ယူကရိန်းနဲ့ ရုရှားကြား အပစ်ရပ် ဖြစ်နိုင်ခြေရှိ
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တာ ၃ နှစ် ရှိလာချိန်မှာပဲ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန်းက မကြာခင် သီတင်းပတ်တွေ အတွင်း ယူကရိန်းနဲ့ ရုရှားအကြား အပစ်ရပ်ရေး သဘောတူညီမှု ရဖို့ ဖြစ်နိုင်ကြောင်း ပြောလိုက်ပါတယ်။ သူက အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ ဆက်လက်ပြီး သူက ဒီလို ငြိမ်းချမ်းရေး သဘောတူညီချက်ဟာလည်း ယူကရိန်းဘက်က အညံ့ခံတယ်ဆိုတာမျိုး လုံးဝမဖြစ်စေဖို့ လိုအပ်ကြောင်းနဲ့ လုံခြုံရေးအတွက် အာမခံချက် ပေးဖို့ အတွက်ပါ တိုက်တွန်းခဲ့ပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်က ကုလသမဂ္ဂ ညီလာခံမှာ မဲခွဲရာမှာ ဥရောပ မဟာမိတ်တွေနဲ့ ဆန့်ကျင်ပြီး ရုရှားဘက်က ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် ထရမ့် အစိုးရဟာ ဒီစစ်ပွဲမှာ ရပ်တည်ချက် ပြောင်းလာနေတာကို မီးမောင်းထိုး ပြလိုက်သလို ဖြစ်သွားပါတယ်။ ဘီဘီစီသတင်းထောက် ဂျိုး အင်ဝုဒ် ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။



