စစ်ရဲ့ သားကောင်များ - အရက်ကို ကိုးကွယ်လာတဲ့ ရုရှားစစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, AFP
- ရေးသားသူ, ဆိုဖီယာ ဗိုလီယာနိုဗာ
- ရာထူးတာဝန်, ဘီဘီစီ ရုရှား ဘာသာဌာန
"စစ်သားအများစုက ဆေးကု မခံချင်ကြဘူး" လို့ ရုရှားနိုင်ငံပိုင် 'မိသားစုဂေဟာ' စီမံကိန်းက စေတနာ့ဝန်ထမ်း စိတ်ပညာရှင် တက်ယာနာ (အမည်လွှဲ) က ပြောပါတယ်။
တက်ယာနာက ရှေ့တန်းမရောက်ဖူးလို့ သူတို့ဖြတ်သန်းခဲ့ရတာတွေကို နားလည်နိုင်မှာမဟုတ်ဘူးလို့ စစ်သားတွေက မကြာခဏ ပြောကြတယ်လို့လည်း သူက ပြောပြပါတယ်။ ဒါမှမဟုတ်လည်း သူတို့အတွေ့အကြုံတွေကို နားထောင်နိုင်စွမ်းရှိပါ့မလားလို့ သူတို့စိုးရိမ်တယ်လို့ သူက ဘီဘီစီ ရုရှားဘာသာဌာနကို ပြောပါတယ်။
ဆေးကုခံမယ့်အစား စစ်သားတွေက သူငယ်ချင်းတွေနဲ့ အရက်သွားသောက်တာ ပိုကောင်းတယ်လို့ ထင်ကြတယ်တဲ့အကြောင်း စိတ်ပညာရှင် တက်ယာနာက ပြောပါတယ်။
ထောင်ချီတဲ့ ရုရှားစစ်သားတွေဟာ ယူကရိန်းရှေ့တန်းစစ်မြေပြင်ကနေ စိတ်ဒဏ်ရာကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုရောဂါ (PTSD) အပါအဝင် စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ပြန်ရောက်လာနေကြတယ်လို့ ခန့်မှန်းရပါတယ်။
ဒါပေမဲ့ ရုရှားအစိုးရဟာ ယူကရိန်းကို အလုံးစုံ ကျူးကျော်စစ် စခဲ့တဲ့ သုံးနှစ်ခွဲအတွင်းမှာ စစ်ပြန်တွေကို စိတ်ပိုင်းဆိုင်ရာအကူအညီပေးဖို့ စနစ်ကောင်းကောင်းတစ်ခု တည်ထောင်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။
ပိုတည်ငြိမ်အေးချမ်းတဲ့ အရပ်သားဘဝကို ပြန်ကူးပြောင်းဖို့ဟာ စစ်ပြန်တချို့အတွက်တော့ ထိန်းချုပ်လို့မရတဲ့ ရန်လိုမှုတွေကို ဖြစ်စေနိုင်တယ်လို့ တက်ယာနာက ရှင်းပြပါတယ်။
"ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်မှာဆို လူနာတစ်ယောက် ရှိတယ်။ သူက ကော်ဖီဆိုင်ထဲကိုဝင်ပြီး အဲဒီမှာ ထိုင်ပြီး အပန်းဖြေနေလို့ဆိုပြီး လူတွေကို ရိုက်တာ" လို့ သူက ပြောပြပါတယ်။
"အဲဒီမှာ သူ့အတွင်းစိတ်မှာ ပဋိပက္ခ ဖြစ်တာပေါ့။ ဒီမှာတော့ ငါက လူကောင်း၊ ကြင်နာတဲ့လူတစ်ယောက်ပဲ။ ဟိုမှာတော့ ငါဟာလူတွေကို သတ်ခဲ့ပါလားပေါ့" လို့ သူက ပြောပါတယ်။
ဒါ့အပြင် သူ့တပ်သားတွေကို အစာရေစာမရှိဘဲ ပစ်ကျင်းထဲမှာ ရက်ပေါင်းများစွာ ထိုင်ခိုင်းထားခဲ့တဲ့ တပ်မှူးတစ်ဦးနဲ့ တွေ့ခဲ့ရတာကိုလည်း သူက ပြန်ပြောပြပါတယ်။
ဒါက စည်းကမ်းမို့ လုပ်ဖို့လိုလို့ လုပ်ရတာပဲလို့ တပ်မှူးက ပြောပါတယ်။
"သူ သူ့မိသားစုအိမ်ကို ပြန်ရောက်တဲ့အခါရောက်မှ 'ဘုရား ဘုရား၊ ငါ ဒီကလေးတွေကို ဘယ်လိုများ ဆက်ဆံခဲ့ပါလိမ့်'" လို့ သူက သူ့ကိုယ်သူ ပြန်မေးခဲ့တယ်" လို့ တက်ယာနာက ပြောပါတယ်။
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အတွက် တစ်နှစ်ပတ်လုံးမှာ စစ်သားရှစ်ယောက်ပဲ သူ့ဆီကို လာခဲ့တယ်လို့ တက်ယာနာက ပြောပါတတယ်။
သူတို့ထဲက အများစုဟာ နောက်ဆုံးမှာ လက်လျှော့လိုက်ကြပြီး အရက်ကိုပဲ အဖော်လုပ်သွားခဲ့ကြပါတယ်။
'အန္တရာယ်ရှိတဲ့လူတွေ'

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရုရှားအစိုးရက တိုက်ပွဲမှာပါဝင်နေတဲ့ လက်ရှိတပ်ဖွဲ့ဝင် အရေအတွက်ကို ထုတ်မပြောပါဘူး။
ဒါပေမဲ့ ၂၀၂၃ ဒီဇင်ဘာလတုန်းက သမ္မတ ဗလာဒီမာပူတင်က စစ်သား ၆၁၇,၀၀၀ ရှေ့တန်းမှာ ရှိနေတယ်လို့ ပြောပါတယ်။ နောက်နှစ်မှာ နောက်ထပ် ၄၉၀,၀၀၀ ကို ပို့ခဲ့ပါတယ်။
ရှေ့တန်းထွက်ခဲ့ဖူးတဲ့ စစ်သား ၃ % ကနေ ၁၁ % ဟာ ဟာ PTSD ဝေဒနာ ခံစားရနိုင်တယ်လို့ 'ရုရှား ဘက်ထီရက်ဗ် စိတ်ရောဂါကုသမှု စင်တာ' က ခန့်မှန်းထားပါတယ်။
ပြင်းထန်ဒဏ်ရာရခဲ့သူတွေမှာတော့ ဒီလိုဖြစ်နိုင်ခြေဟာ ၁၄ ကနေ ၁၇ % အထိ တိုးလာတယ်လို့ အဲဒီစင်တာက ပြောပါတယ်။
ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စကတည်းက ကျန်းမာရေးဝန်ကြီးဌာနဟာ စစ်ပြန်တွေနဲ့ သူတို့မိသားစုတွေရဲ့ စိတ်ကျန်းမာရေးကို ကူညီဖို့ နိုင်ငံတစ်ဝန်းမှာ ဆေးဘက်ဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအကြံပေးရုံး ၂,၇၀၀ လောက်ကို တည်ထောင်ခဲ့ပါတယ်။
အစိုးရက ထောက်ပံ့တဲ့ အစီအစဥ်တစ်ခု အရလည်း စေတနာ့ဝန်ထမ်း ကွန်ရက်တွေကနေလည်း အထောက်အပံ့တွေ ပေးပါတယ်။
ဒါပေမဲ့ အဲဒီ အားထုတ်မှုတွေ အားလုံးက မလုံလောက်သေးပါဘူး။ စိတ်ပိုင်းဆိုင်ရာအကူအညီပေးရေးဌာနတွေက အရမ်းသေးလွန်းတာတွေ၊ ဝန်ထမ်းအင်အား မလုံလောက်တာတွေ ဖြစ်နေတယ်လို့ အဲဒီ နှစ်သိမ့်ဆွေးနွေးရေးရုံး တစ်ရုံးမှာ အလုပ်လုပ်နေတဲ့ စိတ်ပညာရှင် ယာနာ (အမည်လွှဲ) က ပြောပါတယ်။
ယာနာက ယူကရိန်းကို ကျူးကျော်တာကို ဆန့်ကျင်သူပါ။ စစချင်းမှာတော့ တိုက်ပွဲမှာ တိုက်ခဲ့တဲ့ အမျိုးသားတွေနဲ့ အလုပ်လုပ်ဖို့ ခက်မယ်လို့ ယူဆခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ အကူအညီက အပြောင်းအလဲတစ်ခု ဖြစ်စေနိုင်တယ်လို့ သူက ခံစားမိခဲ့ပါတယ်။
"သူတို့က အန္တရာယ်ရှိတဲ့လူတွေပါ။ ကျွန်မက သူတို့ကို အန္တရာယ်လျော့သွားအောင် လုပ်ပေးနိုင်ပါတယ်" လို့ သူက ဘီဘီစီ ရုရှားဘာသာဌာနကို ပြောပါတယ်။
ဒါပေမဲ့ နောက်ထပ်စိန်ခေါ်မှုတစ်ခုလည်း ရှိပါတယ်။ ပိုပြီး ဖိနှိပ်နေတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရတာ ဖြစ်ပါတယ်။ ရုရှားအစိုးရက 'အထူး စစ်ရေးလုပ်ငန်း' လို့ ခေါ်တဲ့ အရာကို ဝေဖန်ရင် ဥပဒေချိုးဖောက်တာဖြစ်တဲ့ ပတ်ဝန်းကျင်မှာပါ။ ဒါကြောင့် ကုပေးသူတွေဘက်ကရော လူနာတွေဘက်ကပါ ပွင့်ပွင့်လင်းလင်းပြောဖို့ အကြောက်လွန်နေကြပါတယ်။
"ကျွန်မတို့အားလုံး စကားပြောဖို့ ကြောက်နေကြပါတယ်" လို့ ယာနာက ပြောပါတယ်။
"ကိုယ်နဲ့အမြင် မတူတဲ့ တစ်ယောက်ယောက်နဲ့ စကားပြောမယ်ဆိုရင် အဲဒါ အပြင်ကို ပေါက်ကြားသွားနိုင်ပါတယ်။ တစ်ယောက်ယောက်က တိုင်လိုက်နိုင်ပါတယ်။ ဆိုတော့ ဒါပါပဲ။ ဘဝပျက်သွားမှာပေါ့" လို့ သူက ပြောပါတယ်။
သူ့လူနာတချို့က စစ်ပွဲနဲ့ပတ်သက်တဲ့ ပေါ့ပေါ့ပါးပါး အကြောင်းတချို့ကို ပြောပြပြီး သူဘယ်လိုတုံ့ပြန်လဲဆိုတာ စမ်းကြည့်ကြတယ်လို့လည်း သူက ပြန်ပြောပြပါတယ်။
သူ့ရဲ့ အရပ်သားလူနာတွေထဲမှာ အနည်းအကျဥ်းကပဲ စစ်ပွဲကို ပွင့်ပွင့်လင်းလင်း ထောက်ခံတယ်လို့ သူက ပြောပါတယ်။ အများစုကတော့ ရိုးရိုးပဲ စစ်ပွဲ ပြီးလိုက်စေချင်ကြတော့တဲ့သူတွေပါ။
ပြစ်ဒဏ်ကျ ရာဇဝတ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, AFP
ရုရှားက ၂၀၂၂ မှာ ယူကရိန်းကို အလုံးစုံ ကျူးကျော်စစ် စခဲ့တဲ့အခါ ရှေ့တန်းကို ပရော်ဖက်ရှင်နယ် စစ်သားတွေကိုပဲ ပို့တာမဟုတ်ပါဘူး။ ပြစ်ဒဏ်လျှော့ခံရဖို့အတွက် စစ်ထဲဝင်လာတဲ့ ပြစ်ဒဏ်ကျ ရာဇဝတ်သားတွေလည်း စစ်သားတွေထဲမှာ ပါလာပါတယ်။
အများစုကို ကွယ်လွန်သူ ယက်ဂေးနီ ပရီဂေ့ါဂျင် တည်ထောင်ခဲ့တဲ့ ဗာဂနာ တပ်ဖွဲ့ကနေ စုဆောင်းခဲ့တာပါ။ အကျဉ်းသားတွေဟာ ခြောက်လကြာ တိုက်ခိုက်ရေး တာဝန်ထမ်းရင် သက်ညှာမှုနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကတိပေးခဲ့ပါတယ်။ ပရီဂေ့ါဂျင် ရဲ့ ပြောကြားချက်အရ အကျဉ်းသား ၅၀,၀၀၀ လောက် စာရင်းပေးခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၀၂၄ ဇန်နဝါရီမှာတော့ စစ်သားစုဆောင်းရေးမှာ ဗာဂနာတပ်ဖွဲ့ရဲ့ ပါဝင်မှု နည်းသွားခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောင်းယူလိုက်ပါတယ်။ စည်းကမ်းသတ်မှတ်ချက်တွေလည်း သိသိသာသာ ပြောင်းလဲသွားပါတယ်။ ဆန္ဒပြုပြီး စစ်ထဲဝင်လာတဲ့ အကျဉ်းသားတွေဟာ စစ်ပွဲပြီးတဲ့အထိ တာဝန်ထမ်းဆောင်ဖို့ လိုအပ်လာပါတယ်။
တကယ်တော့ ပြစ်ဒဏ်ချခံရသည်ဖြစ်စေ မခံရသည်ဖြစ်စေ စစ်သားအများစုဟာ သက်တမ်းမသတ်မှတ်ထားတဲ့ စာချုပ်တွေထဲမှာ ပိတ်မိနေပါတယ်။ ၂၀၂၂ စက်တင်ဘာလမှာ စစ်သားတွေ အလုံးအရင်းနဲ့ခေါ်ဖို့ စကြေညာကတည်းက စစ်မှုထမ်းကာလဟာ အကန့်အသတ်မရှိ ဖြစ်လာခဲ့ပါတယ်။ အပြင်းအထန်ဒဏ်ရာရတာ၊ အသက်ကြီးတာ၊ ဒါမှမဟုတ် ရာဇဝတ်မှု ထပ်ကျူးလွန်ပြီး ပြစ်ဒဏ်ချမှတ်ခံရတဲ့ အခြေအနေတွေမှာသာ ထွက်ခွင့်ပေးပါတယ်။
နောက်တော့ အဲဒီလို ပြစ်ဒဏ်ချခံရတာတွေကို ပိုအတွေ့ရ များလာပါတယ်။
လွတ်လပ်တဲ့မီဒီယာ ဗက်စကာရဲ့ စုံစမ်းလေ့လာမှုတစ်ခုအရ ၂၀၂၂ ဖေဖော်ဝါရီလနဲ့ ၂၀၂၄ ဩဂုတ်လကြားမှာ စစ်ပြန်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် လူအနည်းဆုံး ၂၄၂ ဦး သေဆုံးပြီး နောက်ထပ် ၂၂၇ ဦး ဒဏ်ရာခဲ့ပါတယ်။ ဒီအမှုတွေမှာ လူသတ်မှုကနေ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အကြမ်းဖက်ရိုက်နှက်မှုတွေအထိ ပါပါတယ်။
၂၀၂၅ အစောပိုင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဌာနခွဲဖြစ်တဲ့ ယူရယ်လ် ဥပဒေ သုတေသနဌာနက "ရုရှားနိုင်ငံက ပြစ်မှုကျူးလွန်မှုတွေအပေါ် အထူးစစ်ဆင်ရေးရဲ့ သက်ရောက်မှု" နဲ့ပတ်သက်တဲ့ လေ့လာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ စစ်ပွဲစကတည်းက နိုင်ငံတစ်ဝန်းမှာ ပြင်းထန်ပြီး အကြမ်းဖက်တဲ့ပြစ်မှုတွေ သိသိသာသာ တိုးလာတာကို အဲဒီလေ့လာမှုအရ တွေ့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားဒေသတစ်ခုက မူးယစ်ဆေးစွဲလူနာ ကုသရေးဆေးခန်းက စိတ်ပညာရှင် မတ်ဗီး (အမည်လွှဲ) က - သူနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ စစ်ပြန်တွေကြားမှာ PTSD-ဆိုင်ရာ အရက်စွဲမှုတွေ ရုတ်တရက်တိုးလာမယ်လို့ ယူဆထားကြတယ်လို့ ပြောပါတယ်။
ဘက်ထီရက်ဗ်စင်တာက ထုတ်ပြန်ထားတဲ့ ကုသရေးလမ်းညွှန်ချက်တွေမှာ - တိုက်ပွဲတွေကလို ပြင်းထန်တဲ့ စိတ်ဒဏ်ရာမျိုးကို ခံစားရဖူးသူတွေဟာ မူးယစ်ဆေးစွဲ ပြဿနာတွေ ဖြစ်နိုင်ခြေ အတော်မြင့်မားတယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ထိပ်တန်း စိတ်ကျန်းမာရေးဆေးရုံ ဆာဘက်စကီးစင်တာမှာ ၂၀၂၄ မှာ ဆေးကုသခံကြတဲ့ မူးယစ်ဆေးစွဲသူ အားလုံးရဲ့ ၁၀% ဟာ စစ်ဘက်က လူတွေ ပါဝင်နေတာ ဖြစ်ပါတယ်။
စိတ်ဒဏ်ရာနဲ့ မူးယစ်ဆေးစွဲမှုကြားမှာ သိသိသာသာ ဆက်စပ်မှု ရှိနေပေမဲ့ ထိရောက်တဲ့ ရွေးချယ် ကုသစရာတွေကတော့ ရှားပါးနေဆဲပါပဲ။
လူနာတွေဟာ သူတို့ဆေးရုံမှာ အများဆုံး နှစ်ပတ်ထက် ပိုမနေနိုင်ပါဘူး။ ဒါက ထိရောက်တဲ့ကုသမှု မဟုတ်ဘဲ 'သက်သာရာရအောင် ပြုစုပေးတဲ့' ကာလတစ်ခုပဲဖြစ်တယ်လို့ မတ်ဗီးက ရှင်းပြပါတယ်။
အနည်းဆုံး ၁၂ ကြိမ်လောက် တွေ့ဆုံကုသဖို့ လိုတဲ့ 'ကြောက်စရာအတွေးတွေကို ရှင်းထုတ်ပေးတဲ့ ဆွေးနွေးမှုကုထုံး CPT'လို နည်းလမ်းတွေကတော့ လက်တွေ့မှာ မရနိုင်ပါဘူး။
"အများစုအတွက်က ကုထုံးတွေ ခံယူဖို့က အရမ်းနာကျင်လွန်း၊ အရမ်းကို ထိရှခံစားရလွန်းပါတယ်" လို့ မတ်ဗီးက ပြောပါတယ်။
"ကျွန်တော်တို့ လူနာတွေဟာ တစ်ခုခုမှားနေတယ်ဆိုတာ သိနိုင်ပေမဲ့ အဲဒီပြဿနာတွေက အရမ်းဆိုးရွား၊ စိတ်ထိခိုက်ရ၊ နာကျင်ရလို့ သူတို့က အဲဒါကို ပြန်မထိချင်ကြတော့ဘူး" လို့ သူက ပြောပါတယ်။
"ကျွန်တော်ကတော့ PTSD ကုသမှုကို မဖြစ်မနေ လုပ်သင့်ပါတယ်" လို့ သူက ထပ်ပြောပါတယ်။
သမ္မတပူတင်က ၂၀၂၄ အစောပိုင်းမှာ စစ်ပြန်တွေအတွက် မဖြစ်မနေ ကုထုံးကုသပေးဖို့ဆိုတဲ့ အယူအဆကို ထုတ်ပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို မူဝါဒတွေတော့ အခုချိန်ထိ မစနိုင်သေးပါဘူး။
ပညာရှင်ရှားပါးမှု

ဓာတ်ပုံ ရင်းမြစ်, AFP
အစိုးရအနေနဲ့ နိုင်ငံရေးအရ ဆန္ဒရှိရင်တောင် ရုရှားမှာ အရည်အချင်းမီတဲ့ အထူးကု ပညာရှင်တွေက သိသိသာသာ ရှားနေပါတယ်။
ရုရှားမှာ လက်ရှိ စိတ်ပညာရှင်အရေအတွက်ကို ခန့်မှန်းချက်တွေက အမျိုးမျိုးပါပဲ။ ၅၇,၀၀၀ ကနေ ၁၀၀,၀၀၀ ကျော်အထိ ခန့်မှန်းကြပါတယ်။
ဒါဟာ နိုင်ငံသား ၁၀၀,၀၀၀ မှာ စိတ်ပညာရှင် ၄ ဦးကနေ ၅ ဦးအထိပဲရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။ ဒါက နိုင်ငံတကာစံနှုန်းတွေအောက် အများကြီး နိမ့်နေပါတယ်။
စနစ်ပိုင်းဆိုင်ရာ အတားအဆီး အမျိုးမျိုး ရှိနေပေမဲ့ စိတ်ပညာရှင်တချို့ကတော့ သူတို့ လုပ်နေတာတွေက အလကားတော့ မဖြစ်ဘူးလို့ ပြောပါတယ်။
အရပ်သားတွေ၊ ဒုက္ခသည်တွေနဲ့ စစ်သားတွေရဲ့မိသားစုတွေကို ယာနာက ဆက်ကုပေးနေပါတယ်။
သူတို့ထဲက အများစုဟာ PTSD နဲ့ ပြင်းထန်တဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ရုန်းကန်နေရပါတယ်။ ၁၀ ကြိမ်ကနေ ၁၂ ကြိမ် လောက် ဆွေးနွေးပြီးရင် လူနာအများစုက ဘေးကင်းလုံခြုံတယ်လို့ ပြန်ခံစားလာရတယ်လို့ သူက ပြောပါတယ်။
"ဒါက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ထဲက အများစုဟာ ဒီလိုမှ မဟုတ်ရင် စိတ်ပိုင်းဆိုင်ရာအကူအညီရဖို့ မတတ်နိုင်ကြလို့ပါ" လို့ သူက ပြောပါတယ်။
တိုက်ပွဲဝင်လာတဲ့ စစ်ပြန်တွေအတွက် အများကြီးပိုလုပ်ဖို့ လိုတယ်လို့ တက်ယာနာက ယုံကြည်နေပါတယ်။
"ကျွန်မတို့မှာ တစ်နိုင်ငံလုံးအနေနဲ့ စုစည်းထားတဲ့အဖွဲ့အစည်း မရှိပါဘူး" လို့ သူက ပြောပါတယ်။
"လူတွေဟာ စိတ်ပညာရှင်တစ်ယောက်နဲ့ ဆွေးနွေးချင်ရင် စေတနာ့ဝန်ထမ်းတွေကို ဆီသွားတာ၊ သူတို့နည်းသူတို့ဟန်နဲ့ ဖြေရှင်းတာတွေပဲ လုပ်စရာ ရှိပါတော့တယ်" လို့ သူက ပြောပါတယ်။












