သတ္တုတူးဖော်ရေး ကနဦးသဘောတူညီချက်ကို အမေရိကန်နဲ့ ရရှိပြီလို့ ယူကရိန်းပြော

ယူကရိန်းအရှေ့ပိုင်းက မဂ္ဂနိစ် သတ္တုရိုင်း တွင်းဟောင်း မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းအရှေ့ပိုင်းက မဂ္ဂနိစ် သတ္တုရိုင်း တွင်းဟောင်း မြင်ကွင်း

အရေးပါတဲ့တွင်းထွက် သတ္တုထုတ်ယူရေးဆိုင်ရာ သဘောတူညီချက်နောက်ဆုံးအဆင့်ကို အမေရိကန်ပြည်ထောင်စုနဲ့ ရရှိပြီလို့ ယူကရိန်း ဝန်ကြီးချုပ်က ပြောပါတယ်။

ယူကရိန်း ရုပ်သံ Shmyhal ကို ပြောချိန်မှာ သူက အခုလို ပြောလိုက်တာဖြစ်ပြီး ဒီကနဦး သဘောတူချက်ဟာ ''လုံခြုံရေး အာမခံချက်နဲ့လည်း ဆက်နွှယ်နေတယ်'' လို့ သူက ပြောသလို ယူကရိန်း အစိုးရဟာ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်း လက်မှတ်ထိုးဖို့ ရှိမယ်လို့လည်း ဆိုပါတယ်။

''သဘောတူညီချက်မှာ ပြင်ဆင်ဖြည့်စွက်ချက်အချို့ ပြုလုပ်ပြီးပါပြီ။ ရလဒ်ကောင်းလို့ပဲ မြင်ပါတယ်'' လို့ ကိယက်ဗ်မှာရှိတဲ့အကြီးတန်းအရာရှိကြီး တစ်ဦးက အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။ ဘယ်လို အချက်တွေကို ပြင်ဆင်ဖြည့်စွက် သဘောတူညီချက်ရတယ်ဆိုတဲ့အသေးစိတ်ကိုတော့ သူက မပြောပါဘူး။

မီဒီယာတွေမှာတော့ ဝါရှင်တန်ဟာ သဘာဝသယံဇာတတွေကို လက်တွေ့ကျကျ အသုံးချရာကနေ ရလာနိုင်ခြေရှိတဲ့အမြတ်အစွန်း ဒေါ်လာ ၅၀၀ ဘီလျံ ကို ရပိုင်ခွင့်နဲ့ပတ်သက်တဲ့ ကနဦးတောင်းဆိုချက် တွေကို မတောင်းတော့ဘူးလို့ သတင်းဖော်ပြပါတယ်။ ဒါပေမဲ့ ယူကရိန်းဘက်က အဓိကတောင်းဆိုတဲ့ စစ်ကြောင့်ဖွတ်ဖွတ် ညက်ညက်ကြေနေတဲ့ ယူကရိန်းအတွက် ခိုင်မာတဲ့လုံခြုံရေးအာမခံချက်ကိုအမေရိကန်က မပေးသေးပါဘူး။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးအနေနဲ့ သဘောတူညီချက်ကို အခုသီတင်းပတ်အတွင်း ဝါရှင်တန် မှာလက်မှတ်ရေးထိုးဖို့ သူ့အနေနဲ့မျှော်လင့်ထားခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပြောပါတယ်။

သဘောတူညီချက်တစ်ခုရရှိပြီးပြီဆိုတာမျိုး ထရမ့်က တိတိပပ မပြောပေမဲ့ ဒီသဘောတူညီချက်ကြောင့် ယူကရိန်းဟာ ''ဆက်ပြီး တိုက်ပွဲဝင်ခွင့်'' ရှိမယ်လို့ သူက ပြောပါတယ်။

"သူတို့ အရမ်း ရဲရင့်ပါတယ်" လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။ "ဒါပေမဲ့ အမေရိကန်မပါရင်၊ အမေရိကန်ရဲ့ ငွေတွေမပါရင်၊ အမေရိကန်ရဲ့ စစ်လက်နက်တွေ မပါရင် ဒီစစ်ပွဲဟာ အချိန်တိုလေးတင်ကို ပြီးပြတ်သွားမှာ''

