ရခိုင်မှာ ကောက်သစ်ပေါ်ပေမယ့် ဆန်စျေးဆက်တက်နေ

ရခိုင်ပြည်နယ် အခုနှစ်မိုးရာသီကာလအတွင်း စိုက်ပျိုးထားတဲ့ ကောက်သစ် စပါးတွေ ထွက်လာပြီဖြစ်ပေမယ့် ရခိုင်ပြည်နယ်အတွင်း ဆန်စျေးတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာပဲ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် ၆၀၀၀၀ ကျော်နဲ့ ဧည့်မထ ဆန်တစ်အိတ်ကို ကျပ် ၄၅၀၀၀ အထိ‌စျေးရှိလာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဟာ မိုးစပါး တစ်မျိုးတည်းသာ စိုက်ပျိုးတဲ့ဒေသဖြစ်ပြီး ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ ဒေသတွင်းစစ်ရေး ပြင်းထန်‌ခဲ့တာ၊ မိုးတွင်းကာလ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တာတွေကို ရင်ဆိုင်ခဲ့ရတာကြောင့် စပါးထွက်နှုန်းကျဆင်းနေတာ နှစ်နှစ်ဆက်တိုက် ရှိလာနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခုနှစ်အတွင်း ဆန်တန်ချိန် ၂ သိန်း တင်ပို့ရောင်းချခွင့် ရရှိထားတဲ့အထဲ ရခိုင်ပြည်နယ်က ထွက်တဲ့ ဆန်တန်ချိန် ၂၅၀၀ ရောင်းချဖို့ ခွဲတမ်းရရှိထားပါတယ်။

ဘင်္ဂလားဒေ့ရှ် တင်ပို့မယ့် အဲဒီဆန်တွေကို ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းကနေ အခုဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် တရုတ်နိုင်ငံကိုလည်း ရခိုင်ပြည်နယ်က ဆန်တွေ အလုံးအရင်းနဲ့ တင်ပို့ရောင်းချနေတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

ရခိုင်မှာ ပြီးခဲ့တဲ့ မိုးရာသီကာလ မုန်တိုင်းကြောင့် လယ်တွေထဲ ဆားငန်ရေ ဝင်ရောက်လို့ အချို့လယ်တွေဟာ ရိတ်သိမ်းချိန်မှာ ရိတ်သိမ်းစရာ မရှိအောင်ကို ပျက်စီးခဲ့တာရှိတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်မှာ ဆန်စျေးတွေ စပါးစျေးတွေကောင်းတယ်လို့ ပြောပေမဲ့ အခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုကြောင့် စက်သုံးဆီ ဓာတ်မြေသြဇာ စတာတွေကို စျေးကြီးပေးစိုက်ပျိုးခဲ့ရသလို ရိတ်သိမ်းချိန်မှာလည်း ကုန်စျေးနှုန်းတွေ တက်နေဆဲဖြစ်တာကြောင့် စိုက်ပျိုးခဲ့တဲ့ လယ်သမားတွေဟာ အမြတ်အစွန်း ပိုပြီးရလာတာမရှိဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ ကောက်သစ်ပေါ်ချိန် ဆန်ဈေးမြင့်တက်နေလို့ လာမယ့်ကာလတွေမှာ ဆန်ဈေး အဆမတန် မြင့်တက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေဘက်က တွက်ဆမှုတွေလည်း ရှိနေပါတယ်။

“ဘင်္ဂလားဒေ့ရှ်ကို စစ်တွေက ဆန်ပို့ခွင့်ရတယ်ဆိုတာ ဆန်ပို့ကုန်လုပ်ငန်းအတွက် အခွင့်အလမ်းတစ်ခုပေါ့ ဒါပေမဲ့ ကုန်ခဲ့တဲ့ ရာသီကလည်း ရခိုင်ကဆန်တွေ တရုတ်ဘက်ပို့ခဲ့တာရှိတော့ လာမယ့် မိုးကာလမှာ ဆန်စျေးတက်ကောင်း တက်လာနိုင်တယ်”လို့ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ကြီးက ပြောပါတယ်။

