နေတိုး ကာကွယ်ရေးစရိတ် တိုးမြှင့်ဖို့ သဘောတူ ၊ စုပေါင်းလုံခြုံရေး တည်မြဲရမယ်ဆို

    • ရေးသားသူ, ပေါလ်ကာဘီ
    • ရာထူးတာဝန်, ဥရောပ ဒစ်ဂျစ်တယ် အယ်ဒီတာ

လာမယ့် ဆယ်စုနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ငါး ရာခိုင်နှုန်းကို ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်း ရင်းနှီးမြှုပ်နှံမှုတွေအပေါ် မှာ သုံးစွဲကြဖို့ နေတိုး မဟာမိတ်တွေ ဆန္ဒပြုခဲ့ကြပါတယ်။

သမ္မတ ထရမ့်ရဲ့ အဓိက တောင်းဆိုချက်ကို နယ်သာလန်မှာ ကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးပြီး အတည်ပြု ဆုံးဖြတ်ခဲ့ကြတာပါ။

ရုရှားက ဥရောပ-အတ္တလန္တိတ် လုံခြုံရေးကို ရေရှည် ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်ဝါဒ အန္တရာယ်တွေကို ကာကွယ်ရာမှာ ညီညွတ်ကြမယ်ဆိုပြီး နေတိုးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့လည်း ယူကရိန်းကို ရုရှားကျူးကျော်စစ်ကိုတော့ ဖော်ပြမထားပါဘူး။

မဟာမိတ်အဖွဲ့ကို ပို ခိုင်မာပြီး မျှတလာအောင်၊ ပို အစွမ်းထက်လာအောင် လုပ်ပေးမယ့် ပြောင်းလဲမှု အဆင့် ဖြစ်လာမယ် ဆိုပြီး နေတိုးအတွင်းရေးမှူးချုပ် မာ့က်ရက်တာ က စောစောပိုင်းက ပြောခဲ့ပါတယ်။

အမေရိကန် ဟာ စုပေါင်းကာကွယ်ရေးဝန်ထုပ်ဝန်ပိုးကို အကြာကြီး အလေးကြီး သယ်ထားခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။

နေတိုးနိုင်ငံတနိုင်ငံ တိုက်ခိုက်ခံရရင် လုံခြုံရေး အာမခံချက် ပေးရမယ် ဆိုတဲ့ ခိုင်မာတဲ့ စုပေါင်းကာကွယ်မှုကိုလည်း နေတိုးခေါင်းဆောင်တွေ ပြန်လည် သန္နိဋ္ဌာန်ချခဲ့ကြပါတယ်။

သမိုင်းဝင် သည်ဟိဂ် ထိပ်သီးဆွေးနွေးပွဲက ဗုဒ္ဓဟူးနေ့က ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲ ယူကရိန်း ငြိမ်းချမ်းရေးကို တွန်းအားပေးနေတုန်းမှာ အကူအညီတွေ ဆက်ပေးဖို့လည်း ပါကြောင်း မာက့်ရက်တာက ဆိုပါတယ်။

ဆယ်နှစ်ကျော်အတွင်း ကာကွယ်ရေး စရိတ် တိုးမြှင့်ဖို့ ဆုံးဖြတ်ချက်တွေထဲ ၂၀၃၅ မှာ နေတိုးအဖွဲ့၀င် နိုင်ငံတိုင်းရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုးရဲ့ ၃.၅ ရာခိုင်နှုန်းကို စစ်စရိတ်အတွက် သုံးပြီး ၁.၅ ရာခိုင်နှုန်းကို လုံခြုံရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေအတွက် ရင်းနှီးမြှုပ်နှံကြဖို့ ပါရှိပါတယ်။

အမေရိကန် သမ္မတ ထရမ့်ကလည်း ဒီအစည်းအဝေးကို အောင်ပွဲကြီးအနေနဲ့ ကြွေးကြော်ပါတယ်။ စစ်အသုံးစရိတ်တိုးတဲ့အတွက် အားလုံး ပိုတန်းတူဖြစ်သွားမယ်ဆိုပြီး သူက ပြောပါတယ်။

စပိန်ကတော့ ငါးရာခိုင်နှုန်းထိ တိုးခိုင်းတာကို အစည်းအဝေး မစခင်ကတည်းက ကန့်ကွက်ပါတယ်။ စပိန် စီးပွားရေး ဝန်ကြီးက ၂.၁ ရာခိုင်နှုန်းထိ ရောက်အောင် အစွမ်းကုန် ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

နေတိုးခေါင်းဆောင်တွေ စုပေါင်း ဓာတ်ပုံရိုက်ရာမှာလည်း စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် က အစွန်မှာ သီးသန့် ခွာနေတဲ့ပုံ ပေါ်နေပါတယ်။

ဒါပေမဲ့လည်း နေတိုး သဘောတူညီချက်မှာ ဆန်းချက်ဇ် လက်မှတ်ထိုးခဲ့ပါတယ်။

ဘယ်လ်ဂျီယမ်အစိုးရကလည်း အလားတူ ငွေပိုထည့်ရမှာကို လက်တွန့်တဲ့ ပုံမျိုး ပြခဲ့သလို ဆလိုဗက်ကီးယားကလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ အဆုံးသတ်မှာတော့ သူတို့ သဘောတူခဲ့ကြပါတယ်။

ပြင်သစ် သမ္မတ မက်ကရွန်းကတော့ အမေရိကန် သမ္မတရဲ့ အီးယူအပေါ် ကုန်သွယ်ရေး အခွန်တိုးကောက်မှုတွေကို မေးခွန်းထုတ်ခဲ့ပြီး သဘောတူညီချက် ယူဖို့ တောင်းဆိုခဲ့ပါတယ်။

သည်ဟိဂ် အစည်းအဝေးက ၂၀၁၉ က စပြီး သမ္မတ ထရမ့်လာတဲ့ ပထမဆုံး နေတိုး ထိပ်သီးဆွေးနွေးပွဲ ဖြစ်သလို ဒီပွဲအပြီးမှာလည်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးနဲ့ သီးခြား တွေ့ဆုံခဲ့ပါတယ်။

ဒါပေမဲ့လည်း အမေရိကန် သမ္မတက သတင်းထောက်တွေနဲ့ တွေ့ချိန်မှာ ယူကရိန်းစစ်အကြောင်းထက် အရှေ့အလယ်ပိုင်း အကြောင်း ပိုပြောချင်ပါတယ်။

အပြီးသတ် ထုတ်ပြန်ချက်မှာတော့ ယူကရိန်းအပေါ် ထောက်ခံမှုကို နေတိုး အဖွဲ့၀င် နိုင်ငံတွေက အလေးပေး ပြောကြားခဲ့ပါတယ်။ ယူကရိန်းရဲ့ လုံခြုံရေးက အားလုံးအတွက် အရေးကြီးတယ် ၊ ဒါကြောင့် နေတိုးစစ်စရိတ်ကို ပြန်ဆန်းစစ်ရာမှာ ယူကရိန်းအတွက်ပါ ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။