ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လက်မထပ်ခင် လိင်ဆက်ဆံမှုကို တားမြစ်မယ့် ဥပဒေ အင်ဒိုနီးရှားအတည်ပြုဖို့ရှိ
လက်ထပ်ထိမ်းမြားခြင်းမပြုခင် လိင်ဆက်ဆံခြင်းကို ထောင်ဒဏ် ၁နှစ်အထိချမှတ်နိုင်တဲ့ တားမြစ်ချက် ပါရှိတဲ့ ရာဇဝတ်မှု ဥပဒေတစ်ခုကို ဇန်နဝါရီလအတွင်းမှာ အင်ဒိုနီးရှားပါလီမန်ကနေ အတည်ပြုဖွယ်ရှိတယ် လို့ သိရပါတယ်။
ဒီဥပဒေမူကြမ်းကို လာမယ့်သတင်းပတ်အတွင်းမှာ အတည်ပြုနိုင်မယ့်အခြေအနေရှိတယ်လို့ နိုင်ငံရေးသမား တစ်ဦးကလည်း အတည်ပြုပြောထားပါတယ်။
အခုဥပဒေကိုအတည်ပြုခဲ့ရင် အင်ဒိုနီးရှားနိုင်ငံသားတွေရော၊ နိုင်ငံအတွင်းက နိုင်ငံခြားသားတွေအပေါ်မှာပါ သက်ရောက်မှုရှိလာမှာလို့လည်း သိရပါတယ်။
အိမ်ထောင်ရေးဖောက်ပြန်မှုတွေအပေါ် ပြစ်ဒဏ်ပေးတာတွေကတော့ အာဏာပိုင်တွေကိုလာရောက် တိုင်တန်းမှာသာ အကျိုးသက်ရောက်မှုရှိမယ်လို့လည်း နိုင်ငံရေးသမားတွေကဆိုကြပါတယ်။
အခုဥပဒေအရ အိမ်ထောင်သည်တွေကလည်း တိုင်တန်းပိုင်ခွင့်ရှိပြီး၊ ပြစ်မှုကျူးလွန်တယ်လို့ယူဆရသူရဲ့ ဇနီး ဒါမှမဟုတ် မယားတွေကလည်း တိုင်တန်းနိုင်တယ်လို့ သိရပါတယ်။
အဲဒါအပြင် ဥပဒေအရ လက်မထပ်ရသေးသူတွေရဲ့ မိဘတွေကလည်း လိင်ဆက်ဆံမှုအတွက် တိုင်ကြားနိုင်ဖို့ ခွင့်ပြုပေးထားပါတယ်။
အိမ်ထောင်မပြုမီ အတူနေခွင့်ကိုလည်း ပိတ်ပင်ထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ခြောက်လအထိ ကျခံရနိုင်ပါတယ်။
အင်ဒိုနီးရှား အလုပ်ရှင်များအသင်း (APINDO)ရဲ့ လက်ထောက်ဥက္ကဋ္ဌ ရှင်းတဝှီဂျဂျ ဆူခဒနီ က "စီးပွားရေး ကဏ္ဍအတွက် ဒီဓလေ့ထုံးတမ်းဥပဒေကို အကောင်အထည်ဖော်တာက ဥပဒေဆိုင်ရာ မသေချာ မရေရာမှု တွေကို ဖန်တီးပေးပြီး ရင်းနှီးမြှုပ်နှံသူတွေကို အင်ဒိုနီးရှားမှာ ရင်းနှီးမြှုပ်နှံဖို့ ပြန်လည်စဉ်းစားသွား စေမှာဖြစ် ပါတယ်" လို့ ကန့်သတ်မှုနဲ့ပတ်သတ်လို့ မှတ်ချက်ပြုပါတယ်။
အခုကန့်သတ်ချက်မျိုးကို လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကတည်းက အတည်ပြုနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သောင်းနဲ့ချီတဲ့ လူငယ်လူတန်းစားမရွေး သောင်းချီဆန္ဒပြမှုတွေနဲ့ တွေ့ကြုံခဲ့ရတာပါ။
ကျောင်းသားတွေ အပါအဝင် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးတွေကလမ်းတွေအပြင်၊ မြို့တော် ဂျကာတာမှာတော့ အဓိက ရုန်းရင်းဆန်ခတ်တာတွေအထိကို ဖြစ်ခဲ့ပါတယ်။
လိင်နဲ့ ဆက်ဆံရေးဆိုင်ရာ တင်းကျပ်တဲ့ ဥပဒေမျိုးတွေကို မွတ်စလင်အများစုဖြစ်သော အင်ဒိုနီးရှားနိုင်ငံရဲ့ နေရာတော်တော်များများမှာ ရှေးရိုးစွဲလေ့ကျင်သတ်မှတ်ထားတာမျိုး အရင်ကတည်းကမရှိခဲ့ပါဘူး။
အင်ဒိုနီးရှားက အာချေးပြည်နယ်မှာတော့ တင်းကျပ်သော အစ္စလာမ့်ဥပဒေကို ပြဋ္ဌာန်းထားပြီး လောင်းကစား၊ အရက်သောက်ခြင်းနဲ့ ဆန့်ကျင်ဘက်လိင်ဆက်ဆံမှု၊ တွေ့ဆုံခြင်းစတာတွေကိုတော့ အပြစ်ပေးတာတွေ ရှိနေပါတယ်။