ငြိမ်းချမ်းရေးသဘောတူညီချက် ၉၀ ရာခိုင်နှုန်း ပြီးစီးပြီ - ဇလန်းစကီး

ဓာတ်ပုံ ရင်းမြစ်, Reuters/Ukrainian Presidential Press Service
- ရေးသားသူ, လော်ရာဂေါ်ဇီ
- ရေးသားပေးပို့သည့်နေရာ, ကိဗ်ယက်
- ရေးသားသူ, ဂျိမ်းစ်ချာတာ
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ရုရှားနဲ့ စစ်ပွဲကို အဆုံးသတ်နိုင်မယ့်ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ "၉၀ ရာခိုင်နှုန်းအထိ ပြင်ဆင်ပြီးစီးနေပြီ" လို့ သူ့ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ပြောပါတယ်။ ဇလန်းစကီးရဲ့ မိန့်ခွန်းက မော်စကိုရဲ့ ကျူးကျော်မှုကို တန်ပြန်နေတဲ့ ယူကရိန်းရဲ့ စစ်ရေးအခြေအနေကိုပိုပြီး အာရုံစိုက်ပြောထားပါတယ်။
လေးနှစ်နီးပါးကြာရှိလာတဲ့ ကျူးကျော်စစ်ပဋိပက္ခကို အဆုံးသတ်နိုင်မယ့် ဒီသဘောတူညီချက်ဟာ ၁၀ ရာခိုင်နှုန်းခန့်သာ အပြီးသတ်ဖို့ကျန်တယ်လို့ သူက ပြောပါတယ်။ ဒါက ယူကရိန်းရဲ့ ငြိမ်းချမ်းရေးအတွက်သာမက ဥရောပရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးမယ့်အချက်တွေ ဖြစ်လာမယ်လို့ ဆိုပါတယ်။
ရုရှားသမ္မတပူတင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို ခွန်အားပေးထားပြီး '' မင်းတို့ကို ငါတို့ယုံကြည်တယ်။ ငါတို့ အောင်ပွဲကိုလည်း ယုံကြည်တယ်'' လို့ ပြောပါတယ်။
ယူကရိန်းဟာ ဒရုန်းတွေကို အသုံးပြုပြီး ရုရှားရဲ့ အနောက်မြောက်ဘက်ရှိ လိတ်ဗာလ်ဒိုင် (Lake Valdai) က ပူတင်ရဲ့ ကိုယ်ပိုင်နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းကတော့ ကရင်မလင်က စွပ်စွဲထားပါတယ်။
အဲဒီက သက်သေအထောက်အထားတွေကိုလည်း ထုတ်ပြခဲ့ပါတယ်။ ဒါပေမဲ့ ကိဗ်ယက် ဘက်ကတော့ ရုရှားဘက်က အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အဲဒီ အထောက်အထားတွေထဲမှာ ယူကရိန်းရဲ့ ဆူမီ(Sumy)နဲ့ ချာနီဟစ်ဗ် (Chernihiv)ဒေသတွေက ဒရုန်းတွေ လွှတ်တင်ခဲ့ကြောင်းပြတဲ့မြေပုံတစ်ခုနဲ့ နှင်းဖုံးနေတဲ့ တောအုပ်တစ်ခုအတွင်းပျက်ကျနေတဲ့ ဒရုန်းတစ်စင်းရဲ့ ဗီဒီယိုတစ်ခု ပါဝင်ပါတယ်။ အပျက်အစီးတွေအနားမှာ ရပ်နေတဲ့ ရုရှားစစ်သားတစ်ဦးက အဲဒီဒရုန်းကို ယူကရိန်းရဲ့ "ချက်လွန် (Chaklun)" ဒရုန်းဖြစ်ကြောင်း ပြောနေပါတယ်။
ဘီဘီစီအနေဖြင့် အဲဒီရုပ်သံဖိုင်ရဲ့ မှန်ကန်မှုကို အတည်ပြုနိုင်ခြင်း မရှိသေးသလို၊ အဲဒီရုပ်သံကို ဘယ်နေရာမှာ ရိုက်ကူးထားတယ်ဆိုတာကိုလည်း မပြောနိုင်ပါဘူး။
စွပ်စွဲထားတဲ့အဲဒီဖြစ်ရပ်ကိုအကြောင်းပြပြီး လုပ်ဆောင်နေဆဲဖြစ်တဲ့ ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီး ရုရှားရဲ့ရပ်တည်ချက်ကို ပြန်လည်သုံးသပ်မယ်လို့ ကရင်မလင်က ပြောပါတယ်။
ဥရောပသမဂ္ဂ (EU) ရဲ့ အထက်တန်းအဆင့် သံတမန်ဖြစ်သူ ကာယာ ကလက်စ်ကတော့ ဗုဒ္ဓဟူးနေ့က ရုရှားဘက်က ထုတ်ပြန်ချက်ဟာ "ရည်ရွယ်ချက်ရှိရှိ အာရုံလွှဲဖျားဖို့ ကြံစည်မှု" ဖြစ်ကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်အနှောင့်အယှက် ဖြစ်စေဖို့ ကြိုးပမ်းမှုလို့ သုံးသပ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိနစ် ၂၀ ကြာ ဇလန်းစကီးရဲ့ မိန့်ခွန်းမှာတော့ ယူကရိန်းအနေနဲ့ " ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ငြိမ်းချမ်းရေးရရင်ပြီးရောဆိုတာကို မလိုလားပါဘူး" လို့ ပြောကြားခဲ့ပြီး " ကျွန်တော်တို့လိုချင်တာက စစ်ပွဲအဆုံးသတ်မှုပါ၊ ယူကရိန်းနိုင်ငံရဲ့ အဆုံးသတ်မှု မဟုတ်ပါဘူး" လို့ ထပ်လောင်းပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေက အရှေ့ပိုင်း ဒွန်ဘတ်စ် (Donbas) ဒေသက ဆုတ်ခွာရမယ်ဆိုပါက "အရာအားလုံး အဆုံးသတ်သွားမယ်" လို့ သူက ပြောကြားခဲ့ပါတယ်။ အဲဒီပြောကြားချက်က ငြိမ်းချမ်းရေးသဘောတူညီချက်က ဘယ်လို ပုံစံဖြစ်လာပါစေ၊ မော်စကိုဘက်က အဲဒီ စက်မှုဇုန်ဒေသကို အပြည့်အဝ ထိန်းချုပ်ခွင့် ရရှိရမယ်ဆိုပြီး ပြောနေတဲ့ အမြင့်ဆုံးတောင်းဆိုချက်ကို ရည်ညွှန်းပြောဆိုတာဖြစ်ပါတယ်။
လက်ရှိမှာ မော်စကိုက ဒွန်းညက်စ် ဒေသရဲ့ ခန်းမှန်းခြေ ၇၅ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး အနီးအနားရှိ လူဟန်စ်ဒေသရဲ့ ၉၉ ရာခိုင်နှုန်းနီးပါးကိုလည်း ထိန်းချုပ်ထားပါတယ်။ အဲဒီ ဒေသနှစ်ခုကို ပေါင်းပြီး "ဒွန်ဘတ်စ် လို့ ခေါ်ပါတယ်။
ဒွန်ဘတ်စ်ဒေသရဲ့ အနာဂတ်အရေးက ညှိနှိုင်းဆွေးနွေးမှုတွေ တစ်လျှောက် အဓိကအတားအဆီးအဖြစ် ဆက်ရှိနေပြီး၊ ရုရှားဘက်က ဒွန်ဘတ်စ်ဒေသကို အပြည့်အဝ သိမ်းပိုက်ထိန်းချုပ်လိုတဲ့ ရည်မှန်းချက်အပေါ် အလျှော့ပေးဖို့ မရှိကြောင်း အမြဲပြသနေပါတယ်။
မိန့်ခွန်းအတွင်း ဇလန်းစကီးက ယူကရိန်းကို ထောက်ခံခဲ့တဲ့ နိုင်ငံခေါင်းဆောင်တွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပေမယ့် "ရည်ရွယ်ချက်တွေကို လုံခြုံရေးအာမခံချက်များအဖြစ် အမှန်ပြောင်းလဲနိုင်ဖို့နဲ့ အတည်ပြုခံရသင့်တယ်'' လို့ ထပ်လောင်ပြောပါတယ်။
ဒီအပတ်အစောပိုင်း ဖလော်ရီဒါမှာ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ အကြား ဆွေးနွေးပွဲအပြီး ယူကရိန်းသမ္မတက ဝါရှင်တန်က ၁၅ နှစ်တာ လုံခြုံရေးအာမခံချက်ကိုပေးဖို့ အကြံပြုထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အာမခံချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် အချိန်သတ်မှတ်ချက်ကတော့ မသေချာသေးပါဘူး။
"အားနည်းတဲ့ သဘောတူညီချက်တွေအောက်မှာ လက်မှတ်ထိုးလိုက်တာက စစ်ပွဲကို ပိုအရှိန်မြှင့်တင်တာပဲ" လို့ ဇာလန်စကီးက ပြောကြားခဲ့ပါတယ်။ ဒါမှမဟုတ် ကမ္ဘာကြီးက ရုရှားရဲ့ ကျုးကျော် စစ်ပွဲကို ရပ်တန့်စေမှာလား ဒါမှမဟုတ် ရုရှားက ကမ္ဘာကြီးကို သူတို့ရဲ့ စစ်ပွဲထဲကို ဆွဲခေါ် သွားမှာလား"
ယှဉ်ပြောရရင် ပူတင်ရဲ့ နှစ်သစ်မိန့်ခွန်းက ခပ်တိုတိုပါပဲ။
မော်စကိုရဲ့ "အထူးစစ်ဆင်ရေး" လို့ခေါ်တဲ့ ယူကရိန်းစစ်ပွဲအပေါ် မှတ်ချက်ပြောကြားရာမှာ "အကူအညီလိုသူတွေအတွက် ကျွန်တော်တို့ရဲ့ ဂရုစိုက်မှုက တဆင့် ပျော်ရွှင်မှုနဲ့ နွေးထွေးမှုကို ဖော်ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းမှာပါ။ အထူးစစ်ဆင်ရေးမှာပါနေတဲ့ ကျွန်တော်တို့ သူရဲကောင်းတွေနဲ့အတူလည်း ရပ်တည်မှာပါ "လို့ ပူတင်က ပြောပါတယ်။
သီးခြားတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းက သူ့ရဲ့ နှစ်သစ်မိန့်ခွန်းမှာ ''နောက်ကွယ်မှာ ခိုင်ကြည်တဲ့မဟာမိတ်''ဖြစ်တဲ့ ပြုံးယမ်းနဲ့ မော်စကိုတို့ကြားက သဘောတူညီမှုနဲ့ ရုရှားစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ မြောက်ကိုရီးယားတပ်သားတွေကို ဂုဏ်ယူကြောင်းထည့်ပြောခဲ့ပါတယ်။
တောင်ကိုရီးယားအရာရှိတွေရဲ့သတင်းတွေအရ မြောက်ကိုရီးယားက ရုရှားရဲ့ ကျူးကျော်မှုကို ကူညီဖို့ စစ်သား သန်းနဲ့ချီ ပို့ဆောင်ထားပြီး မစ်ဆိုင်းလက်နက်တွေ ပေးထားတယ်လို့ ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ ခန့်မှန်းချက်အရ အဲဒီမှာမြောက်ကိုရီးယား စစ်သား အနည်းဆုံး ၆၀၀ ဦး သေဆုံးထားတယ်လို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Russian Defence Ministry
ဇလန်းစကီးက ယူကရိန်း-ရုရှားငြိမ်းချမ်းရေးညှိနှိုင်းမှုတွေကို ဒီလအတွင်း ပြန်စတင်ပြီး မြန်ဆန်စွာ ရှေ့ဆက်နိုင်ဖို့နဲ့ အမေရိကန်နဲ့ ဥရောပအရာရှိတွေ ပါဝင်ပါစေလိုကြောင်း ပြောထားပါတယ်။
ဇန်နဝါရီ ၁၆ ရက်မှာ ဥရောပခေါင်းဆောင်တွေ ပဲရစ်မှာ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အစည်းအဝေးမှာ "ယူကရိန်းကို ကာကွယ်ဖို့နဲ့ ဥရောပတိုက်ကြီးမှာ တရားမျှတပြီး တာရှည်ငြိမ်းချမ်းရေးရှိစေဖို့ အကောင်အထည်ဖော်ရမယ်" ပြင်သစ်သမ္မတ မက်ခရွန်က ပြောကြားပါတယ်။
ဗုဒ္ဓဟူးနေ့က သမ္မတထရမ့်ရဲ့ အကြံပေးတွေက ယူကရိန်းသမ္မတ ဇလန်စကီးနဲ့ တွေ့ဆုံပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ အကြောင်းအရာတွေကို ဆွေးနွေးရာမှာ အင်္ဂလန်၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက အမျိုးသားလုံခြုံရေး အကြံပေးတွေလည်း ပါဝင်ခဲ့ပါတယ်။
အမေရိကန်အထူးသံအမတ် စတီးဗ် ဝစ်ကော့ဖ်က "စစ်ပွဲကို အဆုံးသတ်ဖို့နဲ့ စစ်ပွဲတကျော့ပြန်မလာနိုင်အောင် အာမခံနိုင်မယ့် ခိုင်မာထိရောက်တဲ့လုံခြုံရေးအစီအစဥ်နဲ့ ပဋိပက္ခလျော့ချနိုင်မှု ယန္တရားတွေကို ဖန်တီးနိုင်ဖို့ "ကို အဓိက ဆွေးနွေးခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်လို ငြိမ်းချမ်းရေးသဘောတူညီချက်မဆို အဆုံးမှာတော့ ရုရှားဘက်က လက်ခံမှု လိုအပ်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ရုရှားဘက်က လက်ခံမှုကို မရရှိသေးသလို၊ ပူတင်ရဲ့ နေအိမ်ကို တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ ဒရုန်းသတင်းစွပ်စွဲမှုကလည်း ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပိုပြီးရှုပ်ထွေးလာစေနိုင်ပါတယ်။