ဒေသတွင်းမှာ ဆန်ဈေးပြန်မကျလို့ အခက်တွေ့နေပြီး ဝင်ငွေနည်းတဲ့ အခြေခံလူတန်းစားတွေကို တိုက်ရိုက် ထိခိုက်မှုရှိတယ်လို့လည်း စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ဆန်စပါးဈေးမြင့်တက်လာတဲ့အချိန် တောင်သူတွေလက်ထဲမှာ စပါးမရှိတော့တာကြောင့် အားလုံးအခက်အခဲတွေနဲ့ ကြုံလာရနိုင်တယ်လို ပုဏ္ဏားကျွန်းမြို့နယ်က တောင်သူ ဦးမောင်စောရွှေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ -၁၇ ခုနှစ်ပန်ဝန်းကျင်လောက်က ရခိုင်ပြည်နယ်မှာ ပိုလျှံဆန်တန်ချိန် သုံးသိန်းနဲ့ လေးသိန်းကြားရှိခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး အခုနှစ်မှာဆိုရင် တစ်သိန်းခွဲပတ်ဝန်းကျင်လောက်သာ ရှိနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းက မြို့နယ်အများစုတို့မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် တောင်သူတွေ စပါးရိတ်သိမ်းခွင့်မရဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံခဲ့ရပြီး ဆန်စျေးတွေလည်း တချို့နေရာတွေမှာ တစ်အိတ် ကျပ်တစ်သိန်းကျော်အထိ မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ နှစ်ဖက်အပစ်ရပ်ခဲ့ကြပေမယ့် အဲဒီကာလမတိုင်မီကတော့ စပါးရိတ်ဖို့ အခက်အခဲတွေရှိခဲ့တယ်လို့ ရခိုင်ဒေသခံတောင်သူတွေက ပြောပါတယ်။

နိုဝင်ဘလ ကုန်ပိုင်းမှာတော့ ရခိုင်မြောက်ပိုင်းမြို့နယ်မှာ စပါးခင်းတွေပြန်လည်ရိတ်သိမ်းခွင့် ရရှိခဲ့ပါတယ်။

ရခိုင်မှာ လယ်ယာလုပ်သားရှားပါတာကြောင့် အခုအခါစက်နဲ့အများစုရိတ်သိမ်းကြပြီး စက်သုံးဆီစျေးကြီးတဲ့ဒဏ်ကို လယ်သမားတွေရင်ဆိုင်ခဲ့ရပါတယ်။

ရခိုင်တစ်ပြည်နယ်လုံးမှာ လွန်ခဲ့တဲ့နှစ်တွေကဆိုရင် မိုးစပါးစိုက်ပျိုးဧကပေါင်း ၈ သိန်းကျော်ရှိခဲ့ပြီး စပါး တင်းသိန်းပေါင်း ၄၅၀ အထက်ထွက်ရှိခဲ့ပါတယ်။

အခုနှစ်မှာတော့ မိုးခေါင်တာ၊ တိုက်ပွဲဖြစ်တာနဲ့ သွင်းအားစုစရိတ်မြင့်မားတာတွေကြောင့် မိုးစပါး စိုက်ပျိုး မြေဧက လျော့နည်းခဲ့သလို မုန်တိုင်းကြောင့် ဆားငန်ရေဝင်ရောက်ပြီး ပျက်စီးခဲ့ရတာတွေလည်း ရှိနေတဲ့ အတွက် အခုနှစ်စပါးထွက်နှုန်းက သိသိသာသာ ကျဆင်းသွားတာဖြစ်တယ်လို့ တောင်သူလယ်သမားသမဂ္ဂက သုံးသပ်ထားပါတယ်။