မီးတစ်ခါပြတ်ရင် ဘယ်လောက်ကြာသလဲ

ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေ အပါအ၀င် မြန်မာနိုင်ငံ အနှံ့မှာ နာရီနဲ့ချီပြီး လျှပ်စစ်မီးပြတ် တောက်တာတွေ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေတာ လနဲ့ချီရှိနေပြီဖြစ်ပါတယ်။

အဲဒီလို နာရီနဲ့ချီ လျှပ်စစ်မီး ပြတ်တောက်တဲ့အပြင်တစ်ရက်ကို နာရီအနည်းငယ်ပဲ လျှပ်စစ်မီး ရကြတဲ့အတွက်နေ့စဉ်လုပ်ကိုင်နေရတဲ့ လူမှုဘ၀တွေ၊ အလုပ်အကိုင်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရန်ကုန်မှာ မနက် ၆ နာရီ နဲ့ ည ၆ နာရီကြား မီးလာချိန်က တစ်ရက် ၃ နာရီလောက်ပဲရှိတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

အရင်လို အလှည့်ကျ စနစ်နဲ့ပေးပေမယ် လာရမဲ့အချိန်တွေမှာ လာတယ်ဆိုရုံလာပြီး မီးပျက်သွားလေ့ရှိတယ်လို့ သူကပြောပါတယ်။

မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း ကလေးဝမြို့တွေမှာတော့ ပျက်နေတာ ၄၈ နာရီကျော်နေပြီလို့ မြို့ခံတစ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ မိုးရာသီအကုန် အောက်တိုဘာလလောက်ကစပြီး လျှပ်စစ်မီးက တစ်ရက်ကို နာရီနဲ့ချီပြီး ပြတ်တောက်လာသလို အရင်ထက်လည်းမီးပြတ်ချိန် ပိုပြီးကြာမြင့်လာတာလို ဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအကြာ ပြီးခဲ့တဲ့နှစ်ကစလို့ ရန်ကုန်၊မန္တလေးအပါအဝင် မြန်မာနိုင်ငံတဝန်း ဒေသအများစုမှာ အချိန်ပိုင်းပြတ်တောက်တာတွေ ရှိလာခဲ့တဲ့နောက် အလှည့်ကျစနစ်နဲ့ မီးပေးတာ အုပ်စု A B C သတ်မှတ်ပြီးမြို့နယ်ရပ်ကွက်အလိုက် လေးနာရီလာ လေးနာရီပြတ် စနစ်နဲ့ မီးပေးတာတွေ ရှိခဲ့ပါတယ်။ 

ပြီးခဲ့တဲ့မိုးတွင်းရာသီမှာလည်း မီးပြတ်ချိန်အရင်ထက်ပိုများခဲ့တာကြောင့် မိုးအလွန်နွေကာလရောက်ရင် လျှပ်စစ်မီး ပြဿနာကို အခုထက်ပိုပြီးကြီးကြီးမားမားကြုံရနိုင်တယ်လို့စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ 

မန္တလေးက လုပ်ငန်းရှင်တစ်ဦးကတော့ အခုလို မီးတွေ ဆက်တိုက်ပျက်နေတာ နှစ်ပတ်၀န်းကျင်ရှိပြီဖြစ်ပြီး လက်ရှိအချိန်အထိတော့ မီးစက်နဲ့ ဆက်လက်လည်ပတ်နေပြီး ကာစတန်မာတွေကိုပဲ ပိုက်ဆံ တိုးတောင်းတာတွေရှိပြီး နားလည်မှုနဲ့ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

“ဘယ်လောက်ရေရှည်လုပ်နိုင်မလဲ မသိဘူး မီးစက်နဲ့လုပ်ရလို့ စျေးတော့ပိုယူရတယ်” လို့ သူကပြောပါတယ်။

 မီးတွေပျက်လွန်းတော့ လျှပ်စစ်မီးကို မှီခိုပြီးလုပ်ကိုင်နေရတဲ့ အသေးစားလုပ်ငန်းတွေမှာ လည်းလုပ်ငန်း ရပ်နားရတဲ့အထိ ဖြစ်လာနေပါတယ်။

ဒါ့အပြင် နေ့စဉ် ဖြတ်သန်းနေရတဲ့ လူမှုဘ၀တွေမှာလည်း ထိခိုက်မှုတွေ ရှိလာနေတဲ့အကြောင်းအိမ်ရှင်မ တစ်ဦး ပြောပါတယ်။

“မီးလာတဲ့ အချိန်မချက်နိုင်ရင် ဂတ်စ်နဲ့ချက်ရတော့ ဂတ်စ်ဖိုး ပိုကုန်တာပေါ့ “အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာတော့ မီးတွေ ပြတ်လွန်းလို အခုရက်ပိုင်း ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို ရုပ်သံတွေက မကြည့်တော့ဘဲ အများစုက ဖုန်းတွေကတစ်ဆင့်ပဲ ကြည့်ကြတယ်လို့ဆိုပါတယ်။

"ဝိုင်ဖိုင်ရရင် ကြည့်လို့ရတယ်လေ ဝိုင်ဖိုင်စက်ကို ပါဝါဘန့်နဲ့ချိတ်ပြီးကြည့်ကြတယ်"လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

ညပိုင်း ဘီယာဆိုင် လဘက်ရည်ဆိုင်တွေက အရင်လိုမပြကြတော့ပဲ အိမ်မှာပဲ ဖုန်းနဲ့ကြည့်ကြတယ်လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

"မုံရွာမှာ မီးကလာချင်တဲ့ အချိန် လာပြီး ပြတ်ချင်တဲ့အချိန် ပြတ်တာ"လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

အလှည့်ကျစနစ်နဲ့ မီးပေးတာကို အချိန်အတိုင်းအတာတစ်ခုထိသာ စီစဥ်ထားတာဖြစ်ပြီး ပုံမှန် ပြန်ပေး နိုင်အောင် လုပ်မယ်လို့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲတွေမှ ာပြောကြားချက်တွေ ရှိခဲ့ပြီး အဲဒီနောက် အလှည့်ကျမီးပေးတဲ့စနစ်ဖြစ်တဲ့ လေးနာရီလာ လေးနာရီပြတ် မရှိတော့ဘဲ မီးလာချိန် ပိုများတဲ့ ကာလတချို့ရှိခဲ့ပါတယ်။ 

ဒါပေမဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ ဇောတိက ၊ ရတနာ ကမ်းလွန် စတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ ချို့ယွင်းတာ ၊ တာဝါတိုင်တွေပျက်စီးတာ စတာတွေကြောင့်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ကကြေညာခဲ့ပြီး မီးပြတ်ချိန် ပြန်များလာခဲ့ပါတယ်။ 

အခုလည်း YESC က နိုဝင်ဘာ ၁၀ ရက် နောက်ဆုံးကြေညာထားချက်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေကို ပို့လွှတ်ထားတဲ့ ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း အရေးပေါ် ထိန်းသိမ်းပြုပြင်နေစဉ်ကာလအတွင်း စုစုပေါင်း (433)MW ခန့် ဓာတ်အားစနစ်အတွင်း ကို ဓာတ်အားထုတ်လုပ်ပို့လွှတ်မှုလျော့နည်းနေပြီး ဝန်အားလျှော့ချတာတွေရှိမယ်လို့ ကြေညာထားပါတယ်။ 

ဒါပေမဲ့ နာရီအပိုင်းအခြားနဲ့ မီးဖြတ်မယ်လို့ တရားဝင်ထုတ်ပြန်ကြေညာထားတာတော့မတွေ့ရပါဘူး။ မီးအလှည့်ကျပေးတဲ့ အချိန်မီးပျက်လို့ လျှပ်စစ်ဓာတ်အားပေးရုံးတွေကို ဖုန်းဆက်တိုင်ကြားပေမယ့် ဖုန်းမကိုင်ကြသလို လက်ခံဖြေတာတွေလည်းမရှိဘူးလို့ ရန်ကုန်‌မြို့ခံတွေက ပြောပါတယ်။