မီးပျက် ပြည်သူများ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မြန်မာနိုင်ငံက မြို့ကြီးတွေအပါအဝင် ဒေသ အတော်များများမှာ ညဘက်အမှောင်ကျနေခဲ့ကြပါတယ်။

လာမယ့်မတ်လ ၁၂ ရက်က စပြီးတော့ ဒီထက်ပိုပြီး မီးပျက်ဖို့ရှိနိုင်တယ်လို့ စစ်ကောင်စီက မတ်လ ၆ ရက်နေ့ သတိပေးထုတ်ပြန်လာခဲ့ပါတယ်။

မတ်လ ၁၂ ရက်ကနေ မတ်လ ၁၈ ရက်နေ့အထိ ထပ်မံ တွေ့ရှိတဲ့ သဘာ၀ဓာတ်ငွေ့တွင်းသစ် ၂ ခုကနေ ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ရေအောက်ပိုက်လိုင်း အသစ်ချိတ်ဆက်တာကို ဆောင်ရွက်မှာဖြစ်တာကြောင့် သဘာ၀ဓာတ်ငွေ့နဲ့ ဓာတ်အားထုတ်လုပ်နေမှုကို ရပ်ဆိုင်းမှာဖြစ်လို့ အဲဒီရက်အတွင်း နိုင်ငံတစ်ဝန်း အချို့နေရာတွေမှာ ၂၄ နာရီ မီးပြတ်တောက်မယ်လို့ ဆိုပါတယ်။

မီးပျက်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေ အများအပြားရှိတာကြောင့်ဒီသတင်းကြောင့် မြန်မာနိုင်ငံအနှံက လူတွေဟာ ပိုပြီးစိုးရိမ်သောကတွေ ဖြစ်လာကြတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

"မီးပျက်၊ရေပျက်၊ ဓာတ်ဆီဈေးတက်၊ ကုန်ဈေးနှုန်းတက်၊စိတ်ပျက်စရာကောင်းတာကလွဲလို့ ဘာမှမရှိ ဘူးလို့" ဒီကနေ့ ရန်ကုန်မြို့ခံတွေ ကြုံနေရတဲ့ အခြေအနေကို မြို့ခံတစ်ဦးကပြောပါတယ်၊

စစ်ကောင်စီကတော့ လျှပ်စစ်မီးပြတ်တောက်ရမယ့် အကြောင်းအရင်းအနေနဲ့ ဒီလို (၂၄)နာရီ မီးပြတ်တာက အသိပေးထုတ်ပြန်တဲ့ ရက်သတ္တပတ်တပတ်လုံး ပျက်မှာမဟုတ်ဘဲ၊ အချိန်ပိုင်းလိုက်ခွဲပေးမယ်လို့ဆိုတဲ့ တုံ့ပြန်ချက်သာပေးပြီး ဘယ်ဒေသတွေ ပျက်မယ်။ ဘယ်လိုပုံစံနဲ့ ပျက်မယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကို ဖြေကြားတာမရှိပါဘူး။ လက်တွေ့မှာတော့ ပြည်သူတွေဟာ ဒီလို မီးပျက်မယ်လို့ မကြေညာခင် ဖေဖော်ဝါရီလကုန်လောက်ကစကာ တရက်ကို အများဆုံး (၆)နာရီသာ မီးရရှိနေတာ ဖြစ်ပါတယ်။

"ရေက အဆိုးဆုံးပဲ မီးမလာတော့ ရေမရှိဘူး၊ ထမင်းက မီးသွေးနဲ့ ချက်လို့ရတယ် "လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

မီးပျက်တဲ့ အချိန်တွေများလာတဲ့အတွက် မြန်မာနိုင်ငံမှာ ဒယ်နီဆိုပြီး အသုံးများတဲ့ လျှပ်စစ်ဒယ်အိုးတွေကို ကွိုင်တွေဖြုတ်ပြီး မီးသွေးတို့ ထင်းတို့နဲ့ ချက်ကြတဲ့အထိ ဖြစ်လာပါတယ်။

အချို့ကတော့ ပူအိုက်တဲ့ နွေရာသီ ညဘက် မီးပျက်တာဟာ လေအေးပေးစက် ဖွင့်လို့မရတဲ့အတွက် အိပ်လို့မရသူတွေရှိတယ်လို့လည်း ပြောကြပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ သင်ကြားနေတဲ့ ကျောင်းတွေ သင်တန်းတွေဟာ မီးမရတဲ့ အတွက် သင်တန်းတွေ ရပ်ထားရကြောင်းလည်း သိရပါတယ်။

(၂၄)နာရီသာ မီးပျက်ခဲ့ရင် ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ ပိုပြီး အခက်တွေ့နိုင်သလို နောက်ဆက်တွဲ ရေပြဿနာ၊ ကျန်းမာရေးပြဿနာတွေသာမက မီးဘေးအန္တရာယ်တွေအထိပါ ကြုံတွေ့ရနိုင်တယ်လို့ မြို့နေလူထုက ထောက်ပြနေကြပါတယ်။

တိုက်ခန်းအဆောက်အအုံတွေများတဲ့ ရန်ကုန်မှာတော့ မီးစက်နဲ့ အခကြေးငွေပေးပြီး ရေလိုက်တင်ပေးတဲ့ စီးပွားရေးလုပ်သူတွေ ဒီရက်ပိုင်း ခပ်စိပ်စိပ် တွေ့လာရသလို အခြား ထင်းနဲ့မီးသွေးလို ပစ္စည်းတွေကိုပါ ဝယ်ယူစုဆောင်းလာကြပါတယ်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာတော့ လျှပ်စစ်မီးမပျက်ကြောင်း ခေတ္တခဏ ပျက်တာရှိပေမဲ့ နေပြည်တော်မှာ တစ်နေကုန်နီးပါးမပျက်ဘူးလို့ ဇဗ္ဗူသီရိမြို့မှာနေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါအပြင် အခြားရပ်ကွက်တွေ မီးပျက်တဲ့အကြောင်း နေပြည်တော်ကလူမှုကွန်ရက် အုပ်စုတွေမှာ ရေးသားတာမတွေ့ ကြောင်းလည်း သူကပြောပါတယ်။

မီးလာပြန်တော့လည်း ဗို့အား ၉၀ ခန့်သာရှိပြီး အိမ်တွေအများစုက ရေတင်ကြ ဝိုင်းပြီးသုံးကြတဲ့ အတွက် မီးအားတွေ အတက်အကျ များပြီး မငြိမ်ဘဲ ဖြစ်နေတယ်လို့ ဒဂုံမြို့သစ်မြောက်ပိုင်းက နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဒါကြောင့်လျှပ်စစ်မီးရဖို့ အပိုငွေကြေးတွေသုံးစွဲလာရသလို စိတ်ပိုင်း ၊ ရုပ်ပိုင်း ထိခိုက်မှုတွေရှိတယ်လို့ ပြည်သူတွေကပြောပါတယ်။

တချို့ကတော့ အခုလိုမီးပျက်တာဟာ ဓာတ်ငွေ့ပိုက်လိုင်းတွေ ပြင်ဆင်တာထက်၊ စစ်ကောင်စီဆီ အခွန်မရောက်ဖို့ မီတာမဆောင်ရေး လူထုလှုပ်ရှားမှုကို တန်ပြန်ဖိအားပေးတာလို့ တုံ့ပြန်ကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်လုပ်ဆောင်မှုတွေထဲက တခုအနေနဲ့ လျှပ်စစ်မီးဖြတ်တောက် တာကနေ ရေပြတ်တောက်တဲ့အထိ လူထုကို အကျပ်အတည်းတွေ့စေတာလို့လည်း ဆိုနေကြပါတယ်။

လက်ရှိမှာ ပြည်တွင်းလျှပ်စစ်မီးသုံးစွဲမှုဟာ တနေ့ကို ပျှမ်းမျှ (၂၆၀၀) မဂ္ဂါဝပ်အထိ သုံးစွဲနေမှုရှိပါတယ်။

မနေ့ည မတ်လ ၆ ရက်နေ့ စစ်ကောင်စီထုတ်ပြန်ချက်အရ ဓာတ်ငွေ့ပိုက်လိုင်းတွေပြုပြင်တာရော၊ ဓာတ်ငွေ့စျေးတက်တဲ့အပြင် LNG ဓာတ်အားပေးစက်ရုံတချို့ မလည်ပတ်တာကြောင့်ပါ (၁၃၀၄) မဂ္ဂါဝပ် အထိလျှပ်စစ်ထုတ်လုပ်မှုလျော့ကျသွား တယ်လို့ ဆိုတာကြောင့် ဒါဟာ စိုးရိမ်စရာအနေအထားတခုလို့ ပြည်သူ့ရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ် ။