ယူကရိန်း အပေါ် အမေရိကန်က လက်နက်နဲ့ ခဲယမ်းတွေ ဆက်ပြီးထောက်ပံ့ပေးနေဦးမှာလားလို့ မေးတဲ့အခါ "ရုရှားနဲ့ သဘောတူညီချက်တစ်ခုခု မရသေးခင်အထိတော့ ဖြစ်နိုင်သေးတယ် ... ကျွန်တော်တို့ သဘောတူညီချက် တစ်ခုတော့ လိုအပ်တယ်၊ မဟုတ်ရင်တော့ ဆက်ရှိနေမှာပါ'' လို့ ထရမ့်ကပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ယူကရိန်းမှာ ဘယ်လိုငြိမ်းချမ်းရေးသဘောတူညီချက်မျိုးအတွက် ဖြစ်စေ "ငြိမ်းချမ်းရေးတပ် ပုံစံမျိုး" လိုအပ်ပါလိမ့်မယ်။ အဲဒါကလည်း အားလုံးက လက်ခံနိုင်တဲ့အရာမျိုးဖြစ်ဖို့လိုပါလိမ့်မယ်လို့ ထရမ့်ကထပ်လောင်းပြောပါတယ်။

ထရမ့်ကတော့ ဇလန်းဇကီးဟာ "အာဏာရှင်" လို့ ပြီးခဲ့တဲ့တစ်ပတ်တုန်းကတင် ပြောခဲ့ပြီး စစ်ပွဲစတင်တဲ့အပေါ်မှာလည်း ရုရှားကို မဟုတ်ဘဲ ယူကရိန်းကိုပဲ အပစ်ဖို့ ချင်ပုံရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရုရှားက ဖန်တီးထားတဲ့ "သတင်းမှားတွေသာရှိတဲ့ရပ်ဝန်း" ထဲမှာသာနေထိုင်နေတာလို့ဆိုပြီး အဓိပ္ပါယ်ပါတဲ့စကားမျိုး၊ နောက်ပြီး ဒေါ်လာ ၅၀၀ ဘီလျံတန်ဖိုး ဓာတ်သတ္တု လိုချင်တယ်လို့ အမေရိကန်ဘက်က တောင်းဆိုမှုကို ယူကရိန်းသမ္မတက ပယ်ချခဲ့အပြီးမှာ သမ္မတ ထရမ့်ဘက်က သူ့သဘောထားကို ပြခဲ့တာဖြစ်ပါတယ်။

ရုရှားက စတင်ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က တည်းကစလို့ ယူကရိန်းကို ထောက်ပံ့ပေးခဲ့တဲ့ စစ်ရေးဆိုင်ရာနဲ့အခြားအကူအညီတွေအတွက် ယူကရိန်းရဲ့ သတ္တုရင်းမြစ်တွေကို ပြန်လည်ပေးအပ်ဖို့ ထရမ့်က ဖိအားပေး ပြောဆိုနေတာပါ။

အမေရိကန်ရဲ့ အကူအညီတွေ အများကြီးထောက်ပံ့ပေးခဲ့တယ်ဆိုတာဟာ အရမ်းကိုလွဲနေတယ်လို့ ဇလန်းဇကီးက ပြောပြီး ''ကျွန်တော်တို့ နိုင်ငံကို ရောင်းစားမှာမဟုတ်ဘူး" ချေပထားပါတယ်။

ယူကရိန်းကို အမေရိကန်ဒေါ်လာ ၃၀၀ ကနေ ၅၀၀ ဘီလျံကြား ပေးထားခဲ့တယ်လို့ ထရမ့်က အင်္ဂါနေ့က ပြောခဲ့ပါတယ်။

"အဲဒီပိုက်ဆံတွေကို ကျွန်တော်တို့ ပြန်လိုချင်တယ်" လို့ ထရမ့်က ပြောပါတယ်။ "အခက်အခဲ အကြီးကြီးတွေ ကြားထဲကနေ ကူညီပေးခဲ့တာ ... ဒါပေမဲ့ အခုတော့ အမေရိကန် အခွန်ထမ်းပြည်သူတွေဟာ အခုတော့ သူတို့ ပေးထားတာတွေကို ပြန်လိုချနေကြပြီ''

ယူကရိန်းအရှေ့ပိုင်းက သတ္တုရိုင်းတွင်း တစ်တွင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းအရှေ့ပိုင်းက သတ္တုရိုင်းတွင်း တစ်တွင်းမြင်ကွင်း

အင်္ဂါနေ့က လုပ်ခဲ့တဲ့ သတ္တုရင်းမြစ် သဘောတူညီချက်က "အားလုံးထဲကမှ အစိတ်အပိုင်းတစ်ခုတည်း" သာ ရှိပါသေးတယ်လို့ ယူကရိန်း ဒုဝန်ကြီးချုပ် အိုဟာ စတက်ဖင်ရှီနာက Financial Times သတင်းစာကို ပြောခဲ့ပါတယ်။

"သဘောတူညီချက်ရဲ့ ကြီးမားတဲ့အစိတ်အပိုင်းလို့ အမေရိကန်ဘက်ကနေ ပြောနေတာကို အကြိမ်များ စွာကြား နေရပါတယ်" လို့ ညှိနှိုင်းမှုကို ဦးဆောင်နေတဲ့ သူက ပြောပါတယ်။

အမေရိကန်ဟာ စစ်ပွဲကြောင့် ဖွတ်ဖွတ်ညက်ညက်နေတဲ့ ယူကရိန်းကို ပေးထားတဲ့သူ့ရဲ့ အကူအညီတွေကနေ တပ်ပြန်ခေါက်တာမျိုးရှိပြီး သဘောတူညီချက်မှာပါတဲ့အသေးစိတ်အချက်အလက်တွေဟာလည်း နောက်ထပ်ဆွေးနွေးဖို့ လိုနေသေးတယ်လို့ ယူကရိန်းသတင်းရင်းမြစ်တွေအရ သိရပါတယ်။

ဒါပေမဲ့ အခြေအနေက သတ်မှတ်ထားပြီးလို့ဆိုနိုင်ပါတယ်။ ထရမ့်လက်ထက် အမေရိကန်ရဲ့ အကူအညီတွေက နှောင်ကြိုးနဲ့ ချည်ထားပါတယ်။ အကူအညီဟာ ကူညီဖို့ဆိုပေမဲ့ လူသားချင်းစာနာမှုအကူအညီလို့ပဲ ဆိုဆို၊ မဟာဗျူဟာမြောက်အကြောင်းပြချက်ဆိုတာပဲဖြစ်ဖြစ် ဒါတွေက အတိတ်မှာကျန်ခဲ့ပါပြီ။

ဒုတိယ ကမ္ဘာစစ်အပြီး ဥရောပစီးပွားရေး နလန်ထူနိုင်ဖို့ ပေးခဲ့တဲ့အကူအညီမှသည် စစ်အေးကာလအလွန် ပေးအပ်တဲ့အမေရိကန်သမ္မတ ဂျော့ဒဗျူဘုရှ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတည်ထောင်နိုင်ရေး မူဝါဒအရ ပေးအပ်တဲ့အကူအညီစတာတွေဟာ လွန်ခဲ့တဲ့ ၇၅ နှစ်ကျော်က အမေရိကန်ရဲ့ အခြေခံကျတဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ ကိုယ်စားပြုတဲ့ အရာတွေဖြစ်ပါတယ်။

ယူကရိန်းအရေးက ပထမ အစသာဖြစ်ပါတယ်။ ထရမ့်နဲ့ သူရဲ့နိုင်ငံခြားရေးရာမူဝါဒအဖွဲ့ကတော့ "အမေရိကန်သာအဓိက၊ ပထမ" ဆိုတဲ့ စည်းမျဥ်းအတိုင်း နောက် ၄ နှစ်သက်တမ်းအထိ တစ်ကမ္ဘာလုံးမှာ လုပ်ဆောင်လိမ့်မယ်လို့ မျှော်မှန်းရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Andrii Sybihaတို့ကြားမှာ သတ္တုရင်းမြစ်သဘောတူညီချက်ကို လတ်မှတ်ရေးထိုးကြဖို့ သတ်မှတ်ထားကြတယ်လို့ ယူကရိန်းသတင်းဌာန Ukrainska Pravda က ဖော်ပြပါတယ်။

ပြန်လည်တည်ဆောက်ရေးရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ တည်ထောင်ဖို့ကိုလည်း နှစ်နိုင်ငံအကြားသဘောတူညီမှု ရရှိခဲ့တယ်လို့ အဲဒီသတင်းဌာနရဲ့ စီးပွားရေးဆိုင်ရာအစီအစဥ်မှာဖော်ပြခဲ့ပါတယ်။

အလွန်တန်ဖိုးရှိတဲ့ ဒြပ်စင်နဲ့ သတ္တုတွေဖြစ်တဲ့ လစ်သီယမ်၊ တိုက်တေနီယံတို့အပါအဝင်၊ ပမာဏအတော်အတန်ရှိတဲ့ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့၊ ရေနံနဲ့ ယူ‌ရေနီယံ အာမခံချက်တို့လို ဒေါ်လာဘီလျံနဲ့ ချီတန်ဖိုးရှိတဲ့အရာတွေကို ပေးအပ်ဖို့ အာမခံထားရပါတယ်။

နိုင်ငံခြားလုပ်ငန်းတွေအနေနဲ့ နိုင်ငံရဲ့ သတ္တုကြွယ်ဝမှုအချို့ကို စစ်ပွဲကြီးအဆုံးသတ်တဲ့အခါမှာ အကျိုးခံစား ခွင့်ရရှိနိုင်မယ်လို့ဆိုကာ "အောင်ပွဲအစီအစဥ်"ကို ယူကရိန်းနဲ့ သူရဲ့ အနောက်နိုင်ငံမဟာမိတ်တွေကို ဇလန်းဇကီးက ပြီးခဲ့တဲ့နှစ်က ချပြခဲ့ပါတယ်။

ယူကရိန်းကနေ ရုရှား သိမ်းပိုက်ထားတဲ့နယ်မြေတွေအပါအဝင် အဲဒီနေရာတွေကနေ မြေရှားသတ္တုတွေ ရယူခွင့်အတွက် အမေရိကန်ကို လက်လှမ်းမီခွင့် ပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အင်္ဂါနေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက လုပ်ခဲ့တဲ့ နှစ်နိုင်ငံဆွေးနွေးပွဲအပါအဝင် အမေရိကန်-ရုရှားတို့ရဲ့လတ်တလော ပျော့ပြောင်းလာတဲ့ဆက်ဆံရေးအပေါ် ယူကရိန်းနဲ့ သူရဲ့ဥရောပ မဟာမိတ်နိုင်ငံတွေက သတိထားမှုရှာလာစေပါတယ်။

ကိယက်ဗ်နဲ့ ဥရောပတလွှားမှာတော့ ယူကရိန်း - ရုရှားစစ်ပွဲအဆုံးသတ်ရေး ဘယ်လိုညှိနှိုင်းမှုတွေမှာမဆို ချန်ထားခံရတာ၊ နောက် ဥရောပတစ်တိုက်လုံးရဲ့ အနာဂတ်လုံခြုံရေးကို သူတို့မပါဘဲ နောက်ကွယ်မှာ ဆုံးဖြတ်မှာကို စိုးရိမ်ကြပါတယ်။

ယူကရိန်းမှာ ဘယ်သတ္တုတွေ ရှိလဲ

တစ်ကမ္ဘာလုံးရဲ့ "အရေးပါတဲ့သတ္တုရိုင်းတွေ'' ၅ ရာခိုင်နှုန်းအထိ ယူကရိန်းမှာ ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီထဲမှာ လျှပ်စစ်ကား ဘတ္ထရီမှာ သုံးနိုင်ပြီး တည်ရှိနေတယ်လို့ မှတ်ယူထားတဲ့ ဂရက်ဖိုက် တန်ပေါင်း ၁၉ သန်းနဲ့ လက်ရှိ ဘတ္ထရီတွေရဲ့ အဓိက ပစ္စည်းဖြစ်သလို၊ ဥရောပနိုင်ငံတွေအားလုံးရဲ့ တတိယမြောက်အများဆုံး လစ်သီယံ သတ္တုသိုက်တို့ ပါဝင်ပါတယ်။

ရုရှားရဲ့ အလုံးစုံ ကျူးကျော်စစ် မဆင်နွဲခင် ပြီးခဲ့တဲ့ ၃နှစ်ကာလ နောက်ပိုင်းတုန်းကဆိုရင် ကမ္ဘာ့ပေါ်မှာ တိုက်တေနီယံ ၇ ရာခိုင်နှုန်းအထိကို ယူကရိန်းကနေ ထုတ်လုပ်တာပါ။ အဲဒီတိုင်တေနီယံတွေက လေယာဥ်ပျံ အစ လျှပ်စစ်ဓာတ်အားရုံတွေအဆုံး အရာအားလုံးအတွက် တည်ဆောက်ရာမှာ အသုံးပြုပါတယ်။

ဒြပ်စင် ၁၇ မျိုးအထိပါဝင်တဲ့ မြေရှားသတ္တုလည်း ယူကရိန်းတွေရဲ့ မြေပေါ်မှာအများအပြားရှိနေတာပါ။ မြေရှားဟာ လက်နက်ထုတ်လုပ်တာ၊ လေရဟတ်တွေ၊ လျှပ်စစ်ပစ္စည်းနဲ့ ယနေ့ကမ္ဘာကြီးအတွက် ရေးအကြီးတဲ့ အခြားသောထုတ်ကုန်တွေမှာ အသုံးပြုတာပါ။

အချို့သတ္တုတွင်းထွက်တွေကိုတော့ ရုရှားက သိမ်းယူထားတာလည်း ရှိပါတယ်။ ယူကရိန်းစီးပွားရေးဝန်ကြီး Yulia Svyrydenko ပြောပြချက်အရတော့ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေထဲမှာကို အမေရိကန်ဒေါ်လာ ဘီလျံ ၃၅၀ တန်ကြေးရှိတဲ့ သဘာဝရင်းမြစ်တွေ ကျန်ရှိနေတယ်လို့ သိရပါတယ်။