လေယာဉ်ပျက်ကျမှုမှာ ဗာဂနာတပ်ဖွဲ့ခေါင်းဆောင် သေဆုံးကြောင်း ရုရှားတရားဝင်အတည်ပြု-သြဂုတ်လ ၂၇ ရက် နောက်ဆုံးရသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ပျက်ကျသွားတဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသေဆုံးသွားသူတွေထဲမှာ ဗာဂနာ ကြေးစားတပ်ဖွဲ့ခေါင်းဆောင် ယက်ဗေနီ ပရီဂိုးရှင်း ပါဝင်ကြောင်း ရုရှား စုံစမ်းစစ်ဆေးသူတွေက အတည်ပြုပြောကြားလိုက်ပါတယ်။
တီဗဲ ဒေသမှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုကိစ္စ စုံစမ်းစစ်ဆေးနေမှုရဲ့ တစ်စိတ်တပိုင်းအရ မော်လီကျူး မျိုးရိုးဗီဇ စစ်ဆေးမှုတွေ အပြီးသတ်သွားပြီ ဖြစ်ပြီး အဲဒီက ရလဒ်တွေအရ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားသူ ၁၀ ဦးစလုံးကို ဘယ်သူဘယ်ဝါတွေလဲ ဆိုတာကို ထုတ်ဖော်သိရှိခဲ့ပြီ ဖြစ်ကြောင် ရုရှားစုံစမ်းစစ်ဆေးရေး ကော်မတီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သေဆုံးသူအားလုံးဟာ လေယာဉ်ခရီးသည် စာရင်းမှာ ဖော်ပြထားတဲ့ သူတွေဖြစ်လို့လည်း ဆိုပါတယ်။
မော်စကိုမြို့နဲ့ စိန့်ပီတာ့စ်ဘာ့ဂ်မြို့အကြားမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီလေယာဉ်ပျက်ကျခဲ့မှုရဲ့ အကြောင်းရင်း အတိအကျကိုတော့ ခုချိန်ထိ အသေအချာ မသိရသေးပါဘူး။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က မစ္စတာ ပရီဂိုးရှင်း ဟာ အရည်အချင်းရှိသူ တစ်ဦးဖြစ်ကြောင်း နဲ့ ကြီးမားတဲ့ အမှားအယွင်းတွေ လုပ်ခဲ့မိသူဖြစ်ကြောင်း ဖော်ညွှန်းထားတဲ့ ဝမ်းနည်းစာကို မစ္စတာ ပရီဂိုးရှင်းရဲ့ မိသားစုထံ ပေးပို့ထားပါတယ်။
ရွေးကောက်ပွဲ မဲမသမာမှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အနိုင်ရ သမ္မတ အမ်နန်ဂါဂွာ ပယ်ချ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဇင်ဘာဘွေနိုင်ငံမှာ ရွေးကောက်ပွဲ အနိုင်ရသူအဖြစ် တရားဝင် ထုတ်ဖော်ကြေညာခံထားရသူ သမ္မတ အမ်မာဆန် အမ်နန်ဂါဂွာက နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေရဲ့ ဝေဖန်ပြောဆိုမှုတွေကို လက်မခံဘဲ ပယ်ချလိုက်ပါတယ်။
ရွေးကောက်ပွဲက တရားမျှတပြီး တည်ငြိမ်အေးချမ်းစွာ ကျင်းပခဲ့တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အာဖရိက တောင်ပိုင်းနိုင်ငံတွေအပါအဝင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့သူတချို့ကတော့ ဒီရွေးကောက်ပွဲဟာ နိုင်ငံတကာ စံချိန် စံညွှန်းတွေ၊ ဇင်ဘာဘွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။
အတိုက်အခံခေါင်းဆောင် နယ်လ်ဆင် ချမ်မီဆာ ကလည်း ဒီရွေးကောက်ပွဲဟာ ဗြောင်ကျကျကြီးကို မဲမသမာတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။
မစ္စတာ အမ်နန်ဂါဂွာက ထောက်ခံမဲ ၅၃ ရာခိုင်နှုန်း နီးပါးနဲ့ မစ္စတာ ချမ်မီဆာက ထောက်ခံမဲ ၄၄ ရာခိုင်နှုန်း ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဖော်ကြေညာခဲ့တာပါ။
အတိုက်အခံပါတီဖြစ်တဲ့ Citizens Coalition For Change ပါတီက မဲရလဒ်ကို တရားရုံးမှာ ကန့်ကွက်စာတင်မယ့်ပုံ ရှိနေပါတယ်။
ဖူကူရှီးမား နျူကလီးယားစက်ရုံက ရေဆိုးတွေမှာ ရေဒီယိုသတ္တိကြွ ဓာတ်အစအန လုံးဝ မတွေ့ရဘူးလို့ ဂျပန်အစိုးရ ထပ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျပန်အစိုးရက ဖူကူရှီးမား နျူကလီးယား စက်ရုံနားတဝိုက်က ပင်လယ်ရေတွေကို သူတို့ကိုယ်တိုင် စစ်ဆေးခဲ့ရာမှာ ရေဒီယိုသတ္တိကြွဓာတ် အစအန လုံးဝ မတွေ့ခဲ့ရဘူးလို့ ပြောပါတယ်။
သောကြာနေ့က အလားတူ စစ်ဆေးမှုတစ်ခုလုပ်ခဲ့တဲ့ အဲဒီစက်ရုံရဲ့ စက်ရုံမှူးကလည်း ဒီတွေ့ရှိချက်ကို အတည်ပြုထားပါတယ်။
ဂျပန်အစိုးရအနေနဲ့ အပတ်စဉ် စမ်းသပ်မှု ရလဒ်တွေကို လာမယ့် ၃ လတာ ထုတ်ပြန်သွားမယ်လို့ ဂျပန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါဟာ ဖူကူရှီးမား နျူကလီးယား စက်ရုံက ရေဆိုးတွေကို သမုဒ္ဒရာထဲ စွန့်ပစ်မှုဟာ အန္တရာယ်မရှိဘူး ဆိုတာကို ဂျပန်ပြည်သူတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေ ယုံကြည်စိတ်ချလာစေဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့က တောင်ကိုရီးယားအစိုးရက ရေဆိုးစွန့်ပစ်မှု လုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာဖို့အတွက် နျူကလီးယား ကျွမ်းကျင်သူတွေကို ဂျပန်နိုင်ငံ ဖူကူရှီးမားစက်ရုံဆီ စေလွှတ်ထားတယ်လို့ ပြောပါတယ်။
သြစတြေးလျမှာ စစ်ရေးလေ့ကျင့်နေတဲ့ လေယာဉ်ပျက်ကျပြီး အမေရိကန်မရိန်းတပ်ဖွဲ့၀င် ၃ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြစတြေးလျနိုင်ငံမှာ အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း လေယာဉ်ပျက်ကျခဲ့ရာမှာ အမေရိကန် မရိန်းတပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
တခြားလူအတော်များများလည်း ဒဏ်ရာရခဲ့ကြပြီး တချို့ကို လေယာဉ်နဲ့ ဆေးရုံတင်ပို့ထားပါတယ်။
လူ ၂၃ ဦးကို တင်ဆောင်လာတဲ့ အဲဒီ Osprey လေယာဉ်ဟာ သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကမ်းရိုးတန်း ဒါဝင်မြို့နားက ကျွန်းတစ်ကျွန်းပေါ် ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် မရိန်းတပ်သားတွေဟာ သြစတြေးလျ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အရှေ့တိမောနိုင်ငံတွေကတပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်လေ့ကျင့်နေကြတာ ဖြစ်ပါတယ်။
ဒေသတွင်းမှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုတွေ ပိုကြီးထွားလာနေတာကို တန်ပြန်ဖို့အတွက် အမေရိကန်က သြစတြေးလျနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေကို လတ်တလောနှစ်ပိုင်းတွေအတွင်း တိုးမြှင့် လုပ်ဆောင်ခဲ့ပါတယ်။








