မျောက်ကျောက်ကူးစက်မှု အမေရိကန်မှာ ကျန်းမာရေးအရေးပေါ် ကြေညာ

မျောက်ကျောက်

ဓာတ်ပုံ ရင်းမြစ်, BETTMANN

မျောက်ကျောက်ကူးစက်မှုတွေ ထိုးတက်လာတဲ့အတွက် အမေရိကန်အစိုးရက အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် ကြေညာလိုက်ပါတယ်။ 

ဒီကြေညာချက်ကြောင့် ကာကွယ်ဆေးဖြန့်ချိရေး၊ ကုသရေးနဲ့ ရောဂါပြန့်ပွားမှု တားဆီးရေးအတွက် ဖက်ဒရယ်အစိုးရ အရင်းအမြစ်တွေကို အရှိန်မြှင့်သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဒါဟာ မျောက်ကျောက်ကူးစက်မှု ကမ္ဘာတစ်ဝန်းမြင့်တက်လာမှုကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အမြင့်ဆုံး ကျန်းမာရေး အရေးပေါ် သတိပေးချက် ထုတ်ပြန်ခဲ့တာ နှစ်ပတ်မပြည့်ခင်မှာ အမေရိကန်မှာလည်း ကြေညာချက်ထွက်လာတာ ဖြစ်ပါတယ်။

ကျန်းမာရေး အာဏာပိုင်တွေရဲ့ စာရင်းတွေအရ အမေရိကန်မှာ ကူးစက်သူ ၆,၆၀၀ ကျော် ရှိနေပါပြီ။ 

အဲဒီထဲက လေးပုံတစ်ပုံဟာ နယူးယောက်ပြည်နယ်မှာ တွေ့ရတာဖြစ်ပြီး အဲဒီမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက ပြည်နယ်အလိုက် အရေးပေါ်အခြေအနေ ကြေညာထားပြီး ဖြစ်ပါတယ်။ 

နောက်ထပ် ကူးစက်မှု အမြင့်ဆုံး ဖြစ်နေတဲ့ ပြည်နယ်နှစ်ခုကတော့ ကယ်လီဖိုးနီးယားနဲ့ အီလီနွိုင်းတို့ ဖြစ်ပြီး အဲဒီ ပြည်နယ်တွေမှာလည်း ဒီသီတင်းပတ်မှာ ပြည်နယ်အလိုက် အရေးပေါ် အခြေအနေ ကြေညာထားကြပြီး ဖြစ်ပါတယ်။

အမေရိကားမှာ မျောက်ကျောက် ကူးစက်သူ ၆၆၀၀ ကျော်ပြီ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အမေရိကားမှာ မျောက်ကျောက် ကူးစက်သူ ၆၆၀၀ ကျော်ပြီ

ကမ္ဘာတစ်ဝန်းမှာ ဒီနှစ်ထဲမှာ မျောက်ကျောက်ကူးစက်မှု ၂၆,၀၀၀ ကျော် အတည်ပြုပြီး ဖြစ်တယ်လို့ အမေရိကန် ရောဂါ ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဒီရောဂါဟာ ဘယ်သူ့ကိုမဆို ကူးစက်နိုင်ပေမဲ့ အမျိုးသားချင်းလိင်ဆက်ဆံသူတွေမှာ ကူးစက်မှု များတာကို တွေ့ရတဲ့အတွက် အရေးပေါ်အခြေအနေ ကြေညာချက်ကြောင့် ဒီရောဂါကို နောက်ထပ်တံဆိပ်ကပ် ခွဲခြားဆက်ဆံမှုတွေ ရှိလာမှာကို ပြည်သူ့ကျန်းမာရေးပညာရှင်တွေက စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဒါပေမဲ့ ဒီရောဂါက လိင်ကတဆင့်ပဲ ကူးစက်တဲ့ ရောဂါမဟုတ်ဘဲ ကူးစက်ခံထားရသူနဲ့ အနီးကပ်ရှိခဲ့သူတွေမှာ ကူးစက်နိုင်ပါတယ်။

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးတွေနဲ့ ကုသဆေးတွေ ပြတ်တောက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ မနေ့ ကြာသပတေးနေ့မှာ ဒီကြေညာချက်ကို ထုတ်ပြန်ခဲ့တာပါ။

 ကျန်းမာရေးနဲ့ ဝန်ဆောင်မှု ဌာနကတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကာကွယ်ဆေး ငါးသန်း ဖြန့်ချိဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

အိမ်ဖြူတော်ကလည်း ဒီသီတင်းပတ် အစောပိုင်းမှာ နိုင်ငံအဆင့် မျောက်ကျောက်ရောဂါ တုံ့ပြန်မှု ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကြီးကြပ်မှု အဖွဲ့တစ်ဖွဲ့ ခန့်ထားခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။