက ကျွန်တော်တို့က ငြိမ်းချမ်းရေး အသီးအပွင့်ကြောင့် ကာကွယ်ရေးကို စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲသလို ခေါင်းပုံဖြတ်တဲ့အဆင့်အထိ ရောက်သွားတာပဲ။ ငွေလိုရင် (ကာကွယ်ရေးက) အသုံးစရိတ်ကို ဖြတ်ဆိုတာမျိုး ဖြစ်လာခဲ့တယ်။ အဲဒါ ကျွန်တော်တို့ သမိုင်းသင်ခန်းစာတွေကို မေ့သွားကြတာပဲ။"
ဗြိတိန်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့လက လွှတ်တော်မှာ ဗြိတိန်က ၂၀၂၇ ခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ ရဲ့ ၂.၃ % ကနေ ၂.၅ % အထိ တိုးမြှင့်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဒါက လုံလောက်ပြီလား။
ဝေါလေ့စ်က "ရပ်တည်ဖို့ကတော့ လုံလောက်တယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့ တပ်တွေ ကိုယ့်ဘာသာ ပိုနေရာချထားဖို့နဲ့ အမေရိကန်တွေ ထွက်သွားရင် ဟာကွက်တွေကို ဖြည့်ဖို့ လိုအပ်တဲ့အရာတွေကို ပြင်ဆင်ဖို့တော့ လုံလောက်မှာ မဟုတ်ဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် စစ်သားစုဆောင်းရေးကလည်း အများကြီး မေးခွန်းထုတ်စရာ ရှိပါတယ်။
"အနောက်နိုင်ငံတွေက စစ်သားရေးစုဆောင်းရေးတွေမှာ ကျဆင်းနေပြီ၊ ဗြိတိန်တစ်ခုတည်းတင် မဟုတ်ဘူး။"
"လက်ရှိမှာ လူငယ်တွေက စစ်တပ်ထဲ မဝင်ကြတော့ဘူး။ အဲဒါက ပြဿနာပဲ။"
ဒါပေမဲ့ ဂျာမနီ ဝန်ကြီးချုပ် ဖြစ်လာမယ့် ဖရက်ဒရစ် မာ့ဇ်က ဥရောပက အမေရိကန်ဆီနေ အမှီအခိုကင်းဖို့ လုပ်ရမယ်လို့ ပြောပါတယ်။
ပြီးတော့ နေတိုးကို "ဥရောပပုံစံ" လုပ်ဖို့ ဆိုရင် လက်ရှိမှာ အမေရိကန်ကပဲ လုပ်နိုင်စွမ်းရှိတဲ့၊ စစ်ဘက်-စက်မှုလုပ်ငန်း ချိတ်ဆက် စနစ်လို ဥရောပရဲ့ ကိုယ်ပိုင် စနစ် တစ်ခု တည်ဆောက်ဖို့ လိုလိမ့်မယ်လို့ ပြောပါတယ်။
ဥရောအနေနဲ့ ကိုယ်ပိုင် စွမ်းရည်ရှိတဲ့ စစ်တပ်မျိုးရှိသင့်တယ်လို့ မြင်ကြသူတွေ ရှိနေပေမဲ့ တချို့ ဥရောပနိုင်ငံတွေကလည်း အားလုံးက သဘောမတူမှာကို စိုးရိမ်မှုတွေ လည်း ရှိကြပါတယ်။
"လက်ရှိ အခြေအနေကို အရှေ့ဥရောပနိုင်ငံအများစုက ပြောစရာတောင် မလိုအောင် နားလည်ပါတယ်" လို့ ဥရောပပြုပြင်ပြောင်းလဲရေးစင်တာရဲ့ ဒုတိယညွှန်ကြားရေးမှူး အီယန်ဘွန်းက ပြောပါတယ်။
"ဒါပေမဲ့ စပိန်နဲ့ အီတလီအထိ အနောက်ဘက် ပိုရောက်လေ အခြေအနေကို အလေးမထားလေ ဆိုတာမျိုး ဖြစ်နေတတ်တယ်။"
"လက်ရှိဥရောပရဲ့ အခြေအနေဟာ ဘယ်လိုအငြင်းအခုံမျိုးကိုမှ လုပ်နေရမှာ မဟုတ် တော့ပါဘူး။ ဘယ်လိုဖြစ်အောင် လုပ်မယ်၊ ဘယ်လောက်မြန်အောင်လုပ်နိုင်မလဲဆိုတာ ကို ဆွေးနွေးကြရမှာပါ။ ဒါပေမဲ့ အဲဒါကို အခုပဲလုပ်ဖို့ လိုနေပါပြီ" လို့ မစ္စတာအာနိုးက သဘောတူပါတယ်။
ကမ္ဘာ့အစီအစဥ်သစ်တစ်ခု ဖော်ဆောင်ခြင်း
လတ်တလောမှာ အမေရိကန်ကပဲ ထောက်ပံ့ပေးနေတဲ့ "အင်မတန်အရေးကြီးတဲ့အရာတွေ" ရှိတယ်လို့ သမိုင်းပညာရှင် တင်မသီ ဂါတန်အက်ရှ်ရဲ့ အဆိုအရ သိရပါတယ်။
အဲဒါတွေက မဟာဗျူဟာမြောက် တိုက်ခိုက်နိုင်တဲ့လက်နက်တွေလို့ သူက ပြောပါတယ်။
"ဂြိုဟ်တုတွေ၊ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ၊ ပက်ထရီရော့ လေကြောင်းကာကွယ်ရေးစနစ်တွေပါ။ အဲဒီလို လက်နက်တွေကပဲ ရုရှားရဲ့ ဖျက်အားပြင်း ဒုံးကျည်တွေကို ပစ်ချနိုင်တာပါ။ ပြီးတော့ သုံးနှစ်ကနေ ၅ နှစ်အတွင်းအမေရိကန် မဟုတ်တဲ့ ကျွန်တော်တို့ တခြားနိုင်ငံတွေက ဒါမျိုးတွေ ကိုယ့်ဘာသာ ပိုင်ဖို့ ရည်မှန်းချက် ထားသင့်ပါတယ်။"
"ပြီးတော့ စိတ်ကူးကတော့ ဒီအကူးအပြောင်းဖြစ်စဥ်ထဲမှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးကနေ ဥရောပပုံစံ အပြည့်အဝဆောင်တဲ့ နေတိုးတစ်ဖွဲ့ ရှိမယ်။ အဲဒီမှာ နိုင်ငံတွေရဲ့ စစ်တပ်တွေနဲ့ အီးယူ စွမ်းရည်ရှိတဲ့ တပ်တွေ ရှိမယ်။ အဲဒီတပ်တွေက အမေရိကန်သမ္မတက 'အမေရိကန် မပါဘူး' လို့ ပြောလာရင်တောင် ဥရောပကို ကာကွယ်နိုင်စွမ်းရှိလိမ့်မယ်။"
ဒါပေမဲ့ မေးစရာရှိတာက ဒါကို ဘယ်လို ဖြစ်မြောက်အောင် လုပ်မလဲ ဆိုတာပါ။
မစ္စ ဗန်ရစ်ချ်က ဥရောပက ကိုယ်ပိုင် ကာကွယ်ရေးစက်မှုလုပ်ငန်း တစ်ခုကို တည်ထောင်ဖို့ လိုတယ်လို့ အလေးအနက် ပြောပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ ရှိမယ်လို့ သူက မျှော်လင့်ထားပါတယ်။
"တကယ့်အခက်အခဲက ဥရောပထဲမှာ ဒါကို တကယ်လုပ်ဖို့ နဲ့ တကယ်လုပ်ဖို့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး ကွဲလွဲမှုတွေ ဖြစ်တယ်။"
ဥရောပရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ဒီစနစ်က ဆယ်စုနှစ်တွေအတွင်း အလုပ်ဖြစ်မလားဆိုတာ ဥရောပကော်မရှင်နဲ့ ကျွမ်းကျင်သူတွေ ကြိုးစားရှာဖွေနေကြတာ ကြာပါပြီ။
"နိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွားတွေက ကြီးတော့ အစဥ်အလာအရ အရမ်းခက်ခဲမယ်... ဒါက မလွယ်ပါဘူး။"
တစ်ချိန်တည်းမှာပဲ ထရမ့်ဟာ စစ်အေးတိုက်ပွဲအပြီးက နိုင်ငံတကာစည်းမျဉ်းတွေအပေါ် အခြေခံပြီး ကိုယ့်ကြမ္မာကိုယ်ရွေးခွင့်နဲ့ မဟာမိတ်တွေကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ အစဉ်အလာကို ပြောင်းလဲပစ်ဖို့ အဆင်သင့် ဖြစ်နေပုံရပါတယ်။
ပူတင်နဲ့ ထရမ့်တို့ တူတာက - ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံတကာ ဥပဒေတွေကနေ ကင်းလွတ်ပြီး ရုရှားရဲ့ ဇာဘုရင်နဲ့ ဆိုဗီယက်ခေတ်ကလို အားနည်းတဲ့နိုင်ငံတွေအပေါ် သူတို့ရဲ့သဘောအတိုင်း အတင်းအကျပ် လွှမ်းမိုးနိုင်တဲ့ ကမ္ဘာတစ်ခုကို လိုလားနေတာပါ။ ဒါဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ၄၀ နှစ်ကြာ ကျင့်သုံးခဲ့တဲ့ "အကျိုးစီးပွားနယ်ပယ်" စနစ်ကို ပြန်ရောက်သွားမှာပဲ။
နေတိုးနိုင်ငံတစ်နိုင်ငံ အတိုက်ခံရရင် ထရမ့် ဘာလုပ်မလဲဆိုတာ အတိအကျ မသိရပါဘူး။ ဒါပေမဲ့ အဓိကက အမေရိကန်ရဲ့ အကူအညီကို ကျိန်းသေရမယ်လို့ မျှော်လင့်ထားလို့ မရတော့တာပါပဲ။ ဆိုလိုတာက ဥရောပအနေနဲ့ ကြိုပြင်ထားဖို့ လိုနေပါပြီ။
သူတို့အတွက် စိန်ခေါ်မှုက ညီညွတ်မှုကို ထိန်းသိမ်းဖို့၊ ကိုယ်တိုင်ကာကွယ်ရေးအတွက် ရန်ပုံငွေ အပြည့်အဝ ထည့်ဝင်ကြဖို့၊ နောက်ပြီး ဘယ်အင်အားကြီးနိုင်ငံရဲ့ "လွှမ်းမိုးမှု နယ်ပယ်"ထဲမှာမှ မပါကြဖို့ပါပဲ